Home သတင်း အထောက်အထားမရှိသူ ဒုက္ခသည်များ အပြင်ထွက်အလုပ်လုပ်ပါက စခန်းတာဝန်ရှိသူများနှင့် တိုင်ပင်ရန် KRC သတိပေး

အထောက်အထားမရှိသူ ဒုက္ခသည်များ အပြင်ထွက်အလုပ်လုပ်ပါက စခန်းတာဝန်ရှိသူများနှင့် တိုင်ပင်ရန် KRC သတိပေး

11

နိုဝင်ဘာ (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်းများထဲတွင် နေထိုင်ပြီး အထောက်အထားမရှိသေးသူများအနေဖြင့် မဖြစ်မနေ စခန်းပြင်ပထွက် အလုပ်ထွက်လုပ်ပါက သက်ဆိုင်ရာ စခန်းတာဝန်ရှိသူများနှင့် တိုင်ပင်ညှိနှိုင်းပြီးမှသွားရန် ကရင်ဒုက္ခသည်များကော်မတီ-KRC အတွင်းရေးမှူး စောပွယ်စေးက သတိပေးပြောဆိုသည်။

ဒုက္ခသည်စခန်းတွင်နေထိုင်သော်လည်း လူဟောင်းစာရင်းထဲမရှိသေးသည့် စားဝတ်နေရေးအခက်အခဲရှိသူ ဒုက္ခသည်လူသစ်အချို့ ရိက္ခာမရသည့်ကာလအတွင်း မဖြစ်မနေ စခန်းပြင်ပထွက်အလုပ်လုပ်ရာတွင် ဖမ်းဆီးခံရနိုင်ချေရှိသဖြင့် သက်ဆိုင်ရာစခန်းတာဝန်ရှိသူနှင့် တိုင်ပင်ပြီးမှ အလုပ်ထွက်လုပ်သင့်ကြောင်း KRC က သတိပေးထားခြင်းဖြစ်သည်။

“ထိုင်းအာဏာပိုင်တွေဘက်က အထောက်အထားမရှိရင်ဖမ်းမှာပဲ။ တကယ်ပဲ အလုပ်ထွက်လုပ်ဖို့ လိုအပ်မယ်ဆိုရင် စခန်းနဲ့သေချာတိုင်ပင်။ စခန်းကနေ ကျနော်တို့ကိုတစ်ဆင့်ပြန်တိုင်ပင်ပေးမယ်။ ကျနော်တို့လည်း ကြိုးစားလုပ်ပေးရမယ့်တာဝန်ရှိတယ်” ဟု စောပွယ်စေးက ပြောသည်။

လက်ရှိတွင် စခန်းပြင်ပသို့ တရားဝင်အလုပ်ထွက်လုပ်ခွင့်ရသူများသည် ထိုင်း ပြည်ထဲရေးဝန်ကြီးဌာနမှ အသိအမှတ်ပြုထုတ်ထားပေးသည့် ဂဏန်း ၁၃ လုံးပါ အထောက်အထားရှိသူများသာဖြစ်၍ ထို အထောက်အထားမရှိသူများမှာ တရားဝင်အလုပ်ထွက်လုပ်ခွင့် မရရှိသေးပေ။

ထို့ကြောင့် အထောက်အထားမရှိဘဲ အလုပ်ထွက်လုပ်ချိန်တွင် ဖမ်းဆီးခံရမှု အချို့ရှိလာပြီး မြန်မာပြည်ဘက်သို့ပြန်ပို့ခံရရာမှ စစ်အုပ်စု၏ စစ်မှုထမ်းဖမ်းဆီးခေါ်ဆောင်ခံရခြင်းကြောင့် သတိပေးရကြောင်းလည်း စောပွယ်စေးက ဖြည့်စွက်ပြောသည်။

ယင်းအပြင် စားနပ်ရိက္ခာဖြတ်တောက်ခံရသည့်အချိန် ဒုက္ခသည်စခန်းထဲ၌ အလုပ်မရှိသူများအတွက် ပိုမိုအခက်တွေ့လာ၍ စခန်းပြင်ပထွက် အလုပ်လုပ်ခွင့် ရလိုကြောင်း အုန်းဖြန်ဒုက္ခသည်စခန်းတွင်နေထိုင်သည့် အမျိုးသမီးတစ်ဦးက ဆိုသည်။

၎င်းက “ကျမမှာ ကလေးတစ်ယောက်နဲ့ ညီမတစ်ယောက်ကို ကျွေးမွေးရတယ်။ တစ်လမှဝင်ငွေ ဘတ် ၁ ထောင်ပဲရှိတော့ သုံးလို့မလောက်တော့ မိသားစုအခက်တွေ့ရတယ်။ ရိက္ခာပေးတာလိုချင်တယ်။ သူများတွေ အပြင်ထွက်အလုပ်လုပ်ခွင့်ရသလို ကျမတို့လည်းလိုချင်ပါတယ်” ဟု ကေအိုင်စီကို ပြောသည်။

နိုင်ငံတကာအလှူရှင်များ ရန်ပုံငွေကျဆင်းမှုကြောင့် ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း(၉)ခုတွင် နေထိုင်သည့် အိမ်ထောင်စု (၈၃) ရာခိုင်နှုန်းခန့်မှာ ၂၀၂၅ ခုနှစ်ကစပြီး အခြေခံစားနပ်ရိက္ခာ လုံးဝဖြတ်တောက်ခံထားရသည်။ သို့ရာတွင် အထူးလိုအပ်ချက်ရှိသည့် ကျန်အိမ်ထောင်စု (၁၇) ရာခိုင်နှုန်းကျော်ကို ဆက်လက်ထောက်ပံ့မှုပေးနေကြောင်း TBC (The Border Consortium ) ၏ ထုတ်ပြန်ချက်အရ သိရသည်။