ဇန်နဝါရီ ၂ရက်၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ အရှေ့တောနယ်ဒေသရှိ စစ်ဘေးရှောင်အများစု လက်ရှိ ရာသီအကူးအပြောင်း ကာလ အတွင်း တုပ်ကွေး ဖြစ်ပွားမှု ပိုမိုများပြားလာပြီး ဆေးဝါးလိုအပ် ပထမဦးစားပေး အခြေအနေ ဖြစ်ပေါ်နေသည်ဟု ဒေါနတနင်္သာရီ-စစ်ဘေးရှောင်များ အထောက်အကူပြုရေးအဖွဲ့မှ မြေပြင်တာဝန်ခံတစ်ဦးက ပြောသည်။
အဆိုပါ အရှေ့တောနယ်ဒေသတွင် စစ်ရှောင်နေရသူများအနေဖြင့် နေရာထိုင်ခင်း မလုံလောက်သလို ဒီဇင်ဘာလ မှစ၍ တုပ်ကွေးဖျားနားခြင်းများ ဖြစ်ပေါ်နေပြီး ယခု ဖြစ်ပွားသူဦးရေတိုးလာနေ၍ ဆေးဝါးများ အရေးပေါ်လို အပ် လာခြင်းဖြစ်သည်ဟု ဒေါနတနင်္သာရီ စစ်ရှောင်များ အထောက်အကူပြုရေးအဖွဲ့ မြေပြင်တာဝန်ခံက ယခုလို ပြောသည်။
“ရာသီကူးပြောင်းပြီဆိုတာနဲ့ ပထမခံစားရတာက ကျန်းမာရေးအနေနဲ့ ရာသီတုပ်ကွေးကို အဓိကခံစားရ ပါတယ်။ ရာသီကူးပြောင်းရင် စစ်ရှောင်တွေက အရင်ကထက်ပိုပြီး နာမကျန်းဖြစ်နေတာ များလာတယ်။ ဒီရာသီမှာတောင် ငှက်ဖျားရောဂါဖြစ်နေတဲ့ သူတွေလည်းအများကြီးရှိပါတယ်။ ဒါကြောင့် ဆေးဝါးက ပထမဦးစားပေးပါ” ဟု ၎င်းက ပြောသည်။
အဆိုပါ စစ်ဘေးရှောင်များအတွက် ကျန်းမာရေး ပြုစုစောက်ရှောက်မှုအပြင် အမိုးအကာများ နေရာထိုင်ခင်း လိုအပ်ချက် စသည်တို့ အရေးပေါ်လိုအပ်လျက်ရှိနေပြီး စစ်ဘေးရှောင် ကာလအချိန်ကြာ လာသည်နှင့်အမျှ စားနပ် ရိက္ခာများလည်း ပိုမိုလိုအပ်လာကြောင်း စစ်ရှောင်နေသူများထံမှ သိရသည်။
ထို့အပြင် စစ်ကောင်စီမှ မြန်မာနိုင်ငံတွင် အာဏာသိမ်းပြီးနောက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးရှိ အရှေ့တောနယ် ဒေသသို့ အနွေးထည်သယ်ယူခွင့်များကို ပြီးခဲ့သည့်၂၀၂၃ ခုနှစ်မှစ၍ တားမြစ်ထားသည့်အတွက် ယခုဆောင်းရာသီ ကာလအတွင်း အနွေးထည်လိုအပ်ချက်များလည်း ရှိနေသည်ဟု ၎င်းက ဆက်ပြောသည်။
“စောင်၊ အနွေးထည်နဲ့ခြင်ထောင်တွေပါ အဲ့တာတွေလည်း လိုအပ်ချက်ရှိတယ်။ တချို့အဆင်ပြေနေသေးတဲ့ မိသားစု တွေမှာကျတော့ စောင်တို့ ရှိတယ်ပေါ့နော်။ တစ်ချို့အဆင်မပြေတဲ့ မိသားစုတွေမှာတော့ အနွေးထည် မပြောနဲ့ စောင်တောင် ပါးပါးလေးတွေပဲရှိတဲ့ မိသားစုတွေတွေ အများအပြားလည်းတွေ့မြင်ရပါတယ်” ဟု ၎င်းက ဖြည့်စွက် ပြောသည်။
တနင်္သာရီတိုင်းရှိ သုတေသနအဖွဲ့အစည်း တစ်ခုဖြစ်သည့် FE5 Tanintharyi ၏ အစီရင်ခံစာများအရ စစ်ကောင်စီ စစ်ကြောင်းထိုးခြင်း၊ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် စစ်ရှောင်ဒုက္ခသည် ၆၀,၀၀၀ ကျော် အထိရှိကြောင်း အဆိုပါအဖွဲ့က ပြုစုထားသည့် စာရင်းများအရ သိရသည်။



















