Home သတင်း ကျုံပျော်မြို့နယ်တွင် လမ်းဘေးစက်သုံးဆီ ရောင်းချသူများအား စစ်ကောင်စီလိုက်လံဖမ်းဆီး

ကျုံပျော်မြို့နယ်တွင် လမ်းဘေးစက်သုံးဆီ ရောင်းချသူများအား စစ်ကောင်စီလိုက်လံဖမ်းဆီး

877
Photo: CJ

မတ်လ ၂၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်မြို့နယ်ရှိ ကျေးရွာအချို့တွင် မတ်လ (၁၈) ရက်နေ့နောက်ပိုင်းမှစ၍ စက်သုံးဆီလမ်းဘေးရောင်းချသူများအား စစ်ကောင်စီက လိုက်လံဖမ်းဆီးနေကြောင်း ဒေသခံများ၏ပြောပြချက်အရ သိရသည်။

ကျုံပျော်မြို့နယ်၊ ဖက်ကြီးကုန်းကျေးရွာတွင် စက်သုံးဆီသိုလှောင်ပြီးတဆင့် ပြန်လည်ရောင်းချ နေသူ များအား စစ်ကောင်စီက လိုက်လံဖမ်းဆီးနေရုံသာမက အဖမ်းခံရသူထံမှ ဆီပေပါပုံးများ ကို သိမ်း ဆည်း၍ ဒဏ်ကြေးငွေပါ ထပ်မံပေးဆောင်ခိုင်းသည်ဟု ‌ဒေသခံအမျိုးသမီးတစ်ဦးက ယခုလိုပြောသည်။

“ဖမ်းမိတဲ့သူတွေဆီက ဆီတွေကိုပေပါပုံးလိုက် သိမ်းသွားတယ်။ လျော်ကြေး(၆)သိန်းလည်း ပေးရတယ်။ ဆိုင်ကြီးတွေကိုတော့မဖမ်းဘူး။ အရင်တစ်ခေါက်ဓာတ်ဆီတွေပြတ်တုန်းကတောင် မဖမ်းဘဲနဲ့အခုမှ လမ်းဘေးဆိုင်လေးတွေကိုလိုက်ဖမ်းနေလို့ ကျမတို့ရွာမှာပေါ်တင်မရောင်းရဲကြတော့ဘူး ၊ ခိုးကြောင်ခိုးဝှက်နဲ့အခြေအနေကြည့်နေရတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

စက်သုံးဆီပြတ်လပ်မှုပြဿနာသည် ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် နှစ်ကုန်ပိုင်းကစ၍ ပိုမိုဆိုးရွားလာခဲ့ရာမှ နိုင်ငံတစ်ဝှမ်းရှိ မြို့နယ်၊ ကျေးရွာများအပါအဝင် မြို့ကြီးများတွင် အကန့်အသတ်ဖြင့်သာ ဆီကို ဝယ်ယူရရှိခြင်း၊ ဆီဈေးနှုန်းမြင့်တက်ခြင်းစသည့် နောက်ဆက်တွဲအများအပြား လက်ရှိအချိန်ထိ ဖြစ်ပေါ်နေခြင်းဖြစ်သည်။

ဧရာဝတီတိုင်းဒေသကြီးရှိ မြို့ရွာအများစုတွင် စက်သုံးဆီကို တစ်လီတာလျှင် ငွေကျပ်(၄,၀၀၀) ထောင်ပေးဝယ်နေရပြီး မြို့ပေါ်ရှိ စက်သုံးဆီဆိုင်များတွင်မူ တစ်ဦးလျှင် စက်သုံးဆီ တစ်လီတာအတွက် ငွေကျပ် (၃,၀၀၀) နှုန်းဖြင့် ဝယ်ယူရရှိကြောင်း အဆိုပါဒေသခံက ဆက်ပြောသည်။

၎င်းက“မြို့ပေါ်က ဆိုင်ကြီးတွေမှာ သွားတန်းစီရင်တော့ ဘူးနဲ့မရောင်းပေးဘူး။ တစ်ယောက်ကို သုံးထောင်ဖိုး ဆိုင်ကယ်ထဲ တန်းထည့်ပေးတယ်။ အဲ့ဒါကြောင့် ပိုက်‌ရော ပုံးရော ယူသွားပြီး တစ်ခါ ဝယ်ပြီးတာနဲ့ ခပ်လှမ်းလှမ်းနေရာမှာ ပိုက်နဲ့စုပ်ထုတ်ပြီးရင် ပုံးထဲထည့်၊ နည်းနည်းကြာမှ နောက် တခေါက်ပြန်သွား၊ အဲ့လိုလုပ်ပြီးဝယ်ရတယ်”ဟု အဆိုပါအမျိုးသမီးက ပြောသည်။

ထိုသို့ စက်သုံးဆီရှားပါး၍ ကုန်ဈေးနှုန်းကြီးမြင့်မှုကြောင့် လယ်ယာစိုက်ပျိုးရေးကို အများဆုံး အားထားလုပ်ကိုင်ရသော ဧရာဝတီတိုင်းအတွင်းရှိ ဌာနေလူထုမှာ ရေသွင်းစိုက်ပျိုးရေး ကောင်းစွာ မလုပ်ကိုင်နိုင်သော အခက်အခဲများတွေ့ကြုံနေရသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီ၏ နိုင်ငံခြားငွေကြီးကြပ်မှုကော်မတီက စက်သုံးဆီတင်သွင်းသောလုပ်ငန်းရှင်များအား ဒေါ်လာရောင်းမပေးတော့သည်မှ အစပြု၍ ဆီပြတ်လပ်မှုနှင့် ဆီဈေးကြီးမြင့်မှုများဖြစ်ပေါ်လာရသလို စက်သုံးဆီတင်သွင်းမှုသည်လည်း စစ်တပ်အာဏာသိမ်းမှုမတိုင်ခင်ကထက် ထက်ဝက်ခန့်လျော့ ကျသွားကြောင်း ဆီလုပ်ငန်းရှင်များ၏ပြောပြချက်အရ သိရသည်။

အလားတူ ပုသိမ်မြို့ပေါ်တွင်လည်း ထိုရက်က လမ်းဘေး စက်သုံးဆီရောင်းချသူများအား စစ်တပ်က လိုက်လံဖမ်းဆီးမှု ပြုလုပ်ခဲ့သဖြင့် အရောင်းပိတ်ခဲ့ရသော်လည်း လက်ရှိတွင် ပြန်လည်ရောင်း ချနေပြီဖြစ်သည်ဟု ပုသိမ်မြို့နေဒေသခံများက ပြောသည်။