ဖေဖော်ဝါရီလ ၁၂ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကော့ကရိတ်မြို့အတွင်း စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA မဟာမိတ် ပူးပေါင်းတပ်များ တိုက်ပွဲဆက်လက်ဖြစ်ပွားရာတွင် ဒရုန်းဗုံးသီးနှင့် လက်နက်ကြီးများကြောင့် မြို့ခံလူနေအိမ်များ နေ့စဉ်မီးလောင်ပျက်စီးလျက်ရှိသည်ဟု နေအိမ်မီးလောင်ဆုံးရှုံးခံရသည့် ဒေသခံများက ကေအိုင်စီသို့ ပြောသည်။
ယမန်နေ့ ဖေဖော်ဝါရီ ၁၁ရက်နေ့တွင် ကော့ကရိတ် မြို့တွင်း တောင်ပေါ်ကျောင်း နေရာနှင့် မြို့မြောက် ပိုင်းအထွက် စစ်တပ်အမှတ် (၃) စစ်ဆေးရေးဂိတ်၊ ခရိုင်ရဲရုံးကုန်းနေရာများဘက်တွင် ဖားအံမှ စစ်ကူ တက်လာသည့် စစ်တပ်များနှင့် တော်လှန်ရေးတပ်ဖွဲ့တို့ တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ပြီး ချောင်း တောင်ရပ်ကွက်ဘက်သို့ လက်နက်ကြီးကျပေါက်မှုကြောင့် လူနေအိမ် ၅ လုံးခန့် ထပ်မံ မီးလောင် ပျက်စီးသေးကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များက ပြောသည်။
၎င်းစစ်ရေးသတင်းအရင်းအမြစ်က “PDF တွေ မြို့ထဲ ရှိနေတယ်ဆိုပြီး အိမ်တွေကို ဖျက်နေ တာမျိုးပေါ့။ ဒရုန်း ဗုံးချတော့ အိမ်မီးလောင်တာက ခဏခဏ ဖြစ်တယ်။ လက်နက်ကြီးထိပြီး ပြိုတာ ပျက်တာတွေ လည်းရှိတယ်။ ဘုန်းကြီးကျောင်းတွေဆို ပျက်စီးတာပိုများတယ်။ မနေ့ကတော့ ချောင်းတောင်ပိုင်းမှာ အိမ် ၅ လုံးလောက်မီးလောင်သွားတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။
တိုက်ပွဲစတင်ဖြစ်ပွားသည့် ဇန်နဝါရီလ ၁ ရက်မှ ယခု ဖောဖော်ဝါရီ လ ၁၁ ရက်အထိ ကော့ကရိတ် ရပ် ကွက် ၇ ခုမှ လူနေအိမ် ၃၀၀ နီးပါး မီးလောင်ပျက်စီးမှုရှိနေပြီး နေရပ်စွန့်ခွာ စစ်ဘေးရှောင် နေရသူ သုံးသောင်းကျော်မှာ တိုက်ပွဲလွတ်ရာနေရာများတွင် ပြန့်ကျဲနေထိုင်စစ်ရှောင် နေကြရ သည့်အတွက် စားသောက်စရာ ရိက္ခာပြတ်လပ်မှုနှင့် နေရာထိုင်ခင်း အခက်အခဲ ကြုံနေရကြောင်း သိရှိရသည်။

သာမညတောင်ယာယီစစ်ဘေးရှောင်နေရာတွင် နေထိုင်ခိုလှုံနေ သည့် ကော့ကရိတ်မြို့ခံ တစ်ဦး က “ကျမတို့ အိမ်က ဟိုအရင်လ ဇန်နဝါရီကတည်းက လက်နက်ကြီး ကျပေါက်တယ်။ အိမ်သာခန်း၊ မီးဖိုခန်း ပျက်စီးတယ်။ အခုတိုက်ပွဲဆက်ဖြစ်နေတာမှာ ဒီရက်ထဲဒရုန်းဗုံးချတာ ကျပေါက်ပြီး အိမ် ပါထပ်မီး လောင်သွားပြီ။ ကျမတို့တိုက်ပွဲ စဖြစ်ကတည်းက သာမညတောင်ကျောင်းမှာ စစ်ရှောင်နေတာ အိမ်ပြန် မကြည့်ရဘူး။ ကော့ကရိတ်ပြန်ဝင်ကြတဲ့သူတွေ လှမ်းပြောတာမှာ သိရတာ။ အခုကနေ့တိုင်း လက်နက်ကြီးပစ်ပြီး ရပ်ကွက်တွေကို ဖျက်နေတယ်လို့ ပြောတော့ ကျမတို့ မပြန်ရဲသေးဘူး ”ဟု ပြောသည်။
လတ်တလော စစ်တပ်က ကော့ကရိတ်မြို့တွင်းသို့ စစ်ကူများ ထပ်မံဖြည့်တင်းရောက်ရှိနေ သော်လည်း နှစ်ဖက်စစ်ရေးတင်းမာနေသည့် နေရာများသို့ စစ်ကြောင်းပုံစံဖြင့် စခန်း အပြင်ဘက်လှည့်လည်သွားလာပြီး တိုက်ခိုက်မှုမျိုးမရှိဘဲ စခန်းချတပ်စွဲထားသည့် နေရာများမှ လက်နက်ကြီးနဲ့ ပစ်ခတ်ခြင်း၊ ဒရုန်းယာဉ်ဖြင့် ကင်းထောက်ပြီး Drop Bomp ကြဲချတိုက်ခိုက်ခြင်းများကို နေ့စဉ် လုပ်ဆောင်လျက်ရှိနေကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်များ ပြောစကားအရ သိရသည်။



















