အောက်တိုဘာ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့မြောက်ဘက်ရှိ ရွှေကုက္ကိုလ်ဒေသတွင် ပြီးခဲ့သည့် စက်တင်ဘာလကုန်ပိုင်း မှ စ၍ တရုတ်ဆိုက်ဘက်တွင် အွန်လိုင်းလူလိမ်လုပ်ငန်း၊ လူခေါ်လုပ်ငန်းများကို စစ်ဆေးမည့် သတင်းများ ကြောင့် လုပ်ကိုင်သူလူငယ်တစ်ချို့ နေရပ်ပြန်သွားကြကြောင်း ရွှေကုက္ကိုလ်မြို့ခံများထံမှ သိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလက မြန်မာ-တရုတ်နယ်စပ် ရှမ်းပြည်နယ်၊ မူဆယ်မြို့နယ်ရှိ လောက်ကိုင်နှင့် မိုင်းပေါက် စသည့်ဒေသများတွင် သက်ဆိုင်ရာအဖွဲ့အစည်းများက အွန်လိုင်းလိမ်လည်လုပ်ငန်း လုပ်ကိုင် သူများကို ဝင်ရောက် စစ်ဆေးဖမ်းဆီးမှုများ ပြုလုပ်ပြီးသည့်နောက် ရွှေကုက္ကိုလ်ဒေသတွင် အသွား အ လာ စစ်ဆေးတင်းကြပ်မှုများ ပိုမိုလုပ်ဆောင်လာပြီး တရုတ်ဆိုက်အတွင်း လုပ်ကိုင်နေသည့် ပြည်တွင်းမှ လူငယ်တစ်ချို့သည်လည်း စိုးရိမ်ကြောက်လန့်မှုကြောင့် နေရပ်ပြန်သွားကြသည်ဟု ရွှေကုက္ကိုလ်မြို့ ခံတစ်ဦးက ပြောသည်။
၎င်းက “အွန်လိုင်းလိမ်တာတွေ လူခေါ်တာတွေ ဒုစရိုက်အားလုံးက BGF တွေနဲ့ကင်းတာ မရှိဘူး။ ဟိုတစ်ခါ လောက်ကိုင်ဘက်မှာ ဝင်ဖမ်းတော့ ဒီကလူတွေကြောက်ကုန်တယ်။ အခုသူတို့ ကုက္ကိုလ်မှာ အွန်လိုင်း လုပ်တဲ့သူတွေကို ဖမ်းမယ်တဲ့။ သတင်းတွေထွက်နေတော့ ကြောက်ပြီး ပြန်သွားတဲ့လူ ငယ်တွေလည်း ရှိတယ်။ တစ်ချို့တွေကျတော့လည်း ကုက္ကိုလ်မှာ အဖွဲ့အစည်းတွေနဲ့ ရင်းနှီးသွားတဲ့ သူတွေကတော့ အေးဆေးနေပြီး လုပ်စားလို့ရတယ်။ ”ဟု ပြောသည်။
၎င်းအပြင် ရွှေကုက္ကိုလ်ဒေသကို ထိုင်းနိုင်ငံဘက်မှ လျှပ်စစ်မီးဖြတ်တောက်ခြင်းအပြင် WIFI အင်တာ နက်လိုင်းပါ ဖြတ်တောက်လိုက်ခြင်းကြောင့် ကာစီနိုလောင်းကစားနှင့် အွန်လိုင်းလူ လိမ်ခေါ်သည့် လုပ်ငန်းတချို့ ရပ်နားထားရလျက်ရှိသည်။
သို့သော် ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းလူလိမ်လုပ်ငန်းလုပ်ကိုင်သည့် လူငယ်တစ်ချို့ကို တရုတ်လုပ်ငန်း ရှင်ကြီးများက ဖိနှိပ်ခြိမ်းခြောက်မှုများပြုလုပ်နေပြီး ဖမ်းဆီးခိုင်းထားကြောင်း အမည်မဖော်လိုသူ အွန်လိုင်းလုပ်ငန်း လုပ်ကိုင်သူတစ်ဦးက ကေအိုင်စီသို့ ယခုလို ပြောသည်။
“အခုက အရင်တုန်းကလိုမဟုတ်ဘဲနဲ့ ပိုပြီးဆိုးလာတယ်။ အကောင့်အတုတွေနဲ့ လိုက်လိမ်ခိုင်းတယ်။ သူတို့ ပြောတာတော့ ပိုက်ဆံပိုပေးမယ်တဲ့။ ဒါပေမဲ့ လကုန်လည်း ဒီတိုင်းလစာပဲရတယ်။ လူအသစ် တွေလည်း သူတို့ ထပ်ခေါ်ခိုင်းတယ်။ ပြီးရင် HR ပိုင်းနဲ့တိုင်ပင်ပြီး ဆွေးနွေးရတယ်။ ပြန်သွားတဲ့သူတွေ ကိုလည်း သူတို့ဂိတ်တွေမှာ ဖမ်းမိန့်ပေးထားတယ်”ဟု ၎င်းအွန်လိုင်းလုပ်ငန်း လုပ်ကိုင်သူက ပြောသည်။
ထိုသို့ အွန်လိုင်းလူလိမ် ဒုစရိုက်လုပ်ငန်းများကို နယ်ခြားစောင့်(BGF)တပ်များနှင့် စစ်ကောင်စီ တပ်များက ဝင်ရောက်အဖမ်းပြမည့်သဘောသာ ဖြစ်သည်ဟု အမည်မဖော်လိုသူ တရုတ်ဆိုက်ဘက်တွင် လုပ်ကိုင်နေသူ တစ်ဦးက သုံးသပ်ပြောဆိုသည်။
၎င်းက “အခြေအနေက ဘာမှမထူးသေးဘူး။ တစ်ချို့လူတွေကတော့ ကြောက်လို့ပြန်ကုန်ပြီး။ အထဲမှာ ဝင်ပြီး စစ်မှာက BGFနဲ့စစ်သားပဲလို့ သတင်းထွက်နေတယ်။ ကြည့်ရတဲ့ပုံစံက For show ပဲဖမ်းပြ တဲ့ပုံစံပဲ။ ဒါကသူတို့ စီးပွားရေးတွေပဲလေ”ဟု ကေအိုင်စီ သို့ပြောသည်။
ရွှေကုက္ကိုလ်ဒေသရှိ အွန်လိုင်းလူလိမ်၊ လူခေါ်၊ ငါးပစ်ကာစီနိုရုံများတွင် ယခင်က ပြည်တွင်း ပြည်ပရှိ အနယ်နယ်အရပ်ရပ်မှ လူများကို ကျား၊ မ အသက်အရွယ် မရွေးခေါ်ယူခဲ့သော်လည်း လက်ရှိတွင် အမျိုးသားများထက် အမျိုးသမီးလူလတ်ပိုင်းများကို ဦးစားပေးခေါ်ယူနေကြောင်းလည်း အဆိုပါ လုပ်ငန်းတွင် လုပ်ကိုင်နေသူတစ်ဦး၏ ပြောဆိုချက်အရ သိရသည်။



















