Home သတင်း ရေးမြို့နယ်ရှိ စစ်ဆေးရေးဂိတ်မှူးစိုးသူနှင့် တပ်သား ၂ ဦး တိုက်ခိုက်ခံရပြီး သေဆုံး

ရေးမြို့နယ်ရှိ စစ်ဆေးရေးဂိတ်မှူးစိုးသူနှင့် တပ်သား ၂ ဦး တိုက်ခိုက်ခံရပြီး သေဆုံး

819
Photo: ရေးဘီလူးတပ်ဖွဲ့

ဇန်နဝါရီလ ၂၄ ရက်၊၂၀၂၄ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်၊ ရေးမြို့နယ် ဇုံနံသာကျေးရွာမှ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်မှူးစိုးသူနှင့် ၎င်း၏ တပ်သား ၂ ဦးကို ဇန်နဝါရီလ ၂၄ ရက်၊ ယနေ့ နံနက် (၇) နာရီအချိန်တွင် ရေးဘီလူးတပ်ဖွဲ့မှ စောင့်ကြိုတိုက်ခိုက်ခြင်းကြောင့် ၃ ဦးစလုံးသေဆုံးခဲ့ကြောင်း ရေးဘီလူးတပ်ဖွဲ့က ပြောသည်။

ပြည်သူ့စစ်အသွင်ပြောင်းထားသူ ဂိတ်မှူး စိုးသူနှင့် ၎င်းနောက်လိုက် တပ်သား ၂ ဦးသည် ခံတင်း စစ်တပ် ဂိတ်စခန်းမှ ထွက်လာသည့် ၎င်းတို့ကားကို ရေးဘီလူးတပ်ဖွဲ့မှ နေရာတစ်ခုတွင် စောင့်ကြို တိုက်ခိုက် ခဲ့ခြင်းကြောင့် အခင်းဖြစ်ပွားသည့်နေရာတွင်ပင် ၃ ဦးစလုံး သေဆုံးခဲ့ကြောင်း ရေးဘီလူး တပ်ဖွဲ့၏ခေါင်းဆောင်က ယခုလို ပြောသည်။

“ခံတင်းဂိတ်ကနေထွက်လာခဲ့တဲ့ ပြည်သူ့စစ်အသွင်ပြောင်းထားတဲ့ ဂိတ်မှူးစိုးသူ တပ်သား ၂ ဦး အားလုံး ၃ ဦးကို ဒီမနက်ကားနဲ့လာတဲ့အချိန်မှာ ကျနော်တို့နေရာတစ်ခုကနေ စောင့်ပစ်ခဲ့ပြီး သေနတ် ၃ လက်ရတယ်။ AK ၂ လက်နဲ့ လက်နက်ကြီး 79 တစ်လက်ရတယ်”ဟု ရေးဘီလူးခေါင်းဆောင်က ကေအိုင်စီ သို့ ပြောသည်။

အလားတူ ပြီးခဲ့သည့် ဇန်နဝါရီလ ၂၀ ရက်နေ့ကလည်း ရေးမြို့နယ် လမိုင်းမြို့နယ်ခွဲ မော့ကနင်ကျေးရွာရှိ စစ်ကောင်စီ လက်အောက်ခံ ကြိုးတံတားဂိတ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက် သိမ်းပိုက်မှုအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ ဦးသေဆုံးခဲ့သေးသည်။

Photo: ရေးဘီလူးတပ်ဖွဲ့

မွန်ပြည်နယ်အတွင်းရှိ မြို့နယ်များတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA အပါအဝင် အထူးစစ်ဆင်ရေးတပ်ဖွဲ့−SOF၊ ကျိုက်ထိုတော်လှန်ရေးအင်အားစု-KRF၊ ဘီးလင်းပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့၊ ရေးဘီလူးတပ်ဖွဲ့၊ ရေးမြို့နယ်ကာကွယ်ရေးအထူးတပ်ဖွဲ့ -YSTF၊ ရေးပြောက်ကျားတပ်ဖွဲ့ -YGF နှင့် သထုံခရိုင်အလုပ်အဖွဲ့-ABSDF၊ ဒေါနစစ်ကြောင်း နှင့် မွန်ပြည် တော်လှန်ရေးတပ်(MSRF)စသည့် တော်လှန်ရေးအင်အားစုများက နယ်မြေဒေသအတွင်းရှိ ပူးပေါင်း စစ်ဆင်းရေးများကို လုပ်ဆောင်နေလျက် ရှိသည်။

စစ်ကောင်စီတပ်၏ တပ်စခန်း၊ ရဲစခန်း၊ စစ်ဆေးရေးဂိတ်အပြင် သတင်းပေး ဒလန်၊ စစ်ကောင်စီ တပ်နှင့် ဆက်စပ်သူများကို မကြာခဏ ပစ်ခတ်တိုက်ခိုက် ရှင်းလင်းသည့် ရေးဘီလူးအဖွဲ့သည် ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၂ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် စစ်ဒေသ အထူးစစ်ဆင်ရေးတပ်ဖွဲ့-SOF ၏ တပ်ခွဲအဖြစ် တာဝန်ထမ်းဆောင်နေသည့် အဖွဲ့တစ်ဖွဲ့လည်းဖြစ်သည်။