Home သတင်း ရေတာရှည်မြို့နယ်ရှိ ရွာသုံးရွာ ဗုံးကြဲခံရပြီး ကလေးငယ်(၃)ဦးအပါအဝင် ဒေသခံ(၅)ဦး သေဆုံး

ရေတာရှည်မြို့နယ်ရှိ ရွာသုံးရွာ ဗုံးကြဲခံရပြီး ကလေးငယ်(၃)ဦးအပါအဝင် ဒေသခံ(၅)ဦး သေဆုံး

717
Photo: CJ

ဖေဖော်ဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်ရှိ ပိတောက်ကုန်း၊ စည်ပိုင်းနှင့် မိချောင်းအိုင် ကျေးရွာတို့ အား ယမန်နေ့ ဖေဖော်ဝါရီလ(၂၁)ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အသက် မပြည့်သေးသော ကလေးငယ်(၃)ဦးအပါအဝင် ဒေသခံ(၅)ဦး သေဆုံးခဲ့ရကြောင်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ သိရသည်။

ပစ်ခတ်မှုဖြစ်ပွားသည့် နေရာအနီးတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက ဗုံးကြဲချမှုကြောင့် စည်ပိုင်းကျေးရွာရှိ နေအိမ်တစ်အိမ်ပေါ်သို့ ဗုံးသီးတိုက်ရိုက်ကျရောက်ပြီး အသက်မပြည့်သေးသော မိန်းကလေးငယ်(၃)ဦး သေဆုံး ခဲ့ရသလို ပိတောက်ကုန်းကျေးရွာနေ ဒေသခံ(၂) ဦးလည်း သေဆုံးခဲ့ရခြင်းဖြစ်သည်ဟု အမည်မဖော်လိုသူရွာခံတစ်ဦးက ပြောသည်။

၎င်းက “ပိတောက်ကုန်းက လူကြီးနှစ်ယောက်သေတယ် စည်ပိုင်းက ကလေးသုံးယောက်၊ မိန်းကလေးတွေချည်းပဲ ကလေးတွေက အိုးပုတ်လေးတွေနဲ့ဆော့နေတုန်း လေယာဥ်လာတော့ အိမ်ပေါ်တည့်တည့်ကျသွားတာ။ ချတာ ကတော့ ရမ်းချတာပဲ။ မိချောင်းအိုင်ကိုလည်း သုံးလုံးကြဲချတယ်” ဟု ကေအိုင်စီသို့ ပြောသည်။

စစ်တောင်းမြစ်အရှေ့ဘက်ကမ်းရှိ အဆိုပါ ကျေးရွာများသည် ယခင်ကတော်လှန်ရေးတပ်ဖွဲ့များနှင့် စစ်ကောင်စီတို့ တိုက်ပွဲဖြစ်ပွားစဥ် နေရပ်ရှောင်တိမ်းရသော ကျေးရွာများဖြစ်ပြီး ယခုတစ်ခေါက် တိုက်ပွဲဖြစ် ပွားခြင်းမရှိသော် လည်း အရှေ့ဘက်ကမ်းတွင် တော်လှန်ရေးတပ်ဖွဲ့ အင်အား များပြားလာသည့်သတင်းကြောင့် ထိုကဲ့သို့ ဗုံးကြဲ ချခြင်းဖြစ်နိုင်သည်ဟုလည်း နောက်ထပ်ဒေသခံတစ်ဦးကလည်း ပြောသည်။

“ပိတောက်ကုန်း၊ စည်ပိုင်း အရင်က အမြဲတိုက်ပွဲဖြစ်ရင် ပြေးရတဲ့ရွာတွေပဲ။ တိုက်ပွဲမဖြစ်ဘူး ရွာထဲက လူတွေကလည်း လုပ်စရာရှိတာ လုပ်နေကြတာ အဲ့မှာ လေယာဉ်လာပြီး ပစ်ချတာပါ။ ကြားရတာကတော့ အဲဒီရွာတွေရှိတဲ့ စစ်တောင်းအရှေ့ဘက်ကမ်းမှာ ကာကွယ်ရေးတပ်ဖွဲ့တွေ တော်တော်များတယ်။ ဒီတော့ စစ်တပ်က ကူးမလာရဲဘူး။ အဲဒါကြောင့် မနိုင်နိုင်တဲ့နည်းနဲ့ လေကြောင်းသုံးတာ” ဟု ၎င်းမြို့ခံက ပြောသည်။

Photo: CJ

အဆိုပါကျေးရွာများသို့ စစ်တပ်ကလေကြောင်းဖြင့် (၈၁) မမ ဗုံးသီး(၁၂)လုံးဖြင့်သာမက စက်လက်နက်များဖြင့်ပါ ကြဲချပစ်ခတ်ခဲ့သဖြင့် ဒေသခံများသေဆုံးခဲ့ရသလို နောက်ထပ်ဒေသခံ (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ရေတာရှည်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တစ်ဖွဲ့ဖြစ်သော ဒေါင်းမင်းသားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ထိခိုက်ဒဏ်ရာရရှိသူဒေသခံများ၏ အခြေအနေအသေးစိတ်ကို ကေအိုင်စီအနေဖြင့် သီးခြားစုံစမ်းနေဆဲဖြစ်သော်လည်း ၎င်း (၅) ဦးအနက်မှ တစ်ဦးမှာ ဒဏ်ရာပြင်းထန်သဖြင့် ဆွာမြို့ တိုက်နယ်ဆေးရုံသို့ အရေးပေါ် ပို့ဆောင်ကုသနေရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များ မှ သိရသည်။

ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ခြမ်းရှိ နယ်မြေများသည် နှစ်ဖက်ထိတွေ့တိုက်ပွဲများ မကြာခဏဖြစ်ပွားသလို စစ်ကောင်စီ၏ လေကြောင်းနှင့်လက်နက်ကြီးပစ်ခတ်မှု သာမက၊ နေအိမ်မီးရှို့ဖျက်ဆီးမှုများကို မကြာခဏခံနေရသော နေရာများလည်း ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ စက်တင်ဘာလပိုင်းကလည်း အရှေ့ဘက်ခြမ်းရှိ စည်ပိုင်းရွာ၊ ရှမ်းရွာလေး၊ ပိန္နဲပင်ရွာ၊ အောက်ပိုင်းရွာ အစရှိသည့် ကျေးရွာများသို့ လက်နက်ကြီးအပါအဝင် လေကြောင်းဖြင့် (၁၇)ကြိမ်တိုင်တိုင် ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပြီး အောက်ပိုင်းရွာနေ ဒေသခံ လင်မယား(၂)ဦး လက်နက်ကြီးကျည်ထိမှန် သေဆုံးခဲ့ရသေးသည်။