Home သတင်း စစ်အုပ်စုက သတိပေးစာပို့သော်လည်း ထိုင်းနှင့် ဆက်ဆံရေးမပြောင်းလဲဟု ကေအဲန်ယူပြော

စစ်အုပ်စုက သတိပေးစာပို့သော်လည်း ထိုင်းနှင့် ဆက်ဆံရေးမပြောင်းလဲဟု ကေအဲန်ယူပြော

13
Photo crd: Thai News (မူတြော်ခရိုင်တွင် ဩဂုတ်လအတွင်း ကေအဲန်ယူနှင့် ထိုင်းအာဏာပိုင်များ ပူးပေါင်းပြီး တရားမဝင်သစ်ခိုးထုတ်မှုအပေါ် စစ်ဆေးဖမ်းဆီးမှု လုပ်ဆောင်ခဲ့စဥ်)

နိုဝင်ဘာ (၃) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မြန်မာစစ်အုပ်စုက ထိုင်းနိုင်ငံအနေဖြင့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးနှင့် ကုန်သွယ်ရေးအပါအဝင် မည်သို့သောဆက်ဆံမှုမျှမပြုလုပ်ရန် သတိပေးစာတစ်စောင် ပို့ခဲ့သော်လည်း ထိုင်းနှင့် ကေအဲန်ယူအကြား ဆက်ဆံရေး ပြောင်းလဲခြင်းမရှိဟု အဖွဲ့အစည်း၏ပြောရေးဆိုခွင့်ရှိသူ ပဒိုစောကလယ်စေးက ပြောဆိုသည်။

ကေအဲန်ယူထိန်းချုပ်နယ်မြေ၊ တပ်မဟာ(၅)၊ မူတြော်ခရိုင်နယ်စပ်၊ သော်လဲ ထနေရာတွင် ထိုင်းနှင့်ကုန်သွယ်ရေးဆောင်ရွက်ရန် ရုံးဖွင့်လှစ်သည့်အပေါ် အခြေခံကာ ထိုင်းနှင့်ကေအဲန်ယူအကြား စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး မည်သည့်ဆက်ဆံရေးမှ မပြုလုပ်ရန် စစ်အုပ်စုက ပြီးခဲ့သည့် ဩဂုတ်လ (၃၁)ရက်စွဲဖြင့် ထိုင်း-မြန်မာနယ်ခြားစောင့်ကော်မတီသို့ သတိပေးစာ ပေးပို့ခဲ့ခြင်းဖြစ်သည်။

ကေအဲန်ယူ၏အမြင်အရ စာပါအကြောင်းအရာများမှာ ထိုင်းနိုင်ငံကို အမိန့်ပေးခြိမ်း ခြောက်လိုသည့် သဘောကိုဆောင်နေသော်လည်း ယင်းကြောင့် ကေအဲန်ယူနှင့်ထိုင်း၏ဆက်ဆံရေးမှာ မည်သည့်အပြောင်းအလဲမျှ မရှိဟု အဖွဲ့အစည်းပြောခွင့်ရ ပဒိုစောကလယ်စေးက နိုဝင်ဘာ(၂)ရက်နေ့က ကေအိုင်စီနှင့် သီးသန့်အင်တာဗျူးတွင် ဖြေကြားသည်။

“ကျနော်တို့ ကေအဲန်ယူနဲ့ ထိုင်းအစိုးရကြား ဆက်ဆံရေးက ဘယ်လို အပြောင်းအ လဲမှမရှိဘူး။ ကျနော်တို့က (ကေအဲန်ယူနှင့်ထိုင်း) နီးနီးကပ်ကပ်နေပြီး အချင်းချင်း အသိပေးကြတယ်၊ အပြန်အလှန် လေးစားမှုရှိကြတယ်။ မြေပြင်အခြေ အနေမှာလည်း စစ်အုပ်စုက ဒီနေရာနဲ့ ဝေးတဲ့နေရာမှာရှိနေတာပါ။ သူတို့ဘယ် လိုပဲပြောပြော ထူးခြားချက် သိပ်မရှိဘူးလို့ ပြောလို့ရပါတယ်” ဟု ပဒိုစောကလယ်စေးက ပြောသည်။

စစ်အုပ်စုသည် ၎င်းတို့သတိပေးစာထဲတွင်ပါသည့်အတိုင်း ပြီးခဲ့သည့် အောက်တိုဘာ(၃၁)ရက်နေ့က သော်လဲထနေရာသို့ လေယာဥ်ဗုံးကြဲတိုက်ခိုက်မှု လုပ်ဆောင်ခဲ့သည်။ ထိုတိုက်ခိုက်မှုကြောင့် သံလွင်မြစ်တဖက်ကမ်း ထိုင်းနိုင်ငံ၊ မယ့်စရီးယန်းမြို့နယ်၊ မယ့်စန်လက်ရွာအထိ ပေါက်ကွဲအားပြင်းထန် သက်ရောက်မှုရှိ၍ ဒေသခံ(၁)ဦးဒဏ်ရာရပြီး အဆောက်အအုံများ ပျက်စီးခဲ့သည်။

Photo crd: Thai News (မူတြော်ခရိုင်တွင် ဩဂုတ်လအတွင်း ကေအဲန်ယူနှင့် ထိုင်းအာဏာပိုင်များ ပူးပေါင်းပြီး တရားမဝင်သစ်ခိုးထုတ်မှုအပေါ် စစ်ဆေးဖမ်းဆီးမှု လုပ်ဆောင်ခဲ့စဥ်)

လေယာဥ်ဗုံးကျသည့်အခြေအနေကြောင့် ထိုင်းအာ ဏာပိုင်အချို့နှင့်တွေ့ဆုံစည်းဝေးအပြီး နှစ်ဖက်မြစ်ကူးဂိတ်ကို ယာယီပိတ်ခဲ့ရသော်လည်း လက်ရှိတွင် ပုံမှန်အတိုင်း ပြန်လည်လုပ် ဆောင်နေကြောင်း ကေအဲန်ယူ မူတြော်ခရိုင်၏ နယ်စပ်ရေးရာကော်မတီဘက်က ဆိုသည်။

ယင်းမတိုင်ခင်က ထိုင်းနိုင်ငံ၊ မယ်ဟောင်ဆောင်နယ်စပ်မှ မူတြော်ခရိုင်ထဲသို့ အခြေခံအိမ်သုံးပစ္စည်းများ အပါအဝင် ကုန်စည်စီးဆင်းမှုကို ဩဂုတ် (၂၅)ရက်နေ့မှစ၍ ထိုင်းဘက်က ကန့်သတ်ခဲ့ခြင်းရှိရာ နယ်မြေထဲ ကုန်စည်ရှားပါးမှုနှင့် ကုန်ဈေးနှုန်းမြင့်တက်မှုများ ဖြစ်ပွားနေကြောင်း ဒေသခံများထံမှ သိရသည်။

ပဒိုစောကလယ်စေးကမူ “လုံးဝ ကန့်သတ်ထားတာတော့မဟုတ်ဘူး။ ကန့်သတ် တာက ကုန်စည်အရေအတွက်နဲ့ ကုန်စီးဆင်းမှုပုံစံအပေါ်မှာပဲ။ အဲဒါကြောင့် ဒါက ပြည်သူတွေလုပ်ကိုင်စားသောက်ဖို့နဲ့ ကုန်စည်သယ်ဆောင်ရေး အပေါ်မှာတော့ အခက်အခဲအနည်းငယ် ဖြစ်စေလိမ့်မယ်” ဟု ပြောသည်။

ထို့အတူ မြဝတီတောင်ပိုင်း နယ်စပ်တွင်လည်း စစ်အုပ်စုနှင့် တော်လှန်ရေးတပ်ဖွဲ့များ လက်နက်ကိုင်ပဋိပက္ခမှ ထိုင်းဘက် လက်နက်ကျည်ကျော်ရောက်မှုများ မကြာခဏ ရှိခဲ့အပြီး သောင်ရင်းမြစ်ကူးဂိတ် အချို့ကို လာမည့် နိုဝင်ဘာ (၅)ရက်အထိ ထိုင်းအာဏာပိုင်များက ပိတ်ထားသည်။

Photo crd: Thai News (မူတြော်ခရိုင်တွင် ဩဂုတ်လအတွင်း ကေအဲန်ယူနှင့် ထိုင်းအာဏာပိုင်များ ပူးပေါင်းပြီး တရားမဝင်သစ်ခိုးထုတ်မှုအပေါ် စစ်ဆေးဖမ်းဆီးမှု လုပ်ဆောင်ခဲ့စဥ်)

အဆိုပါ ပိတ်ဆို့မှုအပေါ် နယ်စပ်အခြေအနေကိုထိန်းချုပ်ရန်နှင့် ဒေသခံများ၏ လုံခြုံရေးအန္တရာယ်ကို လျှော့ချရန် ရည်ရွယ်ကြောင်း ယမန်နေ့၊ နိုဝင်ဘာ(၂) ရက်နေ့က ထိုင်းအစိုးရမှ ထိုင်းမီဒီယာများထံ ဖြေကြားချက်အရ သိရသည်။

စစ်အုပ်စုဘက်က ကေအဲန်ယူနှင့်မဆက်ဆံရန် သတိပေးစာပို့သည့် ကိစ္စနှင့်ပတ်သက်၍ ထိုင်းအစိုးရ၏ တိုက်ရိုက်တုံ့ပြန်မှု တစ်စုံတစ်ရာ မတွေ့ရသေးပါ။ သို့သော် ထိုင်းနယ်စပ်ကုန်သွယ်ရေးနှင့်ပတ်သက်၍ အမိန့်ညွှန်ကြားပိုင်ခွင့် စစ်အုပ်စုထံမရှိဟု ပြည်သူ့ပါတီမှ ထိုင်းလွှတ်တော် အမတ်တစ်ဦး၏ ပြောဆိုချက်အပေါ် ထိုင်းမီဒီယာများက ဖော်ပြသည်။

“ထိုင်းပြည်သူတွေ ဘယ်သူနဲ့ ဆက်သွယ်မယ်၊ ဘယ်သူနဲ့ ကုန်သွယ်မယ်ဆိုတာကို မြန်မာစစ်အုပ်စုက ဝင်ရောက်သတ်မှတ်ဖို့ ဘာအခွင့်အရေးရှိသလဲ။ နယ်စပ် ကုန်သွယ်ရေးအားလုံးဟာ ထိုင်းဥပဒေနဲ့ သက်ဆိုင်ရာဥပဒေတွေရဲ့ ဘောင်အ တွင်းမှာ ရှိရမှာဖြစ်ပြီး မြန်မာစစ်အုပ်စုကို ထိုင်းပြည်သူတွေအပေါ် အမိန့်ပေး ခြိမ်းခြောက်ခွင့် ပြုထားလို့ မရပါဘူး” ဟု လွှတ်တော်အမတ် ဆဟာဆာဝပ် ခွန်ခုမ် (Sahasawat Khumkhong) က ပြောသည်။

ထို့အတူ ထိုင်းအစိုးရအဖွဲ့အပါအဝင် ထိုင်းတော်ဝင်တပ်မတော် အကြီးအကဲတို့သည် မြန်မာဘက်က တိုက်ပွဲကြောင့် ထိုင်းလူထုထိခိုက်နစ်နာမှု မဖြစ်ရေး မြန်မာ စစ်အုပ်စုသို့ အသိပေးတိုက်တွန်းခြင်းနှင့် ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် စစ်ရေးလှုပ်ရှားမှုများကို သတိထားဆောင်ရွက်ရန် ယမန်နေ့ နိုဝင်ဘာ (၂)ရက်က မြန်မာစစ်သံမှူးကို ဘန်ကောက်မြို့တွင် ခေါ်ယူသတိပေးသည်အထိ လုပ်ဆောင်ခဲ့သည်။