Home သတင်း ကေအဲန်ယူ၏ (၉)ကြိမ်မြောက် မျိုးဆက်သစ်ခေါင်းဆောင် သင်တန်းကျောင်းဆင်းပွဲ ပြုလုပ်

ကေအဲန်ယူ၏ (၉)ကြိမ်မြောက် မျိုးဆက်သစ်ခေါင်းဆောင် သင်တန်းကျောင်းဆင်းပွဲ ပြုလုပ်

875

ဇန်နဝါရီလ ၂၂ ရက်၊ ၂၀၂၄ခုနှစ်။ ကေအိုင်စီ

ကရင်အမျိုးသားအစည်းအရုံး-KNU (ဗဟို)က ဖွင့်လှစ်ထားသည့် မျိုးဆက်သစ်ခေါင်းဆောင်သင် တန်းကျောင်း၏ (၉) ကြိမ်မြောက် သင်တန်းကျောင်းဆင်းပွဲကို ယနေ့ ဇန်နဝါရီလ ၂၂ ရက်နေ့တွင် သင်တန်းကျောင်းရှိရာ ဗဟိုဌာနချုပ်တွင် ပြုလုပ်ခဲ့သည်။

ကေအဲန်ယူ၏ ခရိုင်၊တပ်မဟာ (၇)မှ ကိုယ်စားပြု ကျောင်းသူကျောင်းသားများအပြင် စစ်ဘက် နှင့် ဌာနဆိုင်ရာ ကိုယ်စားပြုအနေဖြင့် ပါဝင်သည့် သင်တန်းသူသင်တန်းသား (၃၅)ဦးကို သင်တန်း ကျောင်း၏ သတ်မှတ်ကာလ ပြည့်ပြီးနောက် ယခုလိုသင်တန်းဆင်းပွဲ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။

ကေအဲန်ယူ၏ ခေါင်းဆောင်နေရာအသီးသီးတွင် ဆက်ခံသွားနိုင်ရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်ထားသည့် ယခု (၉)ကြိမ်မြောက် သင်တန်းကို ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်က စတင်ဖွင့်လှစ်ပြီး တစ်နှစ်ခွဲကြာ အခြေခံ စစ်ရေး၊ နိုင်ငံရေး နှင့် သမိုင်းပညာရပ်များကို သင်ကြားပေးသည့် ကျောင်းတစ်ကျောင်းလည်းဖြစ်သည်။

အဆိုပါ သင်တန်းကျောင်းကို ကေအဲန်ယူ၏ တပ်မဟာ၊ ခရိုင် (၇) ခုရှိသည့်အနက် ခရိုင်၊ တပ်မဟာ တစ်ခုလျှင် ကိုယ်စားပြုသူ (၅) ဦးနှုန်းအပြင် အခြားသော ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ဗဟို နှင့် ကရင်လူငယ်အစည်းအရုံး(KYO)၊ ကရင်အမျိုးသမီးအစည်းအရုံး(KWO)၊ ကေအဲန်ယူ ဗဟိုဌာနချုပ် ကိုယ်စားပြု သင်တန်းသားများပါဝင်တက်ရောက်ကြရခြင်းဖြစ်သည်။

ဒူးပလာယာခရိုင် ကိုယ်စားပြုတက်ရောက်သူ စောသဘလေ့ထူးက “လူငယ်ကနေ အသက်ကြီးပြီး လူကြီး ဖြစ်ဖို့က လွယ်ပေမဲ့ လူငယ်ကနေ ခေါင်းဆောင်တစ်ဦးဖြစ်ဖို့က မလွယ်ပါဘူး။ ခေါင်းဆောင် တစ်ယောက် ဖြစ်ဖို့ကလည်း အခြေခံ သင်ကြားလေ့လာထားမှုတွေက အရေးကြီးပါတယ်။ အခုက နိုင်ငံရေးတွေ၊ သမိုင်းတွေကို သင်ကြားလေ့လာရပါတယ်။ ဒါတွေကို လက်တွေ့ ပြန်လုပ်ဆောင်နိုင်မှာ ခေါင်းဆောင်ဖြစ်လာနိုင်ပါတယ်။ အဲ့ အတွက် ပြန်လုပ်စရာတော့ အများကြီးရှိပါတယ်။ ”ဟု ကေအိုင်စီ သို့ပြောသည်။

ယနေ့ ပြုလုပ်သည့် သင်တန်းကျောင်းဆင်းပွဲသို့ ကေအဲန်ယူ ဥက္ကဌ ပဒိုစောကွယ်ထူးဝင်းအပါအဝင် ကေအဲန်ယူ ဗဟိုခေါင်းဆောင်များ၊ စစ်ဘက်ဆိုင်ရာခေါင်းဆောင်များ၊ ကျောင်းကော်မတီများ၊ ကျောင်းသူကျောင်းသား များအပြင် ဌာနဆိုင်ရာ တာဝန်ရှိသူအချို့ ပါဝင်တက်ရောက်ခဲ့ပြီး သက်ဆိုင်ရာ ခေါင်းဆောင်အချို့က အမှာစကား များပြောကြားခဲ့ကြသည်။

ထို့အပြင် တပ်မဟာ၊ ခရိုင် အသီးသီးမှ ကိုယ်စားပြု တက်ရောက်လာသည့် ထူးချွန်သော ကျောင်းသူ၊ ကျောင်း သားများကိုလည်း သက်ဆိုင်ရာ ခေါင်းဆောင်အသီးသီးမှ ထူးချွန်ဆုများ အသီးသီးပေးအပ်ခဲ့သည်။

ယခုဖွင့်လှစ်‌သော‌ကျောင်းကို ကျဆုံးသွားပြီဖြစ်‌သော ‌ကေအဲန်ယူ အထွေထွေအတွင်း‌ရေးမှူးချုပ်‌ဟောင်း ပဒိုမန်းရှာလားဖန်းက ကြီးမှူးပြီး ၂၀၀၁ခုနှစ်တွင် ‌ဝေါ်‌လေခီးနယ်‌မြေ၌ ပထမဆုံး စတင် ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။