(၇၅)နှစ်မြောက် ကရင်အမျိုးသားတော်လှန်ရေးနေ့ စိန်ရတုအတွက်
စစ်ကိုင်းတိုင်း၊ မုံရွာ ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင် ရဲဘော်နှောင်းထက်အောင်၏ ဂုဏ်ပြုစကား
၁၉၄၉ ခုနှစ်၊ ဇန်န၀ါရီလ ၃၁ရက်နေ့မှာ စတင်ခဲ့တဲ့ “ကရင့်တော်လှန်ရေးနေ့” ဟာ အခုဆိုရင် ၂၀၂၄ခုနှစ် ဇန်န၀ါရီလ ၃၁ရက်နေ့မှာ (၇၅)နှစ်တိုင်အောင် ကရင်အမျိုးသားများ တော်လှန်တိုက်ပွဲ၀င်ခဲ့ကြတဲ့ မြင့်မြတ်တဲ့ စိန်ရတု “ကရင့်တော်လှန်ရေးနေ့” ဖြစ်ပါတယ်။ “ကရင့် တော်လှန်ရေးနေ့” ဆိုသည့်အတိုင်းပါပဲ ကျနော်တို့ မြင်ရ တွေ့ရ ကြားရသည်များမှာလည်း လွန်စွာ ကြက်သီးထ လေးစားပီတိဖြစ် ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်။ တကယ့် ကို ကျနော်တို့တွေရဲ့ ရင်ထဲမှာ၊ ကျနော်တို့တွေရဲ့ သမိုင်းမှာ ရေးထွင်းထားရမယ့် နေ့ထူးနေ့မြတ်တစ်ရက်ပါ။
(၇၅)နှစ်တိုင်အောင် တော်လှန်တိုက်ပွဲ၀င်ရပ်တည်နိုင်ခဲ့ခြင်းဟာလည်း လက်ရုံးရည် နှလုံးရည်နဲ့ ပြည့်စုံ ကြတဲ့ ကရင့်အမျိုးသားများရဲ့ စည်းလုံးမှု၊ စုစည်းမှုနဲ့ အမျိုးသားရေးစိတ်ဓာတ် ပြင်းပြမှုတွေကို များစွာ ထင်ဟပ် စေပါတယ်။ ကျနော်တို့ ဒီ စစ်ကောင်စီစနစ်ယန္တရားကို တော်လှန်နေကြချိန်မှာရော ၈၈ မျိုးဆက်များမှသည် အခု လက်ရှိ နွေဦးတော်လှန်ရေး လူငယ်မျိုးဆက်များအထိပေါ့နော်။ ဒီအကြမ်းဖက်စစ်အုပ်စုကို တော်လှန်တိုက်ပွဲ၀င် နေကြချိန်မှာပါ။ ကျနော်တို့ ဗမာလူမျိုးများ အပါအ၀င် အခြားတိုင်းရင်းသားလူမျိုးစုများနဲ့ ပြည်သူလူထုတစ်ရပ် လုံးရဲ့အပေါ်မှာ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတစ်ရပ် ပေါ်ထွန်းနိုင်ရေး အမြန်ထူထောင်နိုင်ရေးအ တွက်ကို ကရင့်တော်လှန်ရေးခေါင်းဆောင်များအနေနဲ့ မဆုတ်မနစ် မကြောက်မရွံ့ ပါ၀င်ဦးဆောင် တိုက်ပွဲ၀င်ပေး နေမှုအတွက်ကိုလည်း များစွာ ဂုဏ်ယူ အလေးပြု ဦးညွှတ်မိပါတယ်။
တော်လှန်ရေး အစဥ်အဆက်မှသည် ယနေ့ (၇၅)နှစ်မြောက် ကရင့်တော်လှန်ရေးနေ့အထိ မြင့်မြတ်စွာ တော်လှန်တိုက်ပွဲ၀င် အသက်ပေးခဲ့ကြပါသော ကရင်အမျိုးသားများနဲ့ ယခုလက်ရှိအချိန်ထိ ကျနော်တို့ပြည်သူ လူထုတစ်ရပ်လုံးရဲ့အပေါ်မှာ သစ္စာရှိရှိ ဦးဆောင် တိုက်ပွဲ၀င်ပေးနေကြပါသော ကရင်အမျိုးသားများ၊ ကရင့်ခေါင်း ဆောင်ကြီးများ အားလုံးကိုလည်း ဂုဏ်ယူအလေးပြု ဦးညွှတ်ပါတယ်။
ကျနော်တို့တွေအားလုံး တိုက်ထုတ်နေကြတဲ့၊ ပြည်သူလူထုတစ်ရပ်လုံး မကြိုက်တဲ့ စစ်အာဏာရှင်စနစ် ကျဆုံးခြင်းနှင့်အတူ ကရင့်တော်လှန်ရေး အမြန်ဆုံး ပြီးပြတ်အောင်မြင်မယ့်အချိန်လည်း အမြန်ရောက်ရှိနိုင်ပါစေ ကြောင်းကို ဆန္ဒပြုလိုက်ရပါတယ်။



















