အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာ MOU အလုပ်သမားများအနက် မြို့ (၈) ခုမှ ထုတ်ပေးထားသည့် ပတ်စပို့ကိုင်ဆောင်သူများကို ထိုင်းနိုင်ငံ၊ မြန်မာသံရုံး၌ ပတ်စပို့သက်တမ်းတိုးခွင့် ကန့်သတ်ထားခြင်းကြောင့် ပြည်တွင်းပြန်ရနိုင်သည့် အခြေအနေအပေါ် စိုးရိမ်မှု မြင့်တက်နေကြောင်း MOU အလုပ်သမားများနှင့် အလုပ်သမားအရေး လှုပ်ရှားသူများထံမှ သိရသည်။
မြစ်ကြီးနား၊ လားရှိုး၊ တောင်ကြီး၊ မုံရွာ၊ မကွေး၊ ပဲခူး၊ ဖားအံနှင့် မြဝတီ ပတ်စပို့ရုံးများမှ ထုတ်ပေးထားသည့် ပတ်စပို့စာအုပ်ကိုင်ဆောင်သူ ထိုင်းရောက်၊ နားလည်မှုစာချွန်လွှာ(MOU)သမားများ ဘန်ကောက်မြို့ရှိ စစ်အုပ်စု၏ မြန်မာသံရုံးတွင် ပတ်စပို့သက်တမ်းတိုး၍မရတော့ဘဲ ပြည်တွင်းပြန်တိုးရန် လတ်တလော ကန့်သတ်ခံထားရခြင်းဖြစ်သည်။
အဆိုပါကန့်သတ်ချက်ကြောင့် ပတ်စပို့သက်တမ်းကုန်ဆုံးသည့်အခါ မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ရနိုင်မှုအခြေအနေအပေါ် စိုးရိမ်မှုရှိနေပြီး ထိုင်းနိုင်ငံတွင် ဆက်လက်နေထိုင်အလုပ်လုပ်ကိုင်နိုင်ရန် နည်းလမ်းများကို စဉ်းစားလာကြသည်ဟု အလုပ်သမားများထံမှ သိရသည်။
“မြန်မာပြည်က နိုင်ငံရေးအခြေအနေနဲ့ သွားလာစရိတ်တွေနဲ့က ပြန်ဖို့အဆင်မပြေဘူး။ MOU သက်တမ်းကုန်ရင် ဘတ်ရိုက်ပြီးပဲ နေတော့မှာပေါ့။ အလုပ်က ဘတ်သမား လက်မခံရင်လည်း လက်ခံတဲ့အလုပ် ပြောင်းမယ်။ နိုင်ငံရေးအခြေအနေ မကောင်းဘဲနဲ့တော့ မပြန်ချင်ဘူး” ဟု ပတ်စ်ပို့သက်တမ်း ၂ နှစ်ကျန်ရှိသည့် ဘန်ကောက်ရောက် MOU လုပ်သားတစ်ဦးက ပြောသည်။
အလုပ်သမားများသည် မြန်မာနိုင်ငံသို့ ပြန်လည်ဝင်ရောက်ပါက စစ်မှုထမ်းရန် ပစ်မှတ်ထားခံရနိုင်မှုအပြင် လစာငွေ ၂၅ ရာခိုင်နှုန်းကို မိသားစုထံ တရားဝင်နည်းလမ်းဖြင့်လွှဲပို့စေခြင်းနှင့် သတ်မှတ်ဝင်ငွေခွန်ပေးဆောင်ရန် စစ်အုပ်စုက စည်းကြပ်ထားခြင်းအပေါ် အထောက်အထားပြရမည့် အခြေအနေကိုလည်း စိုးရိမ်နေကြသည်။
ယင်းကြောင့် MOU အစား ထိုင်းနိုင်ငံအတွင်း တရားမဝင်နေထိုင်ခြင်း သို့မဟုတ် ပန်းရောင်ကတ် ပြောင်းလဲလုပ်ကိုင်ခြင်းတို့ကို ရွေးချယ်ရန် ဖိအားဖြစ်လာကြောင်း ထိုင်းရောက်မြန်မာအလုပ်သမား အသိုင်းအဝိုင်းက ဆိုသည်။

ထို့အပြင် ယင်းကန့်သတ်ချက်ကြောင့် ဘန်ကောက်မြို့ရှိ မြန်မာသံရုံးတွင် ပတ်စပို့သက်တမ်းတိုးပေးနိုင်သည်ဟုဆိုကာ လိမ်လည်သည့် ပွဲစားများ ပေါ်ပေါက်လာပြီး အလုပ်သမားများ ငွေကြေးလိမ်လည်ခံရနိုင်သည့် အခြေအနေများ ရှိလာနိုင်ကြောင်း အလုပ်သမားအရေး ဆောင်ရွက်သူများက သုံးသပ်သည်။
ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးမိုးကျော်က “ဒီ ၈ မြို့မှာရှိတဲ့သူတွေက မြန်မာပြည်ပြန်ရမယ် တခြားမြို့နယ်ကသူတွေကျတော့ သံရုံးမှာ တိုးလို့ရတယ်ဆိုတာ မျှတမှုတော့ မဖြစ်ဘူး။ သူတို့ဘာလုပ်ချင်လဲဆိုတာ ပွင့်ပွင့်လင်းလင်းမရှိဘူး။ အခုအဲ့ဒီ အမိန့်ကြေညာစာတွေကလည်း တရားဝင်ထုတ်ပြန်တာ မဟုတ်ဘူး။ သံရုံးကိုပဲ အမိန့်စာပေးပို့တာ” ဟု ကေအိုင်စီကို ပြောသည်။
ထို့အတူ စစ်အုပ်စုက MOU အလုပ်သမားများစာရင်းကို အသုံးပြုပြီး စစ်မှုထမ်းရန် ပစ်မှတ်ထားနိုင်သဖြင့် ပြည်တွင်းသို့ ပတ်စ်ပို့သက်တမ်းပြန်တိုးရမည့် အလုပ်သမားများအနေဖြင့် ဖြစ်လာနိုင်သည့် အန္တရာယ်များကို သေချာစွာ စိစစ်တွက်ချက်ပြီးမှ ဆုံးဖြတ်ကြရန် အလုပ်သမားအရေး ဆောင်ရွက်သူများက သတိပေးသည်။
စစ်အုပ်စုသည် ပြီးခဲ့သည့် စက်တင်ဘာ ၁၈ ရက်မှစ၍ ခွင့်ဖြင့် ပြည်တွင်း ပြန်ရောက်လာသည့် မြန်မာလုပ်သားများ လစာ ၂၅ ရာခိုင်နှုန်း မိသားစုထံ လွှဲပို့ထားကြောင်းနှင့် သတ်မှတ်ထားသည့် ဝင်ငွေခွန် ပေးဆောင်ထားကြောင်း အထောက်အထားပြပြီးမှပြည်ပပြန်ထွက်ခွင့်ရမည့် ညွှန်ကြားချက်ထုတ်ထားသည်။
လက်ရှိတွင် အဆိုပါအထောက်အထား မပြနိုင်သဖြင့် ပြည်ပသို့ ပြန်လည်ထွက်ခွင့် ပယ်ချခံရသည့် MOU အလုပ်သမား ၂၀၀ ကျော်အထိ ရှိနေသည်။
အလားတူ ပြီးခဲ့သည့် ဩဂုတ်လထဲတွင်လည်း ထိုင်းနိုင်ငံ၊ ဘန်ကောက်သံရုံးတွင် သက်တမ်းတိုးမည့် PV(Passort for visit) ကိုင်ဆောင်သူမြန်မာပြည်သားများ စာအုပ်လဲခြင်း၊ သက်တမ်းတိုးခြင်းတို့အတွက် စစ်အုပ်စုက နေပြည်တော် ခွင့်ပြုချက်လိုအပ်ကြောင်း ပြောဆိုလုပ်ဆောင်မှုရှိခဲ့သည်။


















