Home သတင်း ဝင်းရေးမြို့နယ်တွင်း တိုက်ပွဲဆက်လက်ပြင်းထန်၍ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံသောင်းချီ နေအိမ်မပြန်နိုင်ဘဲ တိမ်းရှောင်နေရဆဲ

ဝင်းရေးမြို့နယ်တွင်း တိုက်ပွဲဆက်လက်ပြင်းထန်၍ ကျေးရွာ ၁၀ ရွာခန့်မှ ဒေသခံသောင်းချီ နေအိမ်မပြန်နိုင်ဘဲ တိမ်းရှောင်နေရဆဲ

727
Photos: ( CJ/KIC)

မေလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးထိန်းချုပ်နယ်မြေ ဒူးပလာယာခရိုင် ဝင်းရေးမြို့နယ်တွင် စစ်ကောင်စီ တပ်နှင့်ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်တို့အကြား တိုက်ပွဲပြင်းထန်နေဆဲဖြစ်၍ ကျေးရွာပေါင်း ၁၀ ရွာခန့်မှ သောင်းနှင့်ချီသော ဒေသခံများမှာ နေအိမ်မပြန်ရဲကြသေးဘဲ ယခုအချိန်ထိ တိမ်းရှောင်နေထိုင်ရဆဲဖြစ်ကြောင်း သိရသည်။

လွန်ခဲ့သည့် ၂ လကတည်းက အနန်းကွင်းနှင့် တောင်စွန်းကျေးရွာများထဲတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ် သည် လက်နက်ကြီးပစ်ခတ်မှုအပြင် လေကြောင်းပစ်ခတ်မှုများပါ လုပ်ဆောင်နေသည့် တောင်စွန်း၊ ဝင်းခန၊ အနန်းကွင်း၊ ခုခံ၊ သစ်ကတိုက်၊ ဆင်ပြေးနှင့် လွတ်ရှမ်းကျေးရွာများအပါအဝင် ရွာပေါင်း ၁၀ ခန့်မှ လူကြီးလူငယ်၊ ကလေးများပါဝင်သည့် စစ်ရှောင်အယောက်တစ်သောင်းကျော် ထွက်ပြေးတိမ်းရှောင်နေကြရခြင်းဖြစ်သည်ဟု စစ်ရှောင်ကူညီသူထံမှ သိရသည်။

အဆိုပါ ဒေသခံစစ်ရှောင်အများစုသည် တောတောင်၊ ကျောက်ဂူများနှင့် ဥယျာဉ်များနှင့် နီးစပ်ရာ အသိမိတ်ဆွေရှိသည့် ကျေးရွာများတွင် သွားရောက်တိမ်း ရှောင်နေကြရသော်လည်း လုံခြုံမှုမရှိကြောင်း စစ်ရှောင်တစ်ဦးက ပြောဆိုသည်။

စစ်ရှောင်အမျိုးသမီးတစ်ဦးက“ အိမ်ပြန်ရဲသေးဘူး၊ လက်နက်ကြီးအသံက နေ့တိုင်းကြားတယ်။ မနေ့ည ကတည်းက ဒီနေ့အထိ လက်နက်ကြီးအသံက အသံပိုပြီးကျယ်တယ်၊ တောင်စွန်းဘက်မှာ။ အခုက တစ်ခြားနေရာမှာသွားရှောင်နေတော့ အသံက ရပ်လိုက်ထွက်လိုက်ပဲ နေရာညရော ။ လက်နက်ကြီးတွေက နေရာတိုင်းမှာကျတော့ တချို့က ခြံထဲမှာ နေရင်း ထမင်းချက်ရင်တောင် တွင်းထဲမှာ ချက်စားနေရတာရှိတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

Photos: ( CJ/KIC)

တိုက်ပွဲပြင်းထန်သည့် ဝင်းရေးမြို့နယ်ထဲတွင် မွန်ပြည်နယ်ရှိ စစ်ကောင်စီအမြောက်တပ်မှ နေ့ရောညပါ လက်နက်ကြီးများနှင့် စစ်ကူပစ်ခတ်သည့်အပြင် စစ်ကောင်စီ တိုက်လေယာဉ်ကလည်း မကြာခဏ လေကြောင်းတိုက်ခိုက်မှု လုပ်ဆောင်လျက်ရှိသည်ဟု သိရသည်။

ကေအဲန်ယူ ဒူးပလာယာခရိုင် တာဝန်ရှိသူတစ်ဦးက “စကစက လေကြောင်းကရော၊ မော်လမြိုင်ကရော၊ အဘစ်ကရော၊ တိုင်းဗဟိုဘက်ကရော ဗုံးသီးမိုးရွာ၊ လက်နက်ကြီး မိုးရွာရမ်းသမ်းရွာပေါ့ဗျာ။” ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ကေအဲန်ယူ၏ ဝင်းရေးမြို့နယ်ရုံးအနီးဝန်းကျင်ဘက်တွင် စစ်ကောင်စီဘက်မှ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှု မကြာခဏလုပ်ဆောင်သည့်အပြင် ပြီးခဲ့သည့် ဧပြီလ ၂၃ ရက်နေ့တွင်လည်း ဝင်းရေးမြို့နယ် နှစ်အိမ်ရွာ စာသင်ကျောင်းနှင့် ဝင်းရေးမြို့နယ် ရုံးခန်းမဆောင်တစ်ခု လေကြောင်းတိုက်ခိုက်ခံရသေးသည်။