Home သတင်း ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်း ၂ ခု တိုက်ခိုက်ခံရ

ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်ဂိတ်စခန်း ၂ ခု တိုက်ခိုက်ခံရ

763
Photo-Iron LAF

ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်ရှိ စစ်ကောင်စီတပ်၏ ဂိတ်စခန်း ၂ ခုကို ဖေဖော်ဝါရီလ ၁၁ ရက်၊ နံနက် ၁၀ နာရီခွဲအချိန်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် -KNLA ပူးပေါင်းတပ်ဖွဲ့က ဒရုန်းဖြင့်ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF က ယမန်နေ့တွင် သတင်းထုတ်ပြန်ထားသည်။

အဆိုပါ နယ်မြေမှ စစ်ကောင်စီတပ်၏ စစ်တောင်းတံတားသစ်ဂိတ်နှင့် မုပ္ပလင်လမ်းဆုံရဲဂိတ်ကို တော်လှန်ရေးပူး ပေါင်းတပ် ၇ ဖွဲ့ပေါင်းစည်း၍ ဒရုန်းဖြင့် ၃ ကြိမ်တိတိ ဗုံးကြဲတိုက်ခိုက် ခဲ့ခြင်းဖြစ်ကြောင်း ကျိုက်ထိုတော်လှန်ရေး အင်အားစု KRF ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့နှင့် စစ်ဆင်ရေးဖော်ဆောင်လျက်ရှိသည့် Yangon Eagles (EB)၏ တာဝန်ရှိသူ တစ်ဦးက “စစ်တောင်းတံတားဂိတ်သစ်နဲ့မုပ္ပလင်လမ်းဆုံဂိတ်ကို ပူးပေါင်းအဖွဲ့တွေ ဒရုန်းတွေနဲ့သွား ချကြတယ် လို့ သိရပါတယ်။ မုပ္ပလင်ဂိတ်က စစ်ကောင်စီတပ်သား တစ်ဦးသေဆုံးတယ်လို့ သိထားတယ်။ နောက်ဆက် တွဲအနေနဲ့ကတော့ မနေ့က ညနေပိုင်းလောက် လက်နက်ကြီးပစ်သံ ၄ ချက်လောက်ကြားရတယ်။ ဘယ်နေရာကို ကျလဲတော့မသိဘူး”ဟု ပြောသည်။

Photo-Iron LAF

အဆိုပါ စစ်ကောင်စီတပ်၏ ဂိတ်စခန်း ၂ ခုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် – KNLA ၊ Iron Adventure Force (IAF)၊ ကဝ ပကဖ Drone Team၊ အင်းတကော် ပကဖ Drone Team၊ ရန်ကုန် မြောက်ပိုင်း ခရိုင် ပကဖ Drone Team ၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု KRF နှင့်ကျိုက်ထိုပကဖ စသည့်ပူးပေါင်းတပ်ဖွဲ့က ပူးပေါင်း တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ပြီးခဲ့သည့် ဇန်နဝါရီလ ၁၇ ရက်နှင့် ယခုလ ဖေဖော်ဝါရီ ၅ ရက်နေ့ တွင်လည်း ကျိုက်ထိုမြို့နယ် သိမ်ဇရပ် ရဲစခန်းကို တော်လှန်ရေးပူပေါင်းတပ်ဖွဲ့က ၄၀ မမဗုံးပစ်လောင်ချာ၊ ဒရုန်းဗုံးသီး ၆၀ မမ များဖြင့် ၂ ကြိမ်အထိ တိုက်ခိုက်ခဲ့ပြီး တိုက်ခိုက်အတွင်း စစ်ကောင်စီ လက်အောက်ခံ ရဲတပ်သားအချို့ ထိမှန်ခဲ့ကြောင်း Yangon Eagles (EB)က ပြောသည်။

အလားတူ မွန်ပြည်နယ်တွင် KNLA အပါအဝင် အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF၊ ကျိုက်ထို တော်လှန် ရေး အင်အား စု-KRF၊ ဘီးလင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ရေးဘီလူးတပ်ဖွဲ့၊ ရေးမြို့နယ် ကာကွယ်ရေးအထူး တပ်ဖွဲ့ -YSTF၊ ရေးပြောက်ကျားတပ်ဖွဲ့ -YGF နှင့် သထုံခရိုင်အလုပ်အဖွဲ့(ABSDF)၊ ဒေါန စစ်ကြောင်း နှင့် မွန်ပြည်တော် လှန်ရေးတပ် (MSRF) စသည့် တော်လှန်ရေးအင်အားစုများက နယ်မြေဒေသအတွင်းရှိ ပူးပေါင်း စစ်ဆင်ရေးများကို ဖော်ဆောင်နေလျက်ရှိသည်။