Home သတင်း မုန်းမြို့အနီး ကျေးရွာများတွင် စစ်ရေးပဋိပက္ခနှင့် လမ်းပန်းဆက်သွယ်ရေးကြောင့် လယ်စိုက်ရန် အခက်ကြုံနေ

မုန်းမြို့အနီး ကျေးရွာများတွင် စစ်ရေးပဋိပက္ခနှင့် လမ်းပန်းဆက်သွယ်ရေးကြောင့် လယ်စိုက်ရန် အခက်ကြုံနေ

620
Photo- KIC

ဇူလိုင်လ ၂၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ မုန်းမြို့အနီး ကျေးရွာများတွင် စစ်ရေးပဋိပက္ခနှင့် လမ်းပန်းဆက်သွယ်ရေး အခက်အခဲတို့ ကြောင့် လယ်ယာစိုက်ပျိုးရန် အခက်အခဲ ကြုံနေရသည်ဟု ဒေသခံ လယ်သမားများထံမှ သိရသည်။

ယခု ဇူလိုင်လမှ စတင်၍ ပဲခူးတိုင်း၊ ညောင်လေးပင်ခရိုင်၊ မုန်းမြို့ အနီး ကျေးရွာများတွင် ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်နှင့် စစ်ကောင်စီတို့အကြား တိုက်ပွဲများကြောင့် ဒေသခံများသည် အဓိကလမ်းမကြီးမှ သွားလာရန် အန္တရာယ်ရှိနေသည်ဟု သိရသည်။ ထို့ကြောင့် လယ်သမားများမှာ စိုက်ပျိုးရေးအတွက် တောလမ်းများကိုသာ အသုံးပြုနေကြရသည်ဟု သိရသည်။

“ အခုက မိုးရာသီ ဆိုတော့ လမ်းတွေက မကောင်းဘူး။ ကတို့တွေ ကူးရတယ်။ တစ်ခါတလေ ကတို့ဘက် လက်နက်ကြီးတွေ ကျတယ်။ အဲဒီတော့ စိုးရိမ်ရတယ် “ ဟု ဒေသခံ လယ်သမားတစ်ဦးက ပြောသည်။

နယ်မြေမတည်ငြိမ်သည့်အပြင် လုံခြုံမှု မရှိသည့်အခါ လက်သမားများမှာ စိုက်ပျိုးလုပ်ကိုင်ရာတွင် အခက်အခဲများကို ရင်ဆိုင်နေကြရခြင်း ဖြစ်သည်။
“တစ်ခါတစ်လေ လက်နက်ကြီး ကျတာတွေ ရှိတယ်။ အလျင်စလိုပဲ လုပ်ရတယ်။ အခု အခြောက်ကြဲတွေ စိုက်တာများတယ်။ တချို့ဆို မပေါက်တော့ နှစ်ခေါက်၊ သုံးခေါက် ပြန်ကြဲရတာတွေ ရှိတယ်။ အဲဒီတော့ စရိတ်တွေက ပိုကုန်တယ်” ဟု လယ်သမားတစ်ဦးက ပြောသည်။

မုန်းဒေသတွင် မိုးစပါးကို အဓိကထားစိုက်ပျိုးကြပြီး လယ်ယာစိုက်ပျိုးစရိတ်များမှာ ယခင်က တစ်ဧကလျှင် ကျပ် တစ်သိန်းကျော်မှ နှစ်သိန်းဝန်းကျင် ကုန်ကျရာမှ ယခုဆိုလျှင် ကျပ်သုံးသိန်းခွဲမှ လေးသိန်းခန့်အထိ နှစ်ဆနီးပါး ပိုကုန်ကျလျက်ရှိသည်။ ထို့အပြင် အခက်အခဲများကြားမှ စိုက်ရသည့်အခါ စိုက်ပျိုးချိန် မလုံလောက်သည့်အတွက် မြေဩဇာ၊ ဆေးဝါးများလည်း ပိုသုံးနေကြရသည်ဟု သိရသည်။

အဓိက အသုံးပြုရာ လမ်းမကြီးအနီးတွင် စစ်ကောင်စီဘက်မှ ကင်းပုန်းချထားပြီး တစ်ခါတရံ လမ်းမပေါ် စစ် ဆေးမေးမြန်းမှုများ ရှိကာ အဖမ်းအဆီးများလည်း ရှိနေသည်ဟု ဒေသခံများက ဆိုသည်။ မြို့အဝင်အထွက်များတွင်လည်း စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေသည့်အခါ လယ်သမားအချို့မှာ မသွားလာရဲဘဲ လိုအပ်သည့် လယ်ယာသုံးပစ္စည်းများကို တဆင့်ခံမှာယူနေကြရသည်ဟု ဆိုကြသည်။

“ပစ္စည်းတွေကို ကိုယ်တိုင် သွားမယူရဲဘူး။ ပွဲစားတွေကနေ မှာယူရတော့ အချိန်တွေလည်း ပိုကြာတယ်။ ဈေးတွေလည်း ထက်ဝက်လောက် ပိုတက်လာတယ် “ဟု နောက်ထပ် ဒေသခံလယ်သမား တစ်ဦးက ပြောသည်။

လက်ရှိအချိန်တွင် မုန်းမြို့နယ်တွင်း တိုက်ပွဲများမရှိသော်လည်း စစ်ကောင်စီဘက်မှ ရံဖန်ရံခါ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ၊ စစ်ဆေးဖမ်းဆီးမှုများရှိနေသည်ဟု ဒေသခံများထံမှ သိရသည်။