Home သတင်း တောင်ငူမြို့အတွင်း အိမ်ငှားခဈေးတက်၍ စစ်ဘေးရှောင်ကူညီနေသူများ အခက်ကြုံ

တောင်ငူမြို့အတွင်း အိမ်ငှားခဈေးတက်၍ စစ်ဘေးရှောင်ကူညီနေသူများ အခက်ကြုံ

754
Photo-CJ

ဖေဖော်ဝါရီလ ၁၀ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့တွင် အိမ်ငှားခများဈေးတက်ပြီး အိမ်ရှင်နှင့် ညှိနှိုင်း ၍မရသဖြင့် မြို့ပေါ်သို့ တိုက်ပွဲကြောင့် စစ်ဘေးရှောင်လာသူများအား နေရာချထားပေးရာတွင် အခက်အခဲတွေ့ကြုံနေရကြောင်း မြို့ခံစစ်ဘေးရှောင်ကူညီနေသူများ ထံမှ သိရသည်။

ကရင်ပြည်နယ်၊ သံတောင်ကြီးနှင့် ပဲခူးတိုင်းအတွင်း စစ်တပ်အာဏာသိမ်းပြီးနောက် နှစ်ဖက်ဖြစ် ပွားသောတိုက်ပွဲများနှင့် ယခုရက်ပိုင်းအတွင်းဖြစ်ပွားနေသော ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့ မှတိုက်ပွဲများကြောင့် ဒေသခံအများစုမှာ နီးစပ်ရာတောင်ငူမြို့ရှိ ဘာသာရေးအဆောက်အဦးများတွင် စစ်ဘေးတိမ်းရှောင်နေထိုင်ကြရခြင်းဖြစ်သည်။

ဘာသာရေးအဆောက်အဦးအများစုတွင် စစ်ဘေးရှောင်အရေအတွက် များပြားလာသဖြင့် စစ်ရှောင် ကူညီနေသူများက တောင်ငူမြို့အတွင်း အိမ်များငှားရမ်း နေရာချထားပေးနေသော်လည်း ယခုနောက်ပိုင်း အိမ်ငှားခများ ဈေးအဆမတန်တက်လာသည့်အပြင် လချုပ်နှစ်ချုပ်ပေးဆောင်မှ ငှားရမ်းပေးမည့်အခြေ အနေများကြောင့် အခက်တွေ့နေရကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

မြို့ခံအမျိုးသမီးတစ်ဦးက “ပုံမှန်ဆို လုံးချင်းအိမ်တစ်လုံးကို ၂ သိန်းယူတာ၊ အခုကျမှ ၈ သိန်းကနေ ၁၀ သိန်းအထိမှ ငှားပေးတယ်။ ပြီးတော့ ၆ လချုပ်မှငှားမယ်ဆိုတာတွေဖြစ်ကုန်တယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် တောင်ငူမြို့ရပ်ကွက်ကြီးများတွင် စစ်ရှောင်များထားမည့်အိမ်ငှားရမ်းခြင်းအတွက် အိမ်ပွဲ စားများအား ပွဲစားခပေးနေရသလို ငှားရမ်းသည့်သက်တမ်းတစ်နှစ်စာချုပ်ချုပ်ဆိုနိုင်မှ ငှားရမ်းပေး မည်ဟု ပြောဆိုမှုရှိလာသဖြင့် ငွေကြေးအရ မတတ်နိုင်ကြတော့ကြောင်း စစ်ရှောင်ကူညီနေသူနောက်ထပ် အမျိုးသမီးက ဆိုသည်။

၎င်းက “နှစ်သိန်းခွဲနဲ့ တစ်နှစ်ချုပ်ခေါ်တာ ကျမတို့မတတ်နိုင်ဘူးလေ၊ အဲ့ဒါနဲ့ပဲမယူတော့ဘူး။ စပေါ်တင် လည်းတင်ရတယ်။ တင်တာတောင် ပွဲစားကတစ်သိန်းထပ်တောင်းသေးတယ်။ ရတဲ့ အလှူငွေထဲက တစ်လတစ်လ ရှင်းပေးရတာပေါ့။ ကျမတို့ငှားပေးထားတဲ့အိမ်မှာဆို အသက် (၇၀)ဝန်းကျင် လူကြီးငါးယောက်တစ်ယောက်က ဆီးချိုဖြစ်နေတော့ အိပ်ရာထဲမှာ နေတာပဲများတယ်။” ဟု ပြောသည်။

ထို့အတူ စစ်ရှောင်ပြည်သူများနေထိုင်ရာနေအိမ်များအား စစ်တပ်က အချိန်မရွေး ဝင်ရောက်စစ်ဆေးမှုများ လုပ်ဆောင်ကြသဖြင့် အိမ်ပိုင်ရှင်များအနေဖြင့် အိမ်ငှားမတင်ရဲကြခြင်းမျိုး လည်းရှိကြောင်း မြို့ခံများနှင့် စစ်ရှောင်ကူညီနေသူများထံမှ သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ(၇)ရက်နေ့က ထန်းတပင်မြို့နယ် ဇရပ်ကြီးမြို့တွင် ဖြစ်ပွားခဲ့သော တော်လှန် ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲနောက်ဆက်တွဲကြောင့် စစ်ကောင်စီဘက်မှ မြို့တွင်းပစ်ခတ်မှုများ ဆက်လက် လုပ်ဆောင်သည့်အတွက် ဒေသခံများမှာ ယနေ့နံနက်ပိုင်းအထိ မြို့ကို စွန့်ခွာထွက်ပြေးနေရပြီး တောင်ငူမြို့တွင် စစ်ဘေးရှောင်များ တစ်ဆထက်တစ်ဆ တိုးပွားလာနေသည်ဟု သိရသည်။