ဇန်နဝါရီ ၂ ရက် ၊ ၂၀၂၅ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်တွင် စစ်ကောင်စီနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ ပြီးခဲ့သည့် ဒီဇင်ဘာ လကုန်ပိုင်းက တိုက်ပွဲများ ဖြစ်ပွားနေပြီး မြို့ပေါ်မှ ကျေးရွာများသို့ ကုန်စည်၊ ရိက္ခာ သယ်ယူခွင့် ကိုစစ်ကောင်စီက တားမြစ်လိုက်သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့ဝင်များက ပြောသည်။
လောင်းလုံးမြို့နယ် ကျောက်နီမော်ကျေးရွာ၌ ပြီးခဲ့သည့် ဒီဇင်ဘာနောက်ဆုံးပတ်အတွင်းက လေးရက် ဆက် တိုက်ဖြစ်ပွားခဲ့ပြီး နောက်ပိုင်းတွင် စစ်ကောင်စီက တပ်ဖွဲ့ဝင်အင်အား ၁၀၀ ဝန်းကျင်ဖြင့် ရေကြောင်း၊ ကုန်း ကြောင်း၊ လေကြောင်းတို့မှ စစ်ကြောင်းထိုးနေသည့်အပြင် ရိက္ခာသယ်ဆောင်ခွင့်ကိုပါ တားမြစ်ထားခြင်းဖြစ်သည်ဟု လောင်းလုံးမြို့နယ်ရှိ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။
“ဒီဇင်ဘာ၂၈ရက်၊ ၂၇ အဲ့ဒီဝန်းကျင်လောက်ကပဲ ဖြစ်မယ်ထင်တယ်။ ဆန်အိတ်ကအစ ဘာမှပေးမသယ် တော့ဘူး။ သယ်လာတာတွေ့ရင် လှည့်ပြန်ခိုင်းတာ၊ မဟုတ်ရင် ဂိတ်ကယူလိုက်တယ်။ စက်သုံးဆီ တွေလည်း ပါတယ်၊ ပေးမသယ်တဲ့ အထဲမှာ” ဟု ၎င်းက ကေအိုင်စီသို့ ဇန်ဝါရီ ၂ ရက်နေ့တွင် ပြောသည်။
ထို့အပြင် တနင်္သာရီတိုင်းအတွင်းရှိ မြို့နယ်အများစုတွင်လည်း နှစ်ဖက်တိုက်ပွဲ ရက်ရှည်ဖြစ်ပွားပြီး စစ်ရေးတင်းမာ နေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယခုလို ရိက္ခာဖြတ်တောက်ခြင်းများကို လုပ်ဆောင်လျက် ရှိသည်ဟု တော်လှန်ရေး တပ်ဖွဲ့ဝင်များက သုံးသပ်ပြောဆိုသည်။
လက်ရှိ လောင်းလုံးမြို့နယ်ရှိ တီဇပ်ကျေးရွာအနီးတွင် စစ်ကောင်စီ ရေတပ်သင်္ဘောများ ကပ်လာ သည့်အတွက် ကျေးရွာရှိ ဒေသခံများ ရွာလုံးကျွတ်ထွက်ပြေး တိမ်းရှောင်နေရသည်ဟု ဒေသခံ အမျိုးသမီးတစ်ဦးက ယခုလို ပြောဆိုသည်။
“ရွာတွေက ပင်လယ်စပ်နဲ့နီးတော့ ဆိပ်ကမ်းကပ်လာတော့ကြောက်ပြီး ပြေးကြတာပေါ့။ တစ်ရွာလုံး နီးပါးပဲ။ အကုန် နီးစပ်ရာတွေကိုပြေးရတယ်။ စစ်တပ်ကအခု အနောက်ဖက်က တောင်တန်းတွေမှာလည်း နေရာယူထား တာ ရှိတယ်” ဟု အမည်မဖော်လိုသူ ဒေသခံ အမျိုးသမီးက ပြောသည်။
အဆိုပါ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ပြီးခဲ့သည့်၂၀၂၄ ခုနှစ်အတွင်း စစ်ရေးလှုပ်ရှားမှုများတွင် ယခင်ကထက် ရေကြောင်းကိုပိုမိုအသုံးပြုလာပြီး စစ်သင်္ဘောများမှ လက်နက်ကြီးပစ်ခတ်မှုများကို ဆက်တိုက် လုပ်ဆောင်လာသည်ဟု ဒေသခံများထံမှ သိရသည်။



















