Home သတင်း လမ်းခရီးအစစ်အဆေးများကြားမှ ဖားအံသို့ လာရောက်လည်ပတ်သူ များပြား

လမ်းခရီးအစစ်အဆေးများကြားမှ ဖားအံသို့ လာရောက်လည်ပတ်သူ များပြား

960
Photo: Hpaan Thu (ပုံဟောင်း)

ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ယခုလို မိုးတွင်းရာသီကာလတွင်ပင် ကရင်ပြည်နယ်၊ ဖားအံမြို့နှင့် အနီးအနားဝန်းကျင်ရှိ လည်ပတ်စရာ နေရာ များသို့ လမ်းခရီး အစစ်အဆေးများသည့်ကြားမှ လာရောက်လည်ပတ်သူ များပြားနေသည်ဟု ဒေသတွင်း ခရီးသွားဝန်ဆောင်မှု လုပ်ကိုင်သူများထံမှ သိရသည်။

ယခု ဇူလိုင်လပိုင်းမှ စတင်၍ ဖားအံမြို့တွင်းရှိ တောတောင်ရေမြေများဆီ အခြားအရပ်ဒေသမှ ဧည့်သည်များ လာရောက်လည်ပတ်မှုက ယခင်နှစ်ထက် ပိုများလာသည်ဟု မြို့တွင်း ဧည့်လမ်းညွှန်အချို့ကလည်း ဆိုသည်။

“အခုနှစ် မိုးရာသီက ဖားအံက Top (ထိပ်ဆုံး) ဖြစ်သွားပါတယ်။ ၇ လပိုင်းက စပြီး တိုးလာတယ်။ ဒီနှစ်က နှစ်ဆလောက် များလာတယ်။ တောင်ခြေက ဟိုတယ်တွေမှာ အေးဆေးအနားယူတာမျိုး လှေစီးရင်း စိတ် အပန်းဖြေတာမျိုး ရေပြာအိုင်မှာ ရေကူးတာမျိုးတွေ လုပ်ကြပါတယ်။ အပန်းဖြေဖို့ လာကြတာ များပါတယ် ” ဟု ဘားအံ ဧည့်လမ်းညွှန် အမျိုးသားတစ်ဦးက ပြောသည်။

တခြားပြည်နယ်၊ တိုင်းများမှ လာရောက်လည်ပတ်ကြသူများအနေဖြင့် လမ်းခရီးအစစ်အဆေးကြောင့် အခက်အခဲများ ရှိသော်လည်း စိတ်မွန်းကြပ်မှုကို ပြေပျောက်စေရန် သွားရောက် လည်ပတ်ကြခြင်း ဖြစ်သည်ဟု ခရီးသွားတချို့က ပြောဆိုသည်။

ရန်ကုန်မြို့မှ သွားရောက်လည်ပတ်သူ ခရီးသွားအမျိုးသမီးတစ်ဦးက “ သံလွင်တံတားမှာ မှတ်ပုံတင်တွေ စစ်တယ်။ စစ်တာ ကြာတယ်ဆိုလို့ အသွားတုန်းက စစ်ဆေးရေးဂိတ် မရောက်ခင်နားက ရွာကို ဆင်းပြီး စက်လှေနဲ့တဆင့် သံလွင်မြစ်ကို ကူးလိုက်တယ်။ အပြန်ကတော့ ဂိတ်ဖြတ်ပြန်တယ်။ စစ်ဆေးတဲ့ အခန်းကြီးထဲ စစ်ခံရတော့ ရင်တုန်တာပေါ့။ အထွေအထူး မပါခဲ့ရင် ကြောက်စရာ မရှိပါဘူး။ ဒီအချိန် ဖားအံက နေရာတိုင်း အရမ်းလှတယ်” ဟု ပြောသည်။

ဖားအံတွင် ခရီးသွား အများဆုံးဝင်ရောက်ခဲ့သည့် နေရာများမှာ ကော့ကသောင်ဂူ၊ ကော့ခမိတ်တံတား၊ လွန်း ညရေပြာအိုင်၊ ဆဒ္ဒန်လှိုဏ်ဂူ၊ ထွန့်ပတိုင်ရေကန်၊ နောင်လုံတောင်ကြားလမ်း၊ ဖိုးတခေတ်စေတီ၊ ဇွဲကပင် တောင်ခြေ (လုမ္ပနီဥယျာဉ်)၊ ကျောက်ကလပ်စေတီ၊ တောင်ဝိုင်းတောင်၊ ကော့ဂွန်းဂူ၊ ရသေ့ပျံဂူ၊ အာလဝံအင်းနှင့် စပါးဂူ အစရှိသော နေရာများ ဖြစ်သည်ဟု ဒေသခံဧည့်လမ်းညွှန်ထံမှ သိရသည်။

ထို့အပြင် လာရောက်လည်ပတ်သူအများစုသည် လူငယ်ပိုင်း အသက်အရွယ်များ ဖြစ်ကြပြီး အများအားဖြင့် ရက်တို ခရီးစဥ်နှင့် လာရောက်လည်ပတ်ကြခြင်းဖြစ်သည်။ ထို့ကြောင့် ဟိုတယ်အခန်း ကြိုတင်မှာယူမှုများလည်း ပြည့်သည်အထိ ရှိခဲ့ကြောင်း မြို့တွင်းရှိ ဟိုတယ်ဝန်ထမ်းလုပ်ကိုင်သူတစ်ဦးက ပြောဆိုသည်။

လမ်းခရီးတွင်တော့ စစ်ဆေးရေးဂိတ်များတွင် ကားများ မကြာခဏရပ်ရပြီး မြို့အဝင်ဂိတ်တွင် ထောက်ခံစာ တောင်းခြင်း၊ မှတ်ပုံတင်စစ်ဆေးခြင်း၊ ဖုန်းစစ်ဆေးခြင်းများ လုပ်ဆောင်သောကြောင့် နယ်ဝေးမှ လာရောက်လည်ပတ်သူများအတွက် အချိန်ကြန့်ကြာပြီး လမ်းခရီးတွင် စိုးရိမ်စိတ်ဖြင့် သွားလာနေရသည်ဟု ခရီးသွားတချို့က ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်က ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကရင်လေးဆိပ်တံတား မိုင်းပေါက် ကွဲမှုကြောင့် ပြိုကျပျက်စီးသွားသည့်အတွက် ထိုရက်များအတွင်း စိုးရိမ်မှုကြောင့် ဖားအံသို့ လာရောက်ရန် ခရီးစဥ်ဖျက်သိမ်းမှုတချို့ ရှိခဲ့ကြောင်းလည်း လူမှုကွန်ယက်စာမျက်နှာမှတဆင့် သိရသည်။