ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၂၄ ခုနှစ်။ ကေအိုင်စီ
ကရင်နှင့် ကယား(ကရင်နီ)ပြည်နယ်အစပ်၊ သံတောင်ကြီးမြို့မြောက်ပိုင်းရှိ တိုက်ပွဲပဋိပက္ခများကြောင့် တောတောင်များအတွင်း နေရပ်စွန့်ခွာရှောင်တိမ်းနေရသော စစ်ဘေးရှောင်များ ၎င်းတို့ခိုလှုံနေထိုင်ရာ စစ်ရှောင် နေရာတစ်ခု တည်ဆောက်ပေးရန် ထိုဒေသအခြေစိုက် စစ်ဘေးရှောင်ကူညီနေသူများသို့ အကူအညီတောင်းခံလာကြောင်း မြေပြင်သတင်းအရင်းအမြစ်များအရ သိရသည်။
ပြီးခဲ့သည့် ဇန်နဝါရီလ(၁၀)ရက်မှစ၍ (၁၈)ရက်နေ့အထိ စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများ တိုက်ပွဲဖြစ်ပွားမှုကြောင့် ကြိုတင်နေရပ်စွန့်ခွာရှောင်တိမ်းနေရသော သောက်ရေခပ်၊ ကလေထ၊ ဒါးရိုး၊ လိုရာဒို အစရှိသည့်ကျေးရွာများမှ စစ်ဘေးရှောင်ဒုက္ခသည် ၃၀၀၀ (သုံးထောင်)နီးပါး တောတောင်များအတွင်း ခိုလှုံနေထိုင်နေရသည့် အခက်အခဲများဖြင့် ရင်ဆိုင်ကြုံတွေ့နေရကြောင်း စစ်ရှောင်အရေးကူညီနေသူများက ပြောသည်။
လက်ရှိ နေစရာနေရာအတည်တကျမရှိသဖြင့် အကူအညီတောင်းခံလာသော စစ်ဘေးရှောင်များအတွက် စစ်ရှောင်စခန်းတစ်ခု တည်ဆောက်ရန် လမ်းပန်းဆက်သွယ်ရေးနှင့် လုံခြုံရေးအတွက်စိတ်ချရသော နေရာတစ်ခု ရှာဖွေနေကြောင်း စစ်ဘေးရှောင်ကူ အမျိုးသားတစ်ဦးက ပြောသည်။
“ရွာ(၅)ရွာ ပြေးနေရတာ လောလောဆယ်က နေရာအတည်တကျမရှိသေးဘူး။ တောနက်နက်တွေထဲမှာ သွားခိုနေတယ်။ အမျိုးအိမ်တွေမှာနေတယ် အမျိုးအိမ်တွေက ကြာကြာနေမရတော့ ကျနော်တို့ကို စစ်ရှောင်စခန်း ဆောက်ဖို့အကူအညီတောင်းတာ နေရာကတော့ အလှူရှင်လည်းလာနိုင်မယ် စစ်တပ်က စစ်ကြောင်းထိုး တာကင်းလွတ်မယ့်နေရာကို အခုချိန်အထိ ရှာနေတုန်းပဲ။” ဟု ၎င်းက ကေအိုင်စီကို ပြောသည်။
ပစ်ခတ်မှုများကြောင့် စားနပ်ရိက္ခာအခက်အခဲနှင့် ဆေးဝါးများလည်း လိုအပ်ချက်ရှိနေသလို နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုအတွင်း သောက်ရေခပ်ကျေးရွာမှ ဒေသခံနေအိမ်အချို့လည်း ထိခိုက်ပျက်စီးခဲ့ရကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များထံမှ သိရသည်။

အဆိုပါစစ်ရှောင်ကူအမျိုးသားက ဆက်လက်၍ “တိုက်ပွဲဖြစ်တာ အကြီးအကျယ်တော့မဟုတ်ဘူး ၊ တော်လှန်ရေးအင်အားစုဘက်ကလည်း စစ်တပ်ကို အပြင်ထွက်လာအောင် သွားသွားပစ်တဲ့သဘောပေါ့ ဟိုဘက်ကလည်း လက်နက်ကြီးနဲ့လှမ်းလှမ်းထုတာ။ ရွာသားတွေကတော့ ထွက်ပြေးရတယ်။ ပစ်ခတ်တာက ဖြောက်တောက်ဖြောက်တောက်ပဲ အပြင်းအထန်ကြီးမဟုတ်ဘူး” ဟု ပြောသည်။
ထို့အတူ ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ ဇူလိုင်လအတွင်းက ကရင်အမျိုးသားအစည်းအရုံး-KNU ၏ တပ်မဟာ(၂) တောင်ငူခရိုင်၊ သံတောင်မြောက်ပိုင်း၊ ယာဒိုဒေသတွင်း တိုက်ပွဲနှင့်လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် လက်ရှိ အချိန်အထိ နေအိမ်မပြန်နိုင်သေးသော ဒေသခံထောင်ချီသည်လည်း ဘေးလွတ်ရာ စစ်ရှောင်နေရာတစ်ခုတွင် ခိုလှုံနေထိုင်နေရဆဲဖြစ်ကြောင်း ဒေသခံများကပြောသည်။
၂၀၂၁ ခုနှစ်မှ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလအထိ တောင်ငူခရိုင်အတွင်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာရှောင်တိမ်းနေရသူ ၂၀၀၀၀ (နှစ်သောင်း)ကျော်ရှိနေကြောင်း KNU ၏ ဇန်နဝါရီလ(၁၈)ရက်နေ့ ထုတ်ပြန်ချက်အရ သိရသည်။



















