မေလ ၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ပဲခူးတိုင်းဒေသကြီး၊ ဖြူးမြို့နယ်၊ ကညွတ်ကွင်းမြို့ရှိ စစ်ကောင်စီတပ်ရိက္ခာသယ်ဆောင်ရေးလမ်းကြောင်း အဖြစ် အသုံးပြုနေသော ငနုသန်းတံတား မေလ(၁)ရက် ယမန်နေ့က မိုင်းခွဲတိုက်ခိုက်ခံရမှုကြောင့် ကျိုးကျ ပျက်စီးခဲ့ပြီးနောက် ကညွတ်ကွင်းမြို့၏အရှေ့ဘက်သို့ စစ်တပ်က လေကြောင်းနှင့်လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ကြောင်း မြေပြင်သတင်းအရင်းအမြစ်မှ သိရသည်။
စစ်ကောင်စီ၏ ခြေမြန်တပ်ရင်း ခမရ-၄၃၉ အတွက် လက်နက်နှင့်ရိက္ခာသယ်ပို့နေသော ရန်ကုန်-မန္တလေးကားလမ်းပေါ်ရှိ အဆိုပါတံတားအား လက်နက်ကိုင်တပ်ဖွဲ့အချို့က ယမန်နေ့ အစောပိုင်းက မိုင်းခွဲတိုက်ခိုက်ခဲ့ပြီးနောက် ယင်းနေ့တစ်နေ့လုံး ပိန်းဇလုပ်အခြေစိုက် စစ်ကောင်စီတပ်က လက်နက် ကြီးပစ်ခတ်၍ လေကြောင်းဖြင့်လည်းဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံတစ်ဦးက ပြောသည်။
၎င်းက “အဲဒီတံတားကိုဖောက်ခွဲပြီးတော့ ပြန်ဆုတ်သွားတဲ့အဖွဲ့တွေကို လုပ်တာလို့ထင်တာပဲ။ မနေ့က မိုးလင်းကနေ မိုးချုပ်တဲ့အထိ လေယာဥ်နဲ့တစ်ဝုန်းဝုန်းပဲ ဝဲတာမဟုတ်ဘူး ပတ်ကြဲတာ။ လေယာဥ်နဲ့ရော ပိန်းဇလုပ်ကနေရော လက်နက်ကြီးနဲ့ကညွတ်ကွင်းအရှေ့ဘက်ခြမ်းကို ချတာ။ ပိန်းဇလုပ်က လက်နက်ကြီးပစ်တဲ့ကောင်က တော်တော်ကျွမ်းကျင်တယ်။ နတ်သံကွင်းတုန်းကလည်း ရဲစခန်း ပတ်ခြာလည်နားကို သူပစ်တာ တစ်ချက်မှချော်မကျဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။
ထို့အပြင် တံတားပျက်စီးသွားမှုကြောင့် ဖြတ်သန်းသွားလာသူများ အမြန်လမ်းမှကွေ့ပတ်၍ သွားလာနေရသလို ထိုနေ့မှာပင် ငနုသန်းတံတားအနီးရှိ ကညွတ်ကွင်း-ညောင်ပင်သာ ရထားလမ်းလည်း တပြိုင်တည်းတိုက်ခိုက်ရပြီး ကုန်တင်ရထားတစ်စီး လမ်းလွဲချော်ခဲ့ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

“ရိက္ခာပို့တဲ့လမ်းကြောင်းကိုလုပ်တာပါ။ လူတွေကတော့ အမြန်လမ်းဘက်ကနေသွားရမှာပဲ တံတားကသွားလို့မရတော့ဘူး။ စစ်တပ်အနေနဲ့ကတော့ ယာယီတံတားလုပ်ရင်သွားလို့ရမှာပါ ။ အခုလောလောဆယ်တော့ပြင်လို့မရသေးဘူး။ ” ဟု အမည်မဖော်လိုသူ အခြားဒေသခံတစ်ဦးက ပြောဆိုသည်။
အဆိုပါတံတားဖောက်ခွဲမှုကို မည်သည့်လက်နက်ကိုင်တပ်ဖွဲ့က ဦးဆောင်ပြုလုပ်ခဲ့သည်ကို မသိရှိရသေးသလို လေကြောင်းနှင့်လက်နက်ကြီးတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှုအသေးစိတ်ကိုလည်း သက်ဆိုင်ရာနယ်မြေတာဝန်ရှိသူများထံ ကေအိုင်စီအနေဖြင့် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။
စစ်ကောင်စီ၏ဝါဒဖြန့် ဆိုရှယ်မီဒီယာများတွင်မူ တံတားနှင့်ရထားလမ်းပိုင်း ဖောက်ခွဲမှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-PDF တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း ရေးသားဖော်ပြနေပြီး လေယာဥ်နှင့်လက်နက်ကြီးသုံး တိုက်ခိုက်မှုနှင့်ပတ်သက်၍ကိုမူ ဆက်လက်ဖော်ပြထားခြင်းမရှိပါ။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ကေအဲန်ယူ တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်အတွင်း စစ်ကောင်စီထောက်ပို့လမ်းကြောင်းအတွက် အရေးပါသော တံတားများ မကြာခဏ မိုင်းခွဲတိုက်ခိုက်ခြင်းခံခဲ့ရသည်။



















