Home ဆောင်းပါး ဟန်ပြငြိမ်းချမ်းရေး၏ နောက်ကွယ်က တိတ်ဆိတ်သွားသော စာအံသံများ

ဟန်ပြငြိမ်းချမ်းရေး၏ နောက်ကွယ်က တိတ်ဆိတ်သွားသော စာအံသံများ

17

ဟန်ပြငြိမ်းချမ်းရေး၏ နောက်ကွယ်က တိတ်ဆိတ်သွားသော စာအံသံများ

သဒါးစိုး

(အောက်တိုဘာ ၆၊ ၂၀၂၆)

စိမ်းလန်းသော သစ်ပင်များ ဝန်းရံထားသည့် တိုက်အဆောက်အအုံများ၏ အစိမ်းနုရောင် သွပ်မိုးများ အားလုံးနီးပါး ဖရိုဖရဲဖြင့် လှန်ထွက်လွှင့်စင်သွားသည်။ အဆောက်အအုံရှေ့က မြေသားနီနီသည်လည်း ထည်ထိုးသကဲ့သို့ ကြေမွ ပြန့်ကျဲနေသည်။

ထိုမြင်ကွင်းသည် ပြီးခဲ့သည့် စက်တင်ဘာလ ၁၉ ရက်နေ့ ညပိုင်းက ကေအဲန်ယူ-ကရင်အမျိုး သားအစည်းအရုံး၊ တပ်မဟာ (၁)/ဒူးသထူ(သထုံ)ခရိုင်၊ ဘီးလင်းမြို့နယ် ကြသောင်းဆိပ် (ယိုကလား) ကျေးရွာစာသင်ကျောင်းကို စစ်အုပ်စုက ဂျက်ဖိုက်တာ(တိုက်လေယာဉ်)ဖြင့် ပေါင် ၅၀၀ ဗုံးများ ကြဲချတိုက်ခိုက်ခဲ့ပြီးနောက် မြင်တွေ့ရသော မြင်ကွင်းတစ်ခုဖြစ်သည်။

ယင်းတိုက်ခိုက်မှုကြောင့် စာသင်ကျောင်း (၂) ကျောင်းအပါအဝင် ရွာထဲရှိ အရပ်သားနေအိမ် ၃၈ လုံးလည်း ထိခိုက်ပျက်စီးခဲ့သည်။

“စာသင်ကျောင်းကတော့ လုံးဝကြေမွ သွားတယ်။ ကလေးတွေ စာသင်ချိန်မဟုတ်လို့ ကံကောင်းသွားတယ်။ စာသင်ချိန်မှာဆို မတွေးရဲစရာပါပဲ” ဟု အမည်မဖော်လိုသည့် ဒေသခံကျောင်း ဆရာမတစ်ဦးက စာသင်ကျောင်းဗုံးကြဲခံရမှု အခြေအနေကို ပြောပြခဲ့သည်။

ထိုဗုံးကြဲမှုဖြစ်စဉ်အပြီး ရက်သတ္တပတ်အကြာ စက်တင်ဘာလ ၂၆ ရက်၌ အာဏာသိမ်းစစ်အုပ်စုသည် ကရင်လက်နက်ကိုင်ခေါင်းဆောင်အချို့ပါဝင်သည့် “ကရင်ပြည်နယ် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး ဖိုရမ် ၂၀၂၆ ခုနှစ်” ကို ဖားအံမြို့၊ ဇွဲကပင်ခန်းမ၌ ကျင်းပခဲ့သည်။

“ကရင်ပြည်နယ်ရဲ့ အနာဂတ်ကို တည်ဆောက်ရာမှာ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကို သီးခြား စီမမြင်ဘဲ အပြန်အလှန် ဆက်စပ်နေတဲ့ အမျိုးသားရေး တာဝန်အဖြစ် ရှုမြင်ဖို့ လိုအပ်ပါတယ်။ ငြိမ်းချမ်းရေးဆိုတာ လက်နက်ကိုင် ပဋိပက္ခများ ကင်းဝေးရေးတစ်ခုတည်း မဟုတ်ဘဲ ယုံကြည်မှုနဲ့ လေးစားမှုတွေကို ပူးပေါင်းဆောင်ရွက်လာနိုင်တဲ့အထိ လွှမ်းခြုံထားတာ ဖြစ်ပါတယ်” ဟု စစ်အုပ်စု၏ ပြည်နယ်ဝန်ကြီးချုပ် စောမြင့်ဦးက အခမ်းအနား အဖွင့်မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

အဆိုပါ ဖိုရမ်သို့ ကရင်ပြည်နယ်၏ စစ်အုပ်စု တာဝန်ရှိသူများ၊ ကေအဲန်ယူ ခေါင်းဆောင် ဟောင်းများဖြစ်သော စောမူတူးစေးဖိုး၊ ပဒိုစောရွှေမောင်း၊ စစ်အုပ်စုနှင့် အပစ်ရပ်ပြီး ထိတွေ့ ဆက်ဆံနေသော ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA) စသည့် အဖွဲ့ခေါင်းဆောင်များ တက်ရောက်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် စစ်အုပ်စုနှင့် နီးစပ်သည့် နိုင်ငံရေးပါတီ အစုအဖွဲ့များ၊ လူမှုအဖွဲ့အစည်းများမှ ကိုယ်စားလှယ်များလည်း တက်ရောက်ခဲ့သည်ကို တွေ့ရှိရသည်။

တနည်းအားဖြင့် စစ်အုပ်စုနဲ့ပြေလည်သည့်လက်နက်ကိုင်များသာတက်ရောက်ခဲ့ပြီး စစ်အုပ်စုကို ဆက်လက်တော်လှန်နေသည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးအဖွဲ့တို့ မပါဝင်သည့် ငြိမ်းချမ်းရေးဖိုရမ်ဖြစ်သည်။

ကေအဲန်ယူ ခေါင်းဆောင်ဟောင်း စောမူတူးစေးဖိုးကလည်း “အရင်က NCA (တစ်နိုင်ငံလုံး အပစ်ရပ်စာချုပ်) လက်မှတ်ထိုးပြီးချိန်မှာ လွတ်လွတ်လပ်လပ် သွားလာနိုင်ခဲ့တယ်။ အခုတော့ စစ်ရေး ပဋိပက္ခကြောင့် လမ်းဘေးမှာရှိတဲ့ အဆောက်အအုံတွေ ဖျက်ဆီးခံရပြီး လမ်းတွေတစ်ခုမှ မကောင်း တော့ဘူး။ ဒါကြောင့် ပြည်သူတွေ စားဝတ်နေရေး ပြေလည်ဖို့ ငြိမ်းချမ်းရေးက တကယ်လိုနေပါပြီ”ဟု ဖိုရမ်မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့သည်။

စက်တင်ဘာ (၂၇) ရက်နေ့အထိ ကျင်းပခဲ့သည့် ထိုငြိမ်းချမ်းရေးဖိုရမ်၌ ကရင်ပြည်နယ်အတွင်း လက်နက် ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ပြန်လည်ထူထောင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေး စသည့် ခေါင်းစဉ်များဖြင့် ဆွေးနွေးပြောဆိုသွားကြသည်ဟု အစီအစဉ်မှတ်တမ်းက ဖော်ပြသည်။

၎င်းငြိမ်းချမ်းရေးဖိုရမ် ကျင်းပပြီးနောက် ကေအဲန်ယူ ထိန်းချုပ်နယ်မြေများဖြစ်သော ဒူးသထူခရိုင်/တပ်မဟာ (၁)၊ ဒူးပလာယာခရိုင်/တပ်မဟာ (၆) နယ်မြေနှင့် မူတြော် (ဖာပွန်) ခရိုင်/တပ်မဟာ (၅) နယ်မြေအပါအဝင် နယ်မြေတော်တော်များများတွင် စစ်အုပ်စုက စစ်ကြောင်းထိုးမှုများ အရှိန်မြှင့်လုပ်ဆောင်လာသည်ဟု မြေပြင်သတင်းအချက်အလက်များအရ သိရသည်။

စစ်အုပ်စုသည် ၂၀၂၅ အတုအယောင်ရွေးကောက်ပွဲအပြီးတွင် တစ်ဖက်တွင် ဟန်ပြ ငြိမ်းချမ်းရေးဖိုရမ်များကို လုပ်ဆောင်နေသော်လည်း တစ်ဖက်တွင်မူ အရပ်သားပြည်သူများကို ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှုနှင့် စစ်ကြောင်းထိုးမှုများ ပိုမိုလုပ်ဆောင်လာနေသည်ဟု ကရင်အရပ်ဘက်အဖွဲ့အစည်းများက ထောက်ပြပြောဆိုကြသည်။

” တကယ့်မြေပြင်မှာ နေ့တိုင်းပဲ လေကြောင်းတိုက်ခိုက်တာ၊ လက်နက်ကြီးပစ်ခတ်တာလုပ်တယ်။ ပြည်သူကိုပဲ ပစ်မှတ်ထားတိုက်ခိုက်တာဖြစ်တယ်။ ထိခိုက်သေဆုံးမှုက နေ့တိုင်းရှိတယ်။ အဲဒါကြောင့် တစ်ဖက်က ငြိမ်းချမ်းရေးလုပ်မယ်၊ တစ်ဖက်က ပြည်သူတွေကို သတ်ဖြတ်တယ်။ ဒါကို ဘယ်လို ယုံကြည်ရမလဲပေါ့” ဟု ကရင်အမျိုးသမီးအစည်းအရုံး-KWO ဥက္ကဋ္ဌ နော်ကညောဖောက စစ်အုပ်စု၏ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်နှင့်ပတ်သက်၍ ထောက်ပြသည်။

ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်-KPSN တာဝန်ရှိသူ စောအယ်ဒိုဝါးကလည်း ယခုလပိုင်းအတွင်း အရပ်သားများအပေါ် တိုက်ခိုက်မှုများ ပိုမိုများပြားလာပြီး ဘာသာရေး အဆောက်အအုံများ၊ စာသင်ကျောင်းများနှင့် ဆေးရုံဆေးခန်းများပါမကျန် စစ်အုပ်စုက တိုက်ခိုက်နေကြောင်း ထောက်ပြသည်။

“အရပ်သားပြည်သူတွေကိုပဲ ဦးတည်ပြီး ဘုရားကျောင်းတွေ၊ ဘုန်းကြီး ကျောင်းတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေကို သူတို့ ဗုံးကြဲတယ်။ ဒါတွေက နိုင်ငံတကာရဲ့ စံချိန်စံညွှန်း၊ လူ့အခွင့်အရေးနဲ့ လုံးဝဆန့်ကျင်ပြီး ချိုးဖောက်နေတာပါ” ဟု သူက ပြောသည်။

စစ်အုပ်စုသည် ကရင်နယ်မြေအတွင်း တစ်ခုတည်းတွင်ပင် လေကြောင်းတိုက်ခိုက်မှု ပိုမိုလုပ် ဆောင်လာခြင်းမဟုတ်ဘဲ ၎င်းတို့ ထိန်းချုပ်၍မရသော နိုင်ငံတဝှမ်းရှိ နယ်မြေဒေသ တော်တော်များများတွင် လုပ်ဆောင်လျက်ရှိသည်။

ပြီးခဲ့သည့် စက်တင်ဘာ ၂၈ ရက်နေ့တွင်လည်း မြန်မာနိုင်ငံ အနောက်ဘက်ခြမ်းရှိ ရခိုင်ပြည်နယ်၊ ကျောက်တော်မြို့ အိန္ဒိယဈေးနှင့် ကစ္ဆပနဒီတံတား ပတ်ဝန်းကျင်ကို လေကြောင်းမှ ဦးတည် တိုက်ခိုက် ခဲ့ရာ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် ကလေးငယ်များအပါအဝင် အနည်းဆုံး (၄၉) ဦး သေဆုံးပြီး (၆၀) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု သက်ဆိုင်ရာအဖွဲ့အစည်း၏ ထုတ်ပြန်ချက်အရ သိရသည်။

တစ်ဆက်တည်းတွင် အောက်တိုဘာလ ၄ ရက်နေ့တွင်လည်း ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းနှစ်ခုကို အာဏာသိမ်းစစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ခြောက်ဦးထပ်မံသေဆုံးပြီး ၁၂ ဦး ဒဏ်ရာရရှိခဲ့သေးသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ထုတ်ပြန်ချက်အရ လေကြောင်း တိုက်ခိုက်မှုအပါအဝင် စစ်အုပ်စု၏အလွန်အကျွံအင်အားသုံးတိုက်ခိုက်မှုကြောင့် ယခုနှစ် ဇန်နဝါရီလ (၁) ရက်မှ စက်တင်ဘာလ (၃၀) ရက်နေ့အထိ ကိုးလအတွင်း နိုင်ငံတစ်ဝန်းလုံး၌ ကလေးငယ်နှင့် အမျိုးသမီးအပါအဝင် အရပ်သား (၃၂၅) ဦး သေဆုံးခဲ့ကြောင်း ထုတ်ပြန်ထားသည်။

သေဆုံးသူများတွင် အသက် ၁၈ နှစ်အောက် ကလေးငယ် (၇၀) ဦး ပါဝင်ပြီး အမျိုးသမီး (၁၄၅) ဦးနှင့် အမျိုးသား (၁၈၀) ဦးဖြစ်သည်။ ၎င်းတို့မှာ စစ်အုပ်စု၏ ငါးဦးနှင့်အထက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရခြင်းနှင့် လေကြောင်းတိုက်ခိုက်ခံရခြင်းကြောင့် သေဆုံးခဲ့ရပြီး ရခိုင်ပြည်နယ်တွင် သေဆုံးသူ အများဆုံးဖြစ်ကြောင်း AAPP က ဆိုထားသည်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းချိန်မှ ၅ နှစ်အတွင်း စစ်အုပ်စုနှင့် အပေါင်းအပါများကြောင့် သေဆုံးခဲ့ရသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူနှင့် အရပ်သားပြည်သူ စုစုပေါင်း (၈,၄၇၆) ဦး ရှိပြီဖြစ်ကြောင်း AAPP က ထုတ်ပြန်ထားသည်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) ၏ ယခုနှစ် စက်တင်ဘာလထုတ်ပြန်ချက်တွင်လည်း မြန်မာနိုင်ငံတွင် စစ်အာဏာသိမ်းပြီးနောက် ဖြစ်ပေါ်လာသည့် စစ်ပွဲ၊ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု ဖြစ်စဉ်များကြောင့် နိုင်ငံတစ်ဝန်း ထွက်ပြေးတိမ်းရှောင်နေကြရသော စစ်ရှောင်ဦးရေ ၃ ဒသမ ၈ သန်းရှိလာနေသည်ဟု ဖော်ပြထားသည်။ ထိုအထဲတွင် ကေအဲန်ယူ ထိန်းချုပ်နယ်မြေအတွင်း စစ်ရှောင်အရပ်သားပြည်သူ ၁ သန်းကျော် ပါဝင်သည်ဟု သိရသည်။

ကရင်ပြည်နယ်၏ မြို့တော်ဖားအံတွင် ၂ ရက်တာ ကျင်းပပြီးစီးသွားသည့် ငြိမ်းချမ်းရေးဖိုရမ်၌ လက်နက် ကိုင်ပဋိပက္ခများ ချုပ်ငြိမ်းရေး၊ ပြန်လည်ထူထောင်ရေးနှင့် အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေး ရေးဟု ပြောဆိုနေသော်လည်း မည်သည့် ရလဒ်မှ မထွက်သည့်အပြင် အာဏာသိမ်းစစ်တပ်က မြေပြင်ထိုးစစ်နှင့် လေကြောင်းတိုက်ခိုက်မှုများကို ပို၍ လုပ်ဆောင်လာသည်။

ထို့ကြောင့် အဆိုပါ ဖိုရမ်သည် စစ်အုပ်စုသည် ပြည်တွင်းငြိမ်းချမ်းရေးရရှိရေးထက် ၎င်းတို့၏ တရားဝင်မှု (Legitimacy) ကို ရရှိရေး ကြိုးပမ်းမှုတစ်ခုသာဖြစ်သည်ဟု နိုင်ငံရေးစောင့်ကြည့်သူများက ထောက်ပြကြသည်။

“စစ်အုပ်စုက သူတို့ တရားဝင်မှုအတွက် ကြိုးပမ်းမှုသက်သက်သာ ဖြစ်ပါတယ်။ အမှန်တကယ် ငြိမ်းချမ်းရေးလိုချင်ရင် အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်တာတွေ၊ သတ်ဖြတ် တာတွေ ရပ်ရမယ်။ ဒါမှသာ ပြည်သူတွေက ယုံကြည်မယ်လေ ” ဟု KWO ဥက္ကဋ္ဌ နော်ကညောဖောက ပြောသည်။

ပြီးခဲ့သည့် စက်တင်ဘာလမှစ၍ ကေအဲန်ယူ နယ်မြေ၊ ဒူးသထူခရိုင်/တပ်မဟာ (၁)တွင် စစ်အုပ်စုက လေကြောင်း တိုက်ခိုက်မှု ခပ်စိပ်စပ်လုပ်ဆောင်လာနေပြီး ၎င်းတို့တပ်ရင်း တပ်စခန်းများဘက်မှလည်း ကျေးရွာများအတွင်းသို့ လက်နက်ကြီး နေ့စဉ်လိုလို ပစ်ခတ်နေခြင်းကြောင့် လူထိခိုက်သေဆုံးမှု မြင့်တက်လာနေသည်ဟု ဒေသခံများက ပြောသည်။

စစ်အစိုးရအဆက်ဆက်လုပ်ခဲ့သည့် လေကြောင်းတိုက်ခိုက်မှုအပါအဝင် စစ်ရေးအရဖိအားပေးပြီး တဖက်သတ်အသားစီးယူသည့် ဟန်ပြဆွေးနွေးပွဲ ငြိမ်းချမ်းရေးလုပ်ငန်းစဥ်သည် မအောင်မြင်ကြောင်း နှစ်ပေါင်း ၇၀ ကျော်ကြာ ပြည်တွင်းစစ်နှင့် ကျယ်ပြန်လာသည့် လက်နက်ကိုင်ပဋိပက္ခ နယ်မြေဧရီယာများသက်သေပြပြီးဖြစ်သည်။

မြန်မာနိုင်ငံတွင် စစ်မှန်သည့် ငြိမ်းချမ်းရေးရရန်အတွက်ဆိုလျှင် ဟန်ပြဖိုရမ်တွေထက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲများ၊ ဖက်ဒရယ်စနစ်နှင့် အာဏာခွဲဝေမှုဆိုင်ရာဆွေးနွေးပွဲများ၊ စစ်အုပ်စုသွေးခွဲထား၍ သွေးကွဲနေရသည့် လူမှုအသိုင်းဝိုင်းကြားက ဆွေးနွေးပွဲများ၊ လူငယ်နှင့် အမျိုးသမီးတွေပါဝင်သည့် ဆွေးနွေးပွဲများ၊ ထိခိုက်သေဆုံးရသူများနှင့်နစ်နာဆုံးရှုံးခဲ့ရသူအတွက် အမှန်တရားဖော်ထုတ်ရေးနှင့် တရားမျှတမှုဆိုင်ရာဆွေးနွေးပွဲလိုအပ်ပေသည်။

တနည်းအားဖြင့် ဖိုရမ်များ၏ ရည်ရွယ်ချက်သည် တစ်ဖက်နှင့် တစ်ဖက် အနိုင်ယူကြရန် မဟုတ်ဘဲ မတူကွဲပြားမှုကိုလက်ခံပြီး အာဏာခွဲဝေမှု၊ တရားမျှတမှု၊ တာဝန်ယူမှုနှင့် ယုံကြည် တည်ဆောက် ရေးတို့ကို အခြေခံထားသည့် အားလုံးအတူတကွနေထိုင်နိုင်မည့် ဖက်ဒရယ်ဒီမိုကရေစီ နိုင်ငံရေး စနစ်ဖြင့် အနာဂါတ်မျိုးဆက်သစ်တွေ အတွက် ပူးပေါင်းရှာဖွေရန်ပဲ ဖြစ်သင့်သည်။

မည်သို့ပင်ဖြစ်စေ သစ်ပင်များ ဝန်းရံထားပြီး ပရဝုဏ်ဝင်းကျယ်ကြီးတစ်ခုတွင် အုတ်တိုက်ဖြင့် စနစ်တကျ တည်ဆောက်ထားသည့် ကြသောင်းဆိပ်ကျေးရွာ စာသင်ကျောင်းသည် စစ်အုပ်စု၏ လေကြောင်း တိုက်ခိုက်မှုကြောင့် တခဏအတွင်း ရုပ်ဆိုးအကျည်းတန်သည့် အနိဋ္ဌာရုံ မြင်ကွင်းတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထို့ကြောင့် လက်ရှိတွင် ကြသောင်းဆိပ်ကျေးရွာအပါအဝင် ကရင်ဒေသအတွင်း စာသင်ကျောင်း တော်တော်များများမှ အနာဂတ်ကြယ်ပွင့်လေးများ၏ စာအံသံများလည်း ဆိတ်သုဉ်းသွားရသလို ဟန်ပြဖိုရမ်များအောက်တွင် ငြိမ်းချမ်ရေးသည် အလှမ်းဝေးနေဆဲဖြစ်သည်ကို အောက်ဖော်ပြပါ ဆရာမစကားသံ သက်သေပြနေပေသည်။

“ဗုံးကြဲတိုက်ခိုက်ခံရကတည်းက ကျမတို့ကျောင်းလည်း ပိတ်ပစ်လိုက်ရတယ်။” ဟု ကျောင်းဆရာမဖြစ်သူက ပြောဆိုသွားသည်။