အောက်တိုဘာ (၇) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ထိုင်းနိုင်ငံ၊ ကန်ချနဘူရီရှိ သက်ကြီးရွယ်အိုနှင့်စိတ်ကျန်းမာရေးစောင့်ရှောက်မှု စင်တာတစ်ခုတွင် သံတိုင်များကို လှောင်အိမ်သဖွယ် ကုတင်ဖြင့်တွဲလျှက်တပ်ဆင်ကာ လူနာများပိတ်လှောင်ထားသည့်ဖြစ်ရပ် ဖော်ထုတ်ခံရပြီးနောက် တစ်နိုင်ငံလုံးရှိ သက်ကြီးစောင့်ရှောက်ရေးစင်တာများကို စစ်ဆေးတော့မည်ဖြစ်ကြောင်း ထိုင်းကျန်းမာရေးဌာန၏ ယနေ့၊ အောက်တိုဘာ(၇)ရက်နေ့ ညွှန်ကြားချက်အရ သိရသည်။
ထိုင်းအာဏာပိုင်များသည် ကိုယ်ထိလက်ရောက်ကျူးလွန်မှုနှင့် မတရားချုပ်နှောင်မှု တိုင်တန်းချက်များကြောင့် အောက်တိုဘာ(၅) ရက်နေ့က အဆိုပါစင်တာအား ဝင်ရောက်စစ်ဆေးခဲ့ရာ အောက်တိုဘာ(၆)ရက်နေ့တွင် စင်တာပိတ်သိမ်းမှုလုပ်ဆောင်ခဲ့ခြင်းဖြစ်သည်။
ထို့နောက် အဆိုပါဖြစ်စဥ်နှင့်ဆက်စပ်၍ ထိုင်းနိုင်ငံတစ်ဝှမ်းလုံးရှိ သက်ကြီးရွယ်အိုစောင့်ရှောက်ရေး စင်တာများ၏ လိုင်စင်နှင့်စံနှုန်း၊ စောင့်ရှောက်ထားသောလူဦးရေ၊ စောင့်ရှောက်မှုနှင့် ဆေးဝါးအသုံးပြုမှု စသည်တို့ကို သတ်မှတ်ချက်နှင့်ကိုက်ညီမှု ရှိ မရှိ ထိုင်းနိုင်ငံ ကျန်းမာရေးဝန်ဆောင်မှုအထောက်အကူပြု ဦးစီးဌာန (HSS) က စစ်ဆေးသွားမည်ဟု ဆိုသည်။
အဆိုပါစစ်ဆေးမှုတွင် စင်တာစုစုပေါင်း(၁,၂၀၀)ခန့် ပါဝင်မည်ဖြစ်ပြီး စစ်ဆေးချိန်ကာလ နှစ်လအတွင်း လုပ်ဆောင်ရန် ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားသည်။
ကန်ချနဘူရီ စင်တာဖြစ်စဥ်တွင် သက်ကြီးရွယ်အိုများကို ပြန်လည်စောင့်ရှောက်လိုသည့် မိသားစုများထံ လွှဲပြောင်းပေးမည်ဖြစ်ပြီး ဆွေမျိုးမရှိသူများကို လူမှုဖွံ့ဖြိုးတိုးတက်ရေးနှင့် လူသားလုံခြုံရေးဝန်ကြီးဌာန (MSDHS) က တာဝန်ယူ စောင့်ရှောက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။
ထို့အပြင် အာဏာပိုင်များသည် တိုင်တန်းချက်အရ ကန်ချနဘူရီ သက်ကြီးစင်တာပိုင်ရှင်အား စစ်ဆေးနေပြီး CCTV မှတ်တမ်းများနှင့် သက်သေများကိုလည်း ကောက်ခံလျက်ရှိသည်။
လတ်တလောတွင် အဆိုပါစင်တာသို့ သားဖြစ်သူ၏ပို့ဆောင်မှုကြောင့် ရောက်ရှိခဲ့ဖူးသည့် Khun Phat အမည်ရ အမျိုးသမီးကြီးကလည်း ယင်းစောင့်ရှောက်ရေးစင်တာတွင် ရုပ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုများ၊ ချုပ်နှောင်မှုများနှင့် အိပ်ဆေးများကို ဖိအားပေး သောက်သုံးခိုင်းခြင်းများရှိသည်ဟု ထိုင်းမီဒီယာများထံ အတည်ပြုထားသည်။

ထို့အပြင် ဦးလေးချန် ဆိုသူ ထိုင်းနိုင်ငံသား သက်ကြီးရွယ်အိုတစ်ဦးက ၎င်းအား စင်တာရှိ လူ ၃ ယောက်မှ ၄ ယောက်အထိ ပါဝင်သောအဖွဲ့က ကားပေါ်မှ ဆွဲချကာ ဘောင်းဘီရှည်ကို ချွတ်ထုတ်၍ လူကြီးဒိုက်ပါ(သေးခံ)ကို ဝတ်ဆင်စေလျက် “ငါးကင်ကုတင်” ဟုခေါ်သည့် သံလှောင်အိမ်တပ် ကုတင်တွင် တစ်နာရီနီးပါး လှုပ်ရှား၍မရအောင် ပိတ်လှောင်ထားခဲ့ကြောင်း ထုတ်ဖော်ပြောဆိုမှုရှိသည်။
ဦးလေးချန်သည် အိမ်သာသွားခွင့်တောင်းသော်လည်း ငြင်းပယ်ခံရပြီး ဒိုက်ပါ နှင့် ဆေးသုတ်ပုံးအတွင်း၌သာ စွန့်ပစ်ခဲ့ရသလို နံနက်စာအဖြစ် အသီးမမှည့်သေးသည့် ငှက်ပျောသီးစိမ်းနှင့် ကော်ဖီကိုသာ ကျွေးမွေးခဲ့သဖြင့် လက်ရှိအချိန်ထိ စိတ်ဒဏ်ရာရသွားသည်ဟု မီဒီယာများထံ ဖွင့်ဟဝန်ခံသည်။
အောက်တိုဘာလ (၅) ရက်နေ့ ထိုင်းအာဏာပိုင်များ အဆိုပါစင်တာသို့ ဝင်ရောက်စီးနင်းချိန်တွင် ပိုင်ရှင်ဖြစ်သူက လုပ်ငန်းလိုင်စင်ထုတ်ပြနိုင်သလို ပုံမှန်သက်တမ်းတိုးကာ နှစ်စဥ် စစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်းလည်း ခုခံပြောဆိုကြောင်း သိရသည်။
ထို့အပြင် သံလှောင်အိမ်တပ် အိပ်ယာကုတင်များအသုံးပြုရခြင်းမှာ စိတ်ကျန်းမာရေးပြဿနာရှိသူနှင့် ပြင်းထန်သော လက္ခဏာရှိသူများအတွက်ဖြစ်ပြီး ယင်းလူနာများကြောင့် စင်တာအတွင်း ပျက်စီးဆုံးရှုံးမှု၊ လူနာအချင်းချင်း ခိုက်ရန်ဖြစ်ပွားမှုတို့မှ ကာကွယ်ရန်ဖြစ်သည်ဟုလည်း ပိုင်ရှင်က ပြောဆိုထားသည်။
အဆိုပါစင်တာကို ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် သက်ကြီးရွယ်အိုများ၊ စိတ်ကျန်းမာရေးချို့ယွင်းမှုကဲ့သို့ ပြုစုစောင့်ရှောက်မှုလိုအပ်သော လူနာများအတွက် ပြုစုရေးလုပ်ငန်းကို ပြောင်းလဲဆောင်ရွက်ခဲ့သည်။
စင်တာမပိတ်သိမ်းခင်က အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁၆ ဦး အပါအဝင် အလုပ်လုပ်ကိုင်သူ ဝန်ထမ်း ၁၉ ဦးရှိပြီး၊ လေအေးပေးစက်နှင့် ပန်ကာတပ် အခန်းများခွဲ၍ သက်ကြီးရွယ်အိုနှင့် လူနာ အမျိုးသား ၇၅ ဦး၊ အမျိုးသမီး ၁၇ ဦး (စုစုပေါင်း ၉၂ ဦး) ကို စောင့်ရှောက်မှုပေးထားခြင်းဖြစ်သည်။


















