ဇူလိုင်လ ၂၈ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်း၊ မုန်းမြို့ အရှေ့ဘက် ကျေးရွာတချို့တွင် မိုးအဆက်မပြတ် ရွာသွန်း၍ တောင်ကျရေများကြောင့် ကမ်းပါးများ ပြိုပြီး နေအိမ်တစ်ချို့ ပျက်စီးဆုံးရှုံးသွားကြောင်း ဒေသခံများထံမှ သိရသည်။
မြန်မာနိုင်ငံတွင် ယခုရက်ပိုင်းအတွင်း မိုးသည်းထန်စွာ ရွာသွန်းနေပြီး ရေကြီးရေလျှံမှုများ တိုင်းနှင့် ပြည်နယ်အနှံ့ ဖြစ်ပွားလျက်ရှိသည်။ ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့အရှေ့ဘက် ရေအိုးစဉ်၊ မီးတိုင်တော၊ ကျောင်းစု စသည့်ကျေးရွာများတွင် မိုးအဆက်မပြတ် ရွာသွန်းနေကာ တောင်ကျရေများကြောင့် ချောင်းရေကြီးလာပြီး ကမ်းပါးများ ရေတိုက်စား ပြိုကျမှုရှိခဲ့သည်ဟု ဒေသခံအချို့ထံမှ သိရသည်။
“ရေက ဗုဒ္ဓဟူးနေ့ ည ၈ နာရီလောက်က ရွာထဲဝင်လာတယ်။ ချောင်းကမ်းပါးတွေလည်း ပြိုတယ်။ ချောင်းဘေးနဲ့ နီးတဲ့တချို့အိမ်တွေဆို ကမ်းပါးပြိုပြီး ရေနောက်ပါသွားတယ်” ဟု ကျောင်းစုကျေးရွာ ဒေသခံအမျိုးသား တစ်ဦးက ပြောသည်။
မုန်းမြို့အရှေ့ ဘက်ခြမ်း ကျောင်းစုကျေးရွာတွင် အိမ်ခြေ ၂၀၀ ခန့်ရှိပြီး ထိုသို့ကမ်းပြိုကျမှုကြောင့် အိမ်အလုံး ၂၀ ခန့် ပြိုကျကာ ရေထဲပါသွားခဲ့သော်လည်း အသက်အန္တရာယ်ထိခိုက်သူမရှိဟု ဒေသခံများထံမှ သိရသည်။
ထိုကဲ့သို့ ရွာထဲ ရေများဝင်လာမှုကြောင့် ရွာအနိမ့်ပိုင်းဒေသများရှိ ကျေးရွာနေသူများကို စက်လှေများဖြင့် သွားရောက်ခေါ်ဆောင်ခြင်းများပြုလုပ်နေရပြီး ဘေးလွတ်ရာနေရာများသို့ ပြောင်းရွှေ့နေရသည်ဟု ကူညီနေသူများထံမှ သိရသည်။
ကျေးရွာတွင်း ကူညီနေသူ ဒေသခံတစ်ဦးက “ရွာထဲ တချို့နေရာတွေဆို စက်လှေနဲ့ လူကို သွားခေါ်ရတယ်။ ပြီးတော့ ဘုန်းကြီးကျောင်းတွေ၊ ရေလွတ်တဲ့ နေရာတွေမှာ သွားနေကြတယ်။ အနီးနားက ရေလွတ်တဲ့ ကျေးရွာတွေမှာ နေဖို့ စားဖို့ စီစဉ်ရတယ်” ဟု ပြောသည်။
ယခုလက်ရှိအချိန်တွင် ရေဘေးသင့်ပြည်သူများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနိုင်ခဲ့သော်လည်း ၎င်းတို့ စားသောက်ရန်အတွက် အကူအညီများ လိုအပ်နေသည်ဟု ကျေးရွာအတွင်းရှိ ကူညီသူများထံမှ သိရပါသည်။
“အဓိကက သောက်ဖို့ ရေလိုတယ်။ အစားအသောက်တွေလည်း လိုအပ်နေတယ်။ အဝတ် အစား တွေလည်း လိုအပ်နေတယ်။ နေဖို့ ထိုင်ဖို့အတွက်လည်း အကူအညီတွေ လိုအပ်နေတယ်။ ကျန်းမာရေးအတွက် ဆေးဝါးတွေလည်း လိုအပ်နေတယ်”ဟု လတ်တလော ကူညီနေသူ ဒေသခံအမျိုးသားက ပြောသည်။
မုန်းမြို့ နှင့် အနီးနားကျေးရွာများသည် နိုင်ငံရေး ပဋိပက္ခစစ်ပွဲများကြောင့် အသက်ဘေးနှင့် တွေ့ကြုံခံစားနေရပြီး ယခုအခါတွင်လည်း ရေကြီးမှု သဘာဝဘေးကြောင့် ပို၍ အခက်အခဲများနှင့် ရင်ဆိုင်နေကြရခြင်းဖြစ်သည်။



















