Home သတင်း ထိုင်းဘက်ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြဝတီဘက်သို့ ပြန်ပို့ရန် အစီအစဉ်ရှိနေ

ထိုင်းဘက်ထွက်ပြေးသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြဝတီဘက်သို့ ပြန်ပို့ရန် အစီအစဉ်ရှိနေ

936
Photo: CJ

မတ်လ ၂၀ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

တပ်စခန်းသိမ်းခံရပြီး ထိုင်းနိုင်ငံထဲကို ထွက်ပြေးတိမ်းရှောင်လာသည့် စစ်ကောင်စီ တပ်ဖွဲ့ဝင်အယောက် ၄၈ဦးကို မြဝတီသို့ ပြန်လည်ပို့ဆောင်ရန်အတွက် အစီအစဉ်ရှိနေသည်ဟု တာဝန်ရှိသူများနှင့် နီးစပ်သူများထံမှ သိရသည်။

KNLA အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ၏ တိုက်ခိုက်မှုကြောင့် တပ်ရင်းမှူးအဆင့် အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ ဝင်များသည် မတ်လ ၁၉ရက်၊ နေ့လည် ၁နာရီအချိန်ခန့်တွင် ထိုင်းနိုင်ငံ၊ အုန်းဖန်မြို့နယ်ရှိ ပိုင်ခလန်ကျေးရွာထဲသို့ ထွက်ပြေးဝင်ရောက်သွားခဲ့သည်။

ထို့နောက် ညနေပိုင်းတွင် နို့ဖိုးဒုက္ခသည်စခန်းအနီးရှိ ထိုင်းတပ်မတော် တပ်စခန်းတစ်ခုတွင် ပို့ဆောင်ထားကာ ယနေ့ တွင် မဲဆောက်မြို့သို့ ထပ်မံ ပို့ဆောင်ပြီး ထိုမှတစ်ဆင့် မြဝတီမြို့ကို ပြန်လည်ပို့ဆောင်ရန် စီစဉ်နေခြင်းဖြစ် သည်ဟု ယင်းအခြေအနေကိုသိရှိသူ နယ်စပ်သတင်းအရင်းအမြစ်များက ပြောသည်။

ဒေသခံတာ၀န်ရှိသူတစ်ဦးက “ညကတော့ ထိုင်းစစ်သားတွေက ခေါ်သွားပြီး နို့ဖိုးမှာ သွားပေးအိပ်တယ်။ မြန်မာပြည်ဘက် ပြန်ပို့ဖို့ အခု သူတို့ကို မဲဆောက်မှာ သွားပို့မယ်။ ပြီးရင်တော့ မဲဆောက်ကနေ မြဝတီကိုလွှဲမှာပေါ့ နော်။ မနေ့ကစပြီး နယ်စပ်ဂိတ်အားလုံးကို ပိတ်ခိုင်းလိုက်တာ။ အခုထိ ပိတ်ထားတယ်။”ဟု ယနေ့၊ နေ့လည်အချိန်က ကေအိုင်စီသို့ ပြောသည်။

ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ကေအဲန်ယူ ဒူးပလာယာခရိုင်၊ တပ်မဟာ (၆) နယ်မြေ၊ မယ်သရောထတပ်စခန်းမှ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ-၁၉) လက်အောက်ခံခြေမြန်တပ်ရင်း ခမရ ၅၅၇/၅၅၈ လက်အောက်ခံတပ်ဖွဲ့ဝင်များဖြစ်ပြီး တပ်ရင်းမှူး ၂ဦး ပါဝင်ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြော သည်။

အမည်မဖော်လိုသည့် ထိုင်းအာဏာပိုင်များနှင့်နီးစပ်သူတစ်ဦးက “အခု မဲဆောက် ဒေသကွပ်ကဲရေးဗျူဟာကို ရောက်ပြီ လို့ကြားတယ်။ စစ်ဆေးမေးမြန်းတာတွေ လုပ်ဆောင်ပြီးမှ လွှဲပြောင်းပေးမှာဖြစ်တယ်။ မနက်ဖြန်လောက်မှာ လွှဲဖြစ်ဖို့ များတယ်”ဟု ကေအိုင်စီသို့ ယနေ့ ပြောသည်။

မယ်သရောထရှိ စစ်ကောင်စီတပ်စခန်းကို မတ်လ ၁၈ ရက်နေ့မှစတင်၍ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မ တော်-KNLA နှင့် S.O.F ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပိုင်ခလန်ရွာအနီးရှိ ဂျိုးဖြူချက်ပွိုင့်တောင်ကုန်း တွင် ပြန်လည်ပြောင်းရွှေ့ကာ မတ်လ ၁၉ ရက်နေ့တွင် အဆိုပါစစ်ကောင်စီတပ်ဖွဲ့ဝင်များကို ထပ်မံတိုက်ခိုက်သည့် အတွက် ထိုင်းနိုင်ငံထဲသို့ ထွက်ပြေးဝင်ရောက်သွားခြင်းလည်းဖြစ်ကြောင်း SOF က ထုတ်ပြန်ထားသည်။

ပြီးခဲ့သည့် ၂၀၂၃ခုနှစ်၊ စက်တင်ဘာလကလည်း ထိုဒေသရှိ ကွီလုံးတိုင် စစ်ကောင်စီတပ်စခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင် များသည် လက်နက်အပြည့်အစုံနှင့် ထိုင်းနိုင်ငံ ကရင်ကျေးရွာထဲကို နယ်မြေကျော်ဝင်ရောက်ခြင်းနှင့် တပ်ဖွဲ့ဝင်အချို့ ထိုင်းဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်ခြင်းများ ဖြစ်ပွားခဲ့သေးသည်။

လက်ရှိအချိန်တွင် မယ်သရောထစစ်ကောင်စီတပ်စခန်းကို KNLA ပူးပေါင်းတပ်ဘက်မှ တက်ရောက် သိမ်းပိုက်ရှင်း လင်းခဲ့ပြီဖြစ်ပြီး ထိုစခန်းသိမ်းတိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ၅ဦး သေဆုံးခဲ့သည်ဟု OSF ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် မတ်လ ၁၄ရက်နေ့ကလည်း ကော့ကရိတ်တောင်ပိုင်းရှိ ကျိုက်ဒုံဗျူဟာစခန်းကုန်းအား KNLA ပူးပေါင်း တပ်ဘက်မှ တက်ရောက် တိုက်ခိုက်သိမ်းပိုက်ရာတွင် ဗျူဟာမှူး အပါအဝင် စစ်ကောင်စီ ၆၆ဦး လက်နက်ချခဲ့ပြီး ၎င်းတို့ထံမှ လက်နက်ကြီးငယ် စုစုပေါင်း ၁၃၆လက် သိမ်းဆည်းရမိကြောင်း ကေအဲန်ယူက ထုတ်ပြန်ထားသည်။