Home သတင်း ဖားအံမြို့အနီးရှိ ကျေးရွာအချို့တွင် ဝက်နာကျရောဂါဖြစ်ပွားပြီး သေဆုံးမှုရှိနေ

ဖားအံမြို့အနီးရှိ ကျေးရွာအချို့တွင် ဝက်နာကျရောဂါဖြစ်ပွားပြီး သေဆုံးမှုရှိနေ

737

ဇန်နဝါရီလ ၃၁ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ် ဖားအံမြို့အနီးရှိ ကျေးရွာများတွင် ယခုဇန်နဝါရီလမှစတင်၍ ဝက်နာကျရောဂါဖြစ်ပွား မှုများလာပြီး အိမ်မွေးဝက်အများအပြား သေဆုံးမှုရှိလာနေသည်ဟု ဒေသခံများ၏ ပြောဆိုချက်အရ သိရသည်။

ဖားအံမြို့အနီး ဒုံရင်းတိုက်နယ်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများသည် မိသားစုအပိုဝင်ငွေအဖြစ် တစ်ပိုင်တစ်နိုင်မွေးမြူထားသော ဝက်များတွင် ယခုလကုန်ပိုင်းအထိ ဆက်တိုက်ဝက်နာကျရောဂါ ဖြစ်ပွားနေသည်ဟု ဝက်မွေးမြူသူတစ်ဦးက ပြောသည်။

၎င်းဝက်မွေးမြူသူတစ်ဦးက “အခုက ဝက်နာကျတာ တော်တော်များများရှိတယ်။ ရွာမှာက ဝက်သေတာ ဆယ်ကောင်ကျော်အထိ ရှိသွားပြီ။ အဲဒါ မသိသေးတာတွေအများကြီးရှိအုံးမယ် ။ တစ်ခြားရွာတွေမှာ လည်း ဖြစ်တာရှိတယ်။ ကာကွယ်ဆေး မထိုးထားတဲ့ဝက်တွေဆိုရင် ဖြစ်တာ များတယ်။ ဒီနှစ်က ဝက်မွေးတာ လုံးဝအဆင်မပြေဘူး အကုန်ရှုံးတယ်။ ပြီးတော့ ဝက်စာစျေးနှုန်း တက်တဲ့အချိန်မှာ ဝက်အ ဝယ်ဒိုင်တွေကလည်း စျေးနှိမ်ပြီးလာဝယ်တော့ ပိုဆိုးသွားတယ် ”ဟု ကေအိုင်စီသို့ ပြောသည်။

ယခုဖြစ်ပွားသည့် ဝက်နာကျရောဂါ၏ လက္ခဏာမှာ အပူတက်ခြင်း၊ ဝမ်းချုပ်ခြင်း၊ နာချေခြင်းနှင့် အစာများများမစားဘဲ အချိန်ပြည့် လှဲလျောင်းခြင်းတို့ကို တွေ့ရှိရသည်ဟု ၎င်းဝက်မွေးမြူသူက ဆက်ပြောသည်။

လတ်တလော ဝက်နာကျရောဂါဖြစ်ပွားမှုတွင် မွေးမြူထားသောဝက်အကောင်ရေ အနည်းအများပေါ်မူတည်၍ တစ်အိမ်လျှင် တစ်ကောင်မှ ဆယ်ကောင်အထိ သေဆုံးမှုရှိ လာသည့်အတွက် ဝက်မွေးမြူ သူများအနေဖြင့် အခက်တွေ့နေရကြောင်းလည်း ဒေသခံ ဝက်မွေးမြူသူများက ပြောသည်။

ကျေးရွာဘက်တွင် ဝက်နာကျရောဂါဖြစ်ပွားသော်လည်း လက်ရှိ ဖားအံမြို့တွင်း ရောင်းချသည့် ဝက်သားစျေးနှုန်းမှာ ပြောင်းလဲခြင်းမရှိသလို မြို့ထဲတွင် ဝက်သားရောင်းဝယ်သူများ ယခင်အတိုင်း ပုံမှန်ရှိနေဆဲဖြစ်သေးကြောင်း မြို့ခံများထံမှ သိရသည်။

“ဝက်နာကျတာရှိတယ်ဆိုတာတော့ ကြားပါတယ်။ ဒါပေမယ့် ဝက်တွေက ပုံမှန်ရောင်း တာရှိတုန်းပဲ ဆိုတော့ ပုံမှန်ဝယ်စားကြတာပဲ။ ဝက်စျေးနှုန်းက ကျတာမရှိဘူး။ ဝက်မဟုတ်ဘူး ကြက်၊ ငါးတွေ လည်း အလားတူပဲ။ တက်ပြီးရင် ပြန်ကျတာမရှိဘူး။ ကုန်စျေးနှုန်းတွေက တစ်ခုခုအပြောင်း အလဲဖြစ်ရင်လည်း ချက်ချင်းကျတာတွေကတော့မရှိဘူး”ဟု ဖားအံမြို့ခံ အိမ်ရှင်မတစ်ဦးက ကေအိုင်စီသို့ ပြောသည်။

ဖားအံမြို့ထဲရှိ သားသတ်လိုင်စင်ရ ဝက်ရောင်းအဝယ်ပြုလုပ်သည့် ဝက်အဝယ်ဒိုင်များသည် စီးပွားဖြစ် ဝက်မွေးမြူရေးခြံမှ ဝက်များကို သွားရောက်ဝယ်ယူပြီး ပြန်လည်ရောင်းချသူများရှိသလို ကျေးရွာများရှိ တစ်နိုင်တစ်ပိုင်ဝက်မွေးမြူသူများထံတွင်လည်း သွားရောက်ဝယ်ယူကာ ပြန်လည်ရောင်းချကြမှုများ လည်းရှိသည်။

ဖားအံမြို့အနီးအနားကျေးရွာများတွင် လက်ရှိ ဝက်သားတစ်ပိဿာကို ၁၂,၀၀၀ ကျပ်အထိသာ စျေးနှုန်းရှိ သော်လည်း ဖားအံမြို့ထဲတွင် အိမ်မွေးဝက်တစ်ပိဿာလျှင် ၁၅၀၀၀ ကျပ်နှင့် CP မွေးမြူရေးဝက် တစ်ပိဿာ ၁၈၀၀၀ ကျပ်အထိ စျေးရှိပြီး ဝက်နာကျရောဂါဖြစ်ပွားနေသော်လည်း ဝက်သားစျေးနှုန်း မှာ လျော့ကျသွားခြင်းမရှိသေးကြောင်း မြို့ခံထံမှ သိရသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပြည်နယ်တွင်း ဒေသခံပြည်သူများသည် အလုပ်အကိုင် ရှားပါး လာမှုနှင့် ကြုံတွေ့နေရသည့်အတွက် ဝက်မွေးမြူရေးလုပ်ငန်းကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်လာကြသူများလာသည်ဟု ဒေသခံ ဝက်မွေးမြူသူများက ပြောသည်။

ယခု ဇန်နဝါရီလတွင် ဖားအံမြို့အနီးရှိ ကျေးလက်ကျေးရွာအချို့တွင် ဝက်နာကျရောဂါဖြစ်ပွားပြီး သေဆုံးမှုရှိသကဲ့သို့ လှိုင်းဘွဲ၊ ပိုင်ကျုံမြို့နယ်ဘက်တွင်လည်း အိမ်မွေးကြက်များ ရောဂါကျသေဆုံးမှုနှင့် မွေးမြူထားသော ဆိတ်အချို့လည်း ချောင်းဆိုးနာချေမှုဖြစ်ပွားမှုရှိနေကြောင်း ဒေသအတွင်းရှိ အိမ်မွေး တိရစ္ဆာန်မွေးမြူသူထံမှ သိရသည်။