မျိုးဆက်သစ်တို့ စံထားအပ်သူ ခေါင်းဆောင်တစ်ဦး၏ အိမ်ပြန်ခရီး
စောထူးကပေါ (ဇူလိုင် ၂၈ ရက်၊ ၂၀၂၄ ခုနှစ်)
မူယူမြို့၌ ရက်ဆက်ရွာနေသည့် မိုးက ယနေ့နံနက်ပိုင်းတွင် ခေတ္တရပ်စဲ ပေးထားသည်။ မိုးမရွာသော်လည်း ရာသီဥတုက အုံ့မှိုင်းမှိုင်း။ ပဒိုနော်စီဖိုးရာစိန်၏ နောက်ဆုံးခရီး၊ မြေသို့ အပ်နှံခြင်းအစီအစဥ်ကို ဇူလိုင် ၂၇ ရက်၊ မွန်းလွဲပိုင်းတွင် မူယူရှိ သင်္ချိုင်း၌ ပြုလုပ်မည်ဖြစ်ရာ ကုန်းမြင့်ထက်ရှိ ဈာပနပြုလုပ်မည့်နေရာသို့ ကေအဲန်ယူ ဥက္ကဋ္ဌအပါအဝင် မဟာမိတ်ခေါင်းဆောင်များ၊ အလွှာစုံကရင်တို့အပါအဝင် လူ ၃၀၀ ဦးကျော်ခန့် အသီးသီးကြိုတင်ရောက်ရှိ စောင့်ဆိုင်းနေသည်ကို တွေ့ရသည်။
“ထာဝရအရှင်ဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍၊ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင်၊ လူသည် အသက်ရှင်သော သတ္တဝါဖြစ်လေ၏။”ကမ္ဘာဦး ၂:၇
ခရစ်ယာန်ဘာသာဝင်တို့၏ သမ္မာကျမ်းစာ၊ ကမ္ဘာဦးကျမ်း အခန်းကြီး ၂၊ အခန်းငယ် ၇ တွင် လူ့ခန္ဓာကိုယ်ကို ဘုရား သခင်က မြေမှုန့်ဖြင့် ဖန်ဆင်းပြီး၊ အသက်ဝိဉာဥ်ကိုမူ သီးခြားမှုတ်သွင်းသည့်အကြောင်း ဖော်ပြထားခြင်း ဖြစ်သည်။
ထို့ကြောင့် မြေမှုန့်မှလာသောလူ့ခန္ဓာကိုယ်ကို ကွယ်လွန်သည့်အခါ မြေသို့ပြန်အပ်နှံခြင်း၊ တနည်းဆိုသော် သင်္ဂြိုဟ်ခြင်း ပြုလုပ်သလို အသက်ဝိဥာဥ်ကမူ ဘုရားသခင် အိမ်တော်သို့ ပြန်ဘုန်းတော်ဝင် စားသည်ဟု ခရစ်ယာန်တို့က ယုံကြည်ထားသည်။ ယခုအဖဘုရားသခင်အိမ်တော်၌ ဘုန်းတော်ဝင်စားသွားပြီးဖြစ်သူ ပဒိုနော်စီဖိုးရာစိန်၏ ခန္ဓာကိုယ်ကို မြေသို့အပ်နှံခြင်း အစီအစဥ်ကို မကြာမီ ပြုလုပ်တော့မည်။
မွန်းလွဲ ၁၂ နာရီခွဲ အချိန်ခန့်တွင် ကွယ်လွန်သူအတွက် ဝတ်ပြုဆုတောင်းမှု ပြုလုပ်ခဲ့သည့် မူယူ ကရင်နှစ်ခြင်း ခရစ်ယာန်ဘုရားကျောင်းမှ ဆရာမ၏ ရုပ်ကလပ်ကို ကရင်အမျိုးသားအလံတော်လွှမ်းခြုံကာ သင်္ချိုင်းသို့ ပို့ဆောင်ခဲ့သည်။ မြေအပ်နှံခြင်းဝတ်ပြုအစီအစဉ် စတင်လိုက်သည်နှင့် တပြိုင်နက်လိုလို ငွေမှုံမိုးစက်တို့ ရွာသွန်းဖြိုးလေတော့သည်။
ပဒိုနော်စီဖိုးရာစိန်၏ ဘဝဖြတ်သန်းမှုကို ပြန်ကြည့်လျှင် သူမသည် တော်လှန်ရေးအသိုင်းအဝိုင်း၊ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-ကေအဲန်အယ်လ်အေ စစ်ဦးစီးချုပ်ဟောင်းနှင့် ကေအဲန်ယူ ဥက္ကဋ္ဌဟောင်းဖြစ်ခဲ့သူ ဗိုလ်ချုပ်ကြီး စောတာမလာဘော ၏ သားသမီးတစ်ဦးဖြစ်ကာ တော်လှန်ရေးအသိုင်းအဝိုင်းတွင် ကြီးပြင်းခဲ့သူတစ်ဦးဖြစ်သည်။
ထို့အပြင် သူမသည် ၂၀၀၀ ပြည့်နှစ်မှစ၍ ၂၀၀၈ခုနှစ်အထိ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၌ အထွေထွေ အတွင်းရေးမှူးအဖြစ် အရွေးခံတာဝန်ယူခဲ့ဖူးသည်။ အလားတူ အမျိုးသမီးများအဖွဲ့ချုပ်-မြန်မာနိုင်ငံ(WLB) ဖွဲ့စည်းတည်ထောင်ရာ၌ ပါဝင်ခဲ့သလို သဘာပတိ အဖွဲ့ဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။
ကရင့်တော်လှန်ရေးတွင် ပညာရေး၊ အမျိုးသမီးရေးရာနှင့် နိုင်ငံရေးအခန်းကဏ္ဍများတွင် တာဝန်မျိုးစုံကို ထမ်း ဆောင်ခဲ့သူ ပဒိုနော်စီဖိုးရာစိန်သည် အထွေထွေအတွင်းရေး မှူးချုပ်၊ ထို့နောက် ၁၅ကြိမ်မြောက် ကေအဲန်ယူ ကွန်ဂရက်၌လည်း ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း ရွေးကောက်ခံရကာ ယင်းသည် ကေအဲန်ယူတွင် အမျိုးသမီး တစ်ဦးအနေဖြင့် အမြင့်ဆုံးတာဝန်ထမ်း ဆောင်ခဲ့ခြင်းလည်း ဖြစ်သည်။
ကေအဲန်ယူ၏ ထိပ်ပိုင်းခေါင်းဆောင်တာဝန် တစ်ခုဖြစ်သည့် အထွေထွေအတွင်းရေးမှူးချုပ် တာဝန်ကို ပဒို နော်စီဖိုးရာစိန် ထမ်းဆောင်ချိန်သည် ကေအဲန်ယူအတွက် အလှည့်အပြောင်း ကြုံခဲ့သည့် ကာလဟု ဆိုနိုင်သည်။ ကရင့်တော်လှန်ရေး နှစ် ၇၀ အတွင်း ပထမဦးဆုံးသော အစိုးရနှင့် အပစ်ရပ်စဲရေး စာချုပ်အတွက် ဆွေးနွေးခဲ့သည့်အချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ဖြစ်သည်။
သူမသည် ငြိမ်းချမ်းရေးဆွေးနွေးရာတွင် စစ်မှန်သည့် ငြိမ်းချမ်းရေးဖြစ်ရန်၊ ပြည်သူလူထုတို့ ငြိမ်းချမ်းရေး အမှန် တကယ်ခံစားရရှိစေရန် အမျိုးသားရေးရပ်တည်ချက် ခိုင်မြဲစွာစွဲကိုင်ဆွေးနွေးခဲ့သည့်အတွက် သဘောထားတင်း မာသူအဖြစ် အခြားဖက်က မှတ်ချက်ပြုလေ့ရှိသည်။
“အမှန်အတိုင်း သိတဲ့အတိုင်း ပြောရရင်။ ခံယူချက်၊ ယုံကြည်ချက်အပေါ် ခိုင်ခိုင်မာမာ ရပ်တည်တာနဲ့ သဘော ထား တင်းမာတယ်လို့ လွှဲချော်ဝေဖန်တာကိုက မှားယွင်းနေတာပါ။ တော်လှန်ရေးနယ်မြေတော်လှန်ရေး မိသားစုထဲကနေ ပဋိပက္ခ တိုက်ပွဲတွေကြားမှာ မွေးဖွား ကြီးပြင်းလာသူမို့ ငြိမ်းချမ်းရေးကို ကျန်သူတွေထက် ပိုလိုလားသူလေ။”ဟု ပဒိုနော်စီဖိုးရာစိန်နှင့် အနီးကပ်လက်တွဲ လုပ်ကိုင်ခဲ့သူ ကရင်အမျိုးသမီးအစည်းအရုံး ဗဟိုကော်မတီဝင်တဦးက ကေအိုင်စီသို့ ပြောသည်။

ယခင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အခက်ကြုံသည့်အခါ သူမပြန်ဆွေးနွေးစဉ်၊ ကရင့်တော်လှန်ရေး၏မာန်၊ အမျိုးသား လွတ်မြောက်ရေးတိုက်ပွဲမာန်၊ ပြည်ထောင်စုတည်ဆောက်ရေးအတွက် ထားရှိသည့် မာန်ကိုတွေ့ခဲ့ရသည်ဟု ပအိုဝ်းအမျိူးသားဖက်ဒရယ်ကောင်စီ (PNFC) ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ဈာပနအခမ်းအနားတွင် ပြောသည်။
“ငြိမ်းချမ်းဆွေးနွေးပွဲ အခက်ကြုံနေတဲ့ အချိန်မှာ သူပြောရင်းနဲ့ သူ့အသံဆို့နစ်သွားတယ်။ အဲ့အချိန်မှာ သူမျက်ရည် မကျဘူး။ ပြောရင်းဆို့နစ် သွားတဲ့အချိန်ဟာ စကားလုံးပေါင်းများစွာကို ပြောသွားတာ ဖြစ်တယ်။ ဘက်တဖက်က လူတွေကလည်း အဲ့အချိန်မှာ ဒီတော်လှန်ရေးထဲမှာ ရပ်တည်နေသူတွေကို အတန်အသင့်နားလည် သွားလိ့မ်မယ်” ဟု ခွန်မြင့်ထွန်းက ပြောသည်။
ပဒိုနော်စီဖိုးရာစိန် ကွယ်လွန်သည့်အပေါ် တော်လှန်ရေးအဖွဲ့အစည်းများ၊ ပြည်ပ ကရင်လူ့မှုအဖွဲ့ အစည်း အသီးသီး စုစုပေါင်းအဖွဲ့စုံ ၂၀ ခန့်က ဝမ်းနည်းကြောင်း သဝဏ်လွှာများ ပေးပို့ခဲ့ကြသည်။
ယခုလို ပဒိုနော်စီဖိုးရာစိန်ကွယ်လွန်သွားခြင်းသည် မိသားစုမောင်နှမ၊ ဆွေမျိုး၊ လုပ်ဖော်ကိုင်ဖက်အပြင် အမျိုးသားရေးအတွက် လုပ်ဆောင်ရာတွင် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဖြစ်ရကြောင်း ကေအဲန်ယူ၏ ထုတ်ပြန်ချက် သဝဏ်လွှာထဲတွင် ဖော်ပြထားသည်။
ခေါင်းဆောင်ပိုင်းတာဝန်ထမ်းဆောင်နေရစဉ်ကာလတွင်လည်း အစည်းအရုံး၏ ချမှတ်ထားသည့် လမ်းစဉ်အတိုင်း လေးစားလိုက်နာကာ ဦးဆောင်လုပ်ဆောင်နိုင်သူဖြစ်သည်ဟု ကေအဲန်ယူက ပြောသည်။
ထို့အပြင် စစ်အာဏာရှင် အပြီးတိုင်ချေမှုန်းရှင်းလင်းပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုနိုင်ငံကို အားလုံး အတူတကွ ကြိုးပမ်းတည်ဆောက်နေဆဲကာလတွင် ရပ်တည်ချက်ခိုင်မာပြတ်သားသည့် ခေါင်းဆောင်ကောင်းကို ဆုံးရှုံးရသည်မှာ ဖော်ပြ၍ မရနိုင်သည့် ဆုံးရှုံးမှုတရပ်ဖြစ်ပါသည်ဟု ပလောင်ပြည်နယ်လွတ်မြောက်ရေးတပ်ဦး (PSLF/TNLA)၏ ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် ဖော်ပြထားသည်။
ယခုလို ငြိမ်းချမ်းရေးအတွက်လိုအပ်နေသည့် လက်ရှိအချိန်တွင် ငြိမ်းချမ်းရေးအတွက် စွမ်းစွမ်းတမံ ခေါင်း ဆောင်ခဲ့သူ ပဒိုနော်စီဖိုးရာစိန်ကွယ်လွန်သွားခြင်းသည် ဆုံးရှုံးမှုတစ်ခု ဖြစ်သလို အခြားတဖက်တွင်မူ သူမလို ခေါင်းဆောင်မျိုးဆက်သစ်ကရင်တို့တွင် ထပ်မံပေါ်ပေါက်လာမည်ဟု ယုံကြည်မိကြောင်း ဈာပနအခမ်းအနား တက်ရောက်လာသူ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ-RCSS အကြံပေး ဦးခွန်ဆိုင်းက ပြောသည်။
ပဒိုနော်စီဖိုးရာစိန်၏ ရုပ်ကလပ်ကို မြေသို့အပ်နှံခြင်းအစီအစဉ်ကို မွန်းလွဲတစ်နာရီအချိန်ခန့်တွင် ဝတ်ပြုဆုတောင်း ပြီး မြေသို့ချလိုက်သည်ကို တွေ့ရသည်။ မြေသို့ ချပြီးနောက်၊ တိုက်ဆိုင်စွာပင် အတန်သင့်သည်းနေသည့် မိုးက တိတ်သွားသည်။ ထို့နောက် သူမ၏ နောက်ဆုံးခရီးကိုလိုက်ပါ ပို့ဆောင်သူများက နောက်ဆုံးအကြိမ် ဂါဝရပြု ပြီးနောက် သင်္ချိုင်းအတွင်းမှ အသီးသီး ထွက်ခွာ သွားကြလေသည်။
ယခုချိန်တွင် ပဒိုနော်စီဖိုးရာစိန်သည် သူချစ်မြတ်နိုးသည့် ပြည်သူများကို မပြီးဆုံးသေးသည့် တော်လှန်ရေးတာဝန်၊ အမျိုးသားရေး တာဝန်တို့ကိုလွှဲအပ်ကာ သူမယုံကြည်ကိုးကွယ်ရာ အဖ ဘုရားသခင်၏အိမ်တော်၌ ဘုန်းတော် ဝင်စား လေပြီး။
“အကယ်စင်စစ် အကျွန်ုပ်သည် ကျေးဇူးနှင့် ဂရုဏာကို တသက်လုံးခံစားရ၍၊ ထာဝရဘုရား၏ အိမ်တော်မှာ အစဉ်အမြဲ နေရပါလိမ့်မည်။” ဆာလံ ၂၃း၆
“ဒီကနေ့ မျိုးဆက်သစ်ခေါင်းဆောင်တွေ စံထားသင့်တဲ့ ပဒိုနော်စီဖိုးရာစိန်ရဲ့ တိုင်းပြည်နဲ့ လူမျိုးအပေါ်ထားခဲ့တဲ့ မေတ္တာ၊ ကရင့်တော်လှန်ရေးအပေါ်မှာ ထားခဲ့တဲ့သစ္စာ၊ ကျနော်တို့ ပြည်ထောင်စုအပေါ်မှာ ထားခဲ့တဲ့ စေတနာ၊ အနစ်နာခံပေးဆပ်မှုတွေကို အစဉ်အမြဲ အောက်မေ့ သတိရနေမှာပါ” ဟု (PNFC) ဥက္ကဋ္ဌ ဦးခွန်မြင့်ထွန်းက နှုတ်ဆက်စကား ဆိုသည်။



















