Home သတင်း တောင်ပိုင်းဒေသတွင် တစ်လအတွင်း အရပ်သား (၁၃) ဦး သေဆုံးပြီး စစ်ရှောင် (၄,၀၀၀) ကျော်ရှိခဲ့

တောင်ပိုင်းဒေသတွင် တစ်လအတွင်း အရပ်သား (၁၃) ဦး သေဆုံးပြီး စစ်ရှောင် (၄,၀၀၀) ကျော်ရှိခဲ့

12
Photo: KHRG (ပုံဟောင်း)

နိုဝင်ဘာ (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ကရင်နှင့် မွန်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံ တောင်ပိုင်းဒေသရှိ မြို့နယ်(၁၄)ခုတွင် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်အုပ်စု၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် အရပ်သား (၁၃) ဦး သေဆုံးပြီး (၄,၃၀၀) ထက်မနည်း စစ်ဘေးရှောင်ခဲ့ရကြောင်း ရာမညအင်စတီကျု လူထုအခြေပြု နိုင်ငံရေးသုတေသနဌာ (RICE) က ယမန်နေ့၊ နိုဝင်ဘာ(၂)ရက်တွင် ထုတ်ပြန်သည်။

RICE ၏ အောက်တိုဘာ တစ်လအတွင်း စစ်ရေးပဋိပက္ခဆိုင်ရာ ထုတ်ပြန်ချက်အရ စစ်အုပ်စုက လက်နက်ကြီးဖြင့် (၁၉) ကြိမ်၊ ဒရုန်းဖြင့် (၁၁) ကြိမ်၊ လေယာဥ်ဖြင့် (၆) ကြိမ် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး မြေမြှုပ်မိုင်းပေါက်ကွဲမှုနှင့် တိုက်ပွဲဖြစ်စဥ်များလည်း ဖြစ်ပွားခဲ့သည်။

ယင်းကြောင့် ဘီးလင်းမြို့နယ်တွင် သေဆုံးသူ အရပ်သား (၅) ဦး၊ ကျိုက်ထိုတွင် (၄) ဦး၊ ကြာအင်းဆိပ်ကြီးတွင် (၃) ဦးနှင့် မုဒုံတွင် (၁) ဦး ရှိခဲ့ပြီး ထိုအထဲတွင် ကလေးငယ် (၂) ဦး ပါဝင်သည်။

ထို့အပြင် လုံခြုံရေး စိုးရိမ်မှုများကြောင့် ကြာအင်းဆိပ်ကြီးတွင် စစ်ဘေးရှောင် (၃,၀၀၀) ဦး၊ ကျိုက်ထိုတွင် (၈၀၀) ဦးနှင့် ဘီးလင်းတွင် (၅၀၀) ဦး စုစုပေါင်း (၄,၃၀၀)ထက်မနည်း စစ်ဘေးရှောင်နေရသည်ဟု RICE ၏ ထုတ်ပြန်ချက်က ဖော်ပြသည်။

အဆိုပါဒေသများသည် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အုပ်ချုပ်ရာနယ်မြေအတွင်းတွင်လည်း ပါဝင်နေပြီး နယ်မြေအတွင်းစစ်ဘေးရှောင်အခြေအနေကို သီးသန့်မှတ်တမ်းတင်နေသည့် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN ၏ စာရင်းအရ ပဋိပက္ခကြောင့် ယခင်နှစ်များကထက် စစ်ရှောင်ဦးရေမှာ ထပ်မံမြင့်တက်လာကြောင်း သိရသည်။

“စစ်ဘေးရှောင်တွေများလာတယ်။ လူသားချင်းစာနာထောက်ထားမှုနဲ့ ထောက်ပံ့ရေးကလည်း စစ်အုပ်စုရဲ့ ကြားကဖြတ်တောက်မှုအပြင် စစ်ရေးအသုံးစရိတ်အတွက် ပြန်လည်အသုံးပြုမှုကြောင့် စစ်ရှောင်အပါအဝင် လူထုတွေဆီ ရာနှုန်းပြည့်မရောက်နိုင်တဲ့အတွက် စိုးရိမ်စရာရှိနေပါတယ်” ဟု KPSN ၏ ပြောရေးဆိုခွင့်ရှိသူ စောအယ်ဒိုဝါးက ပြောသည်။

RICE ၏ ထုတ်ပြန်ချက်အရ စစ်အုပ်စု၏ စစ်မှုထမ်းစေခိုင်းရန် အပါအဝင် အရပ်သား (၁၆) ဦး မတရား ဖမ်းဆီးခံခဲ့ရခြင်းရှိပြီး အထူးသဖြင့် ကျိုက်မရောနှင့် သထုံမြို့နယ်တို့တွင် အများဆုံးအဖမ်းခံရကြောင်း သိရသည်။

ပြီးခဲ့သည့် စက်တင်ဘာလကလည်း အဆိုပါ ဒေသများတွင် စစ်အုပ်စု၏ လေကြောင်း၊ လက်နက်ကြီး တိုက်ခိုက်မှုများကြောင့် အရပ်သား ထိခိုက်သေဆုံးမှုများ ရှိခဲ့သလို အောက်တိုဘာလ၏စစ်ဘေးရှောင် အရေအတွက်မှာ လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ကြောင်းထိုးဝင်ရောက်မှုများကြောင့် ယခင်ကထက် ပိုမိုမြင့်တက်လာသည်ဟု RICE က ဖော်ပြသည်။