Home သတင်း ရှမ်းမြောက်တွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရ

ရှမ်းမြောက်တွင် စစ်ကောင်စီ၏ တိုက်ခိုက်မှုကြောင့် အရပ်သား ၁၀ ဦးသေဆုံးပြီး ၁၄ ဦး ထိခိုက်ဒဏ်ရာရ

687
Photo: SHRF

ဇန်နဝါရီလ ၂၄ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်များတွင် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုနှင့် လေကြောင်း တိုက်ခိုက်မှုများကြောင့် နှစ်ပတ်ကျော်အတွင်း အရပ်သား ၁၀ ဦးသေဆုံးပြီး ၁၄ ဦးထိခိုက်ဒဏ်ရာရရှိ ခဲ့ကြောင်း ဇန်နဝါရီလ ၂၃ရက် ယမန်နေ့တွင် ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က သတင်းထုတ်ပြန်ထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ နမ္မတူ၊ သီပေါ၊ ကျောက်မဲ၊ နောင်ချို မြို့နယ်များတွင် ပြီးခဲ့သည့် ဒီဇင်ဘာလ ၁၉ ရက်မှ ဇန်နဝါရီလ ၁၁ရက်နေ့အထိ နှစ်ပတ်ကျော်ကာလအတွင်း တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်-TNLA နှင့် အာဏာသိမ်းစစ်ကောင်စီတပ်ဖွဲ့ဝင်ကြား တိုက်ပွဲဖြစ် ပွားခြင်းမရှိဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများအပြင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကို ဆက်တိုက်လုပ်ဆောင်မှုကြောင့် ယခုလို အရပ်သားထိခိုက် သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင့်၏ ပြောခွင့်ရ မယိင်းလျန်းဟန်က “လက်ရှိကတော့ မြို့နယ်တွေထဲမှာ ပစ်ခတ်မှုတွေကတော့ရှိနေတုန်းပဲ။ စစ်ရှောင်ကတော့ လက်လှမ်းမှီသလောက်ဆိုရင် အရင်က တစ်သိန်း ကျော်ရှိတယ်။ အခုလက်ရှိကတော့ ငါးသောင်းကျော် အနေအထားမှာရှိတယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

Photo: SHRF

အဆိုပါ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုနှင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများသည် တရုတ် ရေနံနှင့် သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းများနှင့် အလွန်နီးကပ်လျက်ရှိသောကြောင့် ပိုက်လိုင်းပေါက်ကွဲပြီး ထိခိုက်မှု ကြီးကြီးမားမား ဖြစ်လာမည်ကို ဒေသခံများအနေဖြင့် စိုးရိမ်လျက်ရှိကြောင်းလည်း ရှမ်းလူ့အခွင့်အရေးမဏ္ဍိုင်က ပြောသည်။

ထို့အပြင် စစ်ကောင်စီမှ နှစ်ပတ်ကျော်ကာလအတွင်း ယခုလိုလက်နက်ကြီး ပစ်ခတ်မှုနှင့်လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများကြောင့် ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မြို့နယ်အသီးသီးမှ နေအိမ်စုစုပေါင်း(၅၉)လုံး ပျက်စီးခဲ့ပြီး နေအိမ်(၂)လုံးပြာကျကာ ဘာသာရေး အဆောက်အအုံ(၃) ခုအပါအဝင် စာသင်ကျောင်း(၁) ကျောင်းလည်း ပျက်စီးခဲ့ကြောင်း ရှမ်းလူ့အခွင့်အရေး မဏ္ဍိုင်၏ ထုတ်ပြန်ချက်အရ သိရသည်။