Home သတင်း စစ်ဘေးသင့် ကျောင်းသူ/သားများနှင့်အတူ ရပ်တည်ကြောင်း ထိုင်းနယ်စပ်ရှိ ရွှေ့ပြောင်း ကျောင်းဆရာနှင့်ကျောင်သူ/သားများ ပြော

စစ်ဘေးသင့် ကျောင်းသူ/သားများနှင့်အတူ ရပ်တည်ကြောင်း ထိုင်းနယ်စပ်ရှိ ရွှေ့ပြောင်း ကျောင်းဆရာနှင့်ကျောင်သူ/သားများ ပြော

810
Photo-KIC

ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ထိုင်း−မြန်မာနယ်စပ်တွင် အေးချမ်းစွာ ပညာသင်ကြားခွင့်ရရှိနေသော်လည်း ပြည်တွင်းရှိ တိုက်ပွဲကြားမှ ပညာသင်ကြားနေကြရသော ကျောင်းသူ/သားများနှင့်အတူ ရပ်တည်နေကြောင်း ထိုင်း-မြန်မာ နယ်စပ် ဖုတ်ဖရတ်မြို့နယ်ရှိ မြန်မာရွှေ့ပြောင်းကျောင်းတစ်ကျောင်းဖြစ်သည့် သူးမွဲခီးစာသင်ကျောင်းမှ ကျောင်းဆရာများနှင့် ကျောင်းသူ/သားများက ပြောဆိုသည်။

ယမန်နေ့ ဖေဖော်ဝါရီလ ၉ ရက်နေ့တွင် ပြုလုပ်ကျင်းပသည့် သူးမွဲခီးရွှေ့ပြောင်းစာသင်ကျောင်း၏ ကျောင်းသူ/ကျောင်းသားများ အားကစားပွဲတော် အခမ်းအနားတွင် တက်ရောက်လာသည့် ကျောင်း အုပ်ဖြစ်သူနှင့် ကျောင်သူကျောင်းသားများက ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

မြန်မာပြည်တွင် စစ်မက်ဖြစ်ပွားရာဒေသတွင်းရှိ စာသင်ကျောင်း အဆောက်အဦးများကို စစ်ကောင်စီ တပ်က လေကြောင်းမှတစ်ဆင့် ဗုံးကြဲမှုနှင့် လက်နက်ကြီးပစ်ခတ်တိုက်ခိုက်နေမှုဖြစ်စဉ်များကို အများသိရှိရန် နယ်စပ်ကျောင်းနှင့် နိုင်ငံတကာဟောပြောပွဲများတွင် တင်ပြဆွေးနွေးမှုများ လုပ်ဆောင်ပေးလျက်ရှိသည်ဟု သူးမွဲခီးကျောင်းအုပ်ဖြစ်သူ စောပွေဒို့က ကေအိုင်စီသို့ ပြောသည်။

၎င်းက “မြန်မာပြည်ထဲက ကျောင်းတွေဟာ ဆိုလို့ရှိရင် ဗုံးကြဲပြီးတော့ ဖျက်ဆီးခံရတာရှိတယ်။ ကလေး တွေနဲ့ကျောင်းဆရာမတွေက ဘာမှအပြစ်မရှိဘူး။ ဒါပေမယ့် သူတို့ သတ်ဖြတ်ခံနေရတယ်။ ကျနော်တို့ လုပ်ပေးနိုင်တဲ့အရာတစ်ခုကတော့ သူတို့တွေအတွက် ရှေ့ထွက်ပြီးတော့ ဒီဖြစ်စဉ်တွေကို နိုင်ငံတကာ က သိအောင်တင်ပြပေးတာ၊ ဟောပြောပေးနေတယ်။ ဒီအကြောင်းကို ကမ္ဘာကသိအောင်တင် ပြပေးရ မယ်။ အဲ့လိုမျိုးတင်ပြတဲ့အပေါ်မှာ အကြမ်းဖက် စစ်ကောင်စီအတွက် ဖိအားတွေ ဖြစ်လာပြီးတော့ ခံနေရတဲ့သူတွေအတွက် ကူညီထောက်ပံ့မှုတွေ ဖြစ်လာမယ်”ဟု ပြောသည်။

ထို့အပြင် စစ်ကောင်စီတပ်က စာသင်ကျောင်းအဆောက်အဦးများကို လေကြောင်းဖြင့် ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်နေမှုများကို ရပ်တန့်သွားအောင် ပြည်တွင်းရှိစာသင်ကျောင်းများဖြစ်စေ၊ နယ်စပ်ဒေသမှ စာသင်ကျောင်းများဖြစ်စေ မိမိတတ်နိုင်သည့်ဘက်မှ ဖိအားပေးလှုပ်ရှားမှုများ လုပ်ဆောင်သွားရမည်ဖြစ် ကြောင်းလည်း သူးမွဲခီးကျောင်းအုပ် စောပွေဒို့က ဆက်ပြောသည်။

အမျိုးသားညီညွတ်ရေးအစိုးရ -NUG၏ ထုတ်ပြန်ထားသော မှတ်တမ်းအရ စစ်တပ်အာဏာ သိမ်းယူ ထားသည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၁)ရက်မှ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၆)ရက်နေ့အထိ စစ်ကောင် စီက နည်းမျိုးစုံဖြင့်ဖျက်ဆီးခဲ့သဖြင့် တစ်နိုင်ငံလုံးမှ စာသင်ကျောင်းပေါင်း ၂၀၀ နီးပါး ပျက်စီးခဲ့ရပြီး အသက်(၁၈)နှစ်အောက် ကလေးငယ် (၆၃၀) ဦး စစ်ကောင်စီလက်ချက်ဖြင့် အသက်သေဆုံးခဲ့ရကြောင်း ဖော်ပြထားသည်။

Photo-KIC

ယခုလ ဖေဖော်ဝါရီလ(၅)ရက်နေ့တွင်လည်း ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီနှင့် လွိုင်နန်းဖကျေးရွာ စာသင်ကျောင်းကို စစ်ကောင်စီက လေကြောင်းရော၊ လက်နက်ကြီးပါ အသုံးပြု တိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်(၄)ဦးအပါအဝင် (၅)ဦးသေဆုံး၍ မူကြိုအရွယ်ကလေး တစ်ဦးနှင့် ဆရာ ဆရာမ(၂)ဦးအပါအဝင် စုစုပေါင်း (၂၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု ကရင်နီလူ့အခွင့်အရေးအဖွဲ့ -KnHRG ထုတ်ပြန်ထားသည်။

ထို့ကြောင့် စစ်ကောင်စီတပ်၏ ဗုံးကြဲတိုက်ခိုက်ခံရမှုအကြားတွင် ပညာသင်ယူနေကြသည့် ပြည်တွင်းမှ စစ်ဘေးစစ်ဒဏ်သင့် ကျောင်းသူ/သားများနှင့်အတူ ရပ်တည်နေပြီး ရှေ့ဆက်တွင်လည်း ယခုလို နိုင်ငံရေးအခြေအနေဆိုးမှ ပညာသင်ကြားနေရမှုကို မလိုလားတော့ဘဲ အေးချမ်းစွာ ပညာသင်ကြား စေလိုကြောင်း သူးမွဲခီးကျောင်းသူက နော်မီးမီးကလည်း ပြောသည်။

“ကျမတို့တွေက အခုလိုမျိုးအချိန်မှာ ကောင်းကောင်းမွန်မွန် ပညာသင်ကြားနေရပေမဲ့ ပြည်တွင်း မှာရှိတဲ့ ညီအစ်ကိုမောင်နှမ ကျောင်းသူကျောင်းသား လေးတွေကို ကျမတို့ မမေ့ဘူး။ အမြဲတမ်း သူတို့နဲ့ အတူရှိနေတယ်။ သူတို့ကို ပါဝင်ကူညီလုပ်ဆောင်သွားမယ်။ ရှေ့ဆက်မှာတော့ ဒီလိုမျိုးနိုင်ငံရေးအခြေ အနေကြောင့် ထွက်ပြေးဘဝမလုံခြုံတာတွေကို မလိုလားတော့ဘူး။ အေးအေးချမ်းချမ်းနဲ့ အားလုံးကို ပညာသင် ကြားခွင့်ရစေချင်တယ်”ဟု ကျောင်းသူ နော်မီးမီးက ပြောသည်။

ယမန်နေ့ ပြုလုပ်သည့် သူးမွဲခီးရွှေ့ပြောင်းကျောင်း၏ ကျောင်းသားအားကစားပွဲသို့ ကျောင်း တာဝန်ရှိ သူများ၊ ဒေသခံထိုင်းတာဝန်ရှိသူများနှင့် ကျောင်းသူကျောင်းသားများ အပါအဝင် စုစုပေါင်း နှစ်ထောင်ခန့် တက်ရောက်ခဲ့ကြပြီး ကျောင်းသူ/သားများက ကျောင်းဆောင်ကို တစ်ပတ်ပတ်ပြီး ချီတက်လမ်းလျှောက်ခြင်း၊ ကြွရောက်လာသည့် ဧည့်သည်များအား ဒုံးယိမ်းအကဖြင့်ဖျော်ဖြေပြီးနောက် အကပြပွဲ၊ ဘောလုံးပြိုင်ပွဲ၊ အပြေးပြိုင်ပွဲ၊ ပိုက်ကျော်ချင်းပြိုင်ပွဲနှင့် ဘော်လီဘောပြိုင်ပွဲများကို ထည့်သွင်း ပြုလုပ်ပေးခဲ့သည်။

သူးမွဲခီးရွှေ့ပြောင်းကျောင်းကို ပြည်တွင်းမှ အခြေအနေအရပ်ရပ်ကြောင့် နယ်စပ်ဒေသသို့ တိမ်းရှောင် လာသည့် ကျောင်းသူကျောင်းသားများ ဆက်လက်ပညာသင်ကြားပေးနိုင်ရန် ရည်ရွယ်၍ ၂၀၀၂ ခုနှစ် တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်သည်။ ယခုနှစ် ပညာသင်နှစ်တွင် မူကြိုအဆင့်မှ အထက်တန်း လွန်အဆင့်အထိ ကျောင်းသူကျောင်းသားပေါင်း ၂၀၀၀ ကျော် ပညာသင်ကြားလျက်ရှိသည်။

ထိုင်း-မြန်မာနယ်စပ် မဲဆောက်၊ ဖို့ဖရတ်၊ မဲရမတ်နှင့် ထာ့ဆောင် ယန်းမြို့နယ်အပါအဝင် ယခုနှစ် ပညာသင်နှစ်တွင် မြန်မာရွှေ့ပြောင်းစာသင်ကျောင်း ၆၅ ကျောင်းမှ ကျောင်းသူကျောင်းသားစုစုပေါင်း ၁၄၆၂၉ ဦး ပညာသင်ကြားနေသည်ဟု Migrant Educational Coordination Center -MECC ၏ ဝက်ဘ်ဆိုက်စာမျက်နှာတွင် ဖော်ပြထားသည်။