အောက်တိုဘာ ၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့အနီး၊ ကျေးရွာများရှိ ဒေသခံရွာသူ/ရွာသားများသည် စစ်ရှောင်ကာလ အချိန်ကြာလာသည်နှင့်အမျှ စားဝတ်နေရေးပိုမိုခက်ခဲကြပ်တည်းလာနေကြောင်း သိရသည်။
တစ်နှစ်ဝန်းကျင်ကြာမြင့်လာပြီဖြစ်သည့် ကော့ကရိတ်မြို့အနီးရှိ ဒေသခံစစ်ရှောင်ရွာသားများသည် လတ်တလောတွင် ထောက်ပံ့ကူညီမှုများမရတော့သလို လုပ်ကိုင်စားသောက်၍မရတော့သည့်အတွက် နေထိုင်စားသောက်ရေး ပိုမိုခက်ခဲကြပ်တည်းလာကြောင်း စစ်ရှောင်တစ်ဦးက ယခုလို ပြောသည်။
“ ဆေးဖိုးဝါးခကော၊ စားဖို့သောက်ဖို့ကော၊ နေဖို့ထိုင်ဖို့ကော အခက်အခဲအမျိုးမျိုးရှိတယ်။ သူများခြံမှာ တဲဆောက်ပြီးနေတာ ခြံရှင်ကမြေရောင်းလိုက်တော့ မြေဝယ်သူက ခြံထဲပေးမနေလို့ တဲဖြိုပြီးပြန် ဆောက်ရတယ်။ ခြံရှင်က မောင်းထုတ်လို့ တဲတစ်ခါနှစ်ခါပြန်ဆောက်ရတယ်။ အလုပ်အကိုင်ဝင်ငွေ မရှိတော့ အခက်အခဲပိုတွေ့ရတယ်”ဟု ၎င်းစစ်ရှောင်က ကေအိုင်စီသို့ပြောသည်။
ကာလအတန်ကြာနေရပ်တိမ်းရှောင်ရသည့် ဒေသခံပြည်သူများသည် လတ်တလောတွင် ကူညီထောက် ပံ့မှုများမရတော့သည့်အပြင် အလုပ်အကိုင်၊ ဝင်ငွေမရှိဘဲ အခြေခံစားသုံးကုန်များလည်း အဆမ တန်ဈေးတက်လာသဖြင့် မိသားစုရှေ့ရေးအတွက် စိုးရိမ်ပူပန်နေရကြောင်း ကော့ကရိတ်မြို့အနီး စစ်ဘေးရှောင်သူများက ပြောသည်။
ယခင်က စစ်ဘေးရှောင်သူဒုက္ခသည်များကို ကူညီထောက်ပံ့မှုရှိသော်လည်း ယခုနောက်ပိုင်းတွင် တစ်နိုင် ငံလုံးရှိ ပြည်သူများစစ်ဘေးစစ်ဒဏ်ဒုက္ခသည်များဖြစ်လာသဖြင့် ပြည်တွင်းပြည်ပမှ ကူညီ ထောက်ပံ့ မှုများနည်းလာကြောင်း ကော့ကရိတ်မြို့နယ် လူသားချင်းစာနာကူညီစောင့်ရှောက်ရေး ကော်မတီ တာဝန်ရှိသူတစ်ဦးက ယခုလိုပြောသည်။
“ကျနော်တို့ ကော့ကရိတ်မြို့မှာ အရင်ကအနည်းငယ်ကူညီတာရှိတယ်။ အခုက မြန်မာတစ်နိုင်ငံမှာ စစ်ဘေးစစ်ဒဏ်ခံစားလာရတဲ့ ပြည်သူတွေအများကြီးရှိတော့ ပြည်တွင်းပြည်ပမှ ကူညီထောက်ပံ့မှုက နည်းလာတယ်။ ကျနော်တို့ မြို့နယ်က ကူညီရေးလုပ်တဲ့သူကလည်း အစွမ်းကုန်လမ်းကြောင်း ရှာကြ တယ်။ ထောက်ပံ့မှုရဖို့ စာရင်းတင်ထားတာရှိတယ်။ အခြေအနေက ဘယ်လိုရှိလဲ ခုထိမသိရသေးဘူး။ ရွာသားအချင်းချင်းလည်း ပြန်ကူတာလုပ်ရမယ်”ဟု ပြောသည်။
ယခင်နှစ် ဒီဇင်ဘာလတုန်းက ကော့ကရိတ်မြို့အနီးတွင် တော်လှန်ရေးပူးပေါင်းတပ်နှင့် စစ်ကောင်စီ တပ်တို့အကြား ဖြစ်ပွားသည့်တိုက်ပွဲကြောင့် ကြောင်လျှာကုန်း၊ တောင်ကြား၊ တနင်မူး၊ ကောင်းမှု၊ ကမိုင် ကုန်း၊ ကော့နွဲ၊ ရွာသစ်ကုန်း၊ နန်းကတိုးစသည့် ကျေးရွာသားများမှ ထောင်နှင့်ချီသော ဒေသခံများသည် နီးစပ်ရာ ကျေးရွာများရှိ အသိမိတ်ဆွေများထံတွင် တိမ်းရှောင်ခဲ့ရကာ ပစ်ခတ်သံများငြိမ်သက်လျှင် ကျေးရွာရှိ နေအိမ်များကို ပြန်ကြည့်လေ့ရှိသော်လည်း ကျေးရွာတွင်း ပြန်လည်နေထိုင်ခြင်း မရှိသေးကြောင်း သိရသည်။
လက်ရှိတွင် နှစ်ဖက်ပစ်ခတ်မှုတိုက်ပွဲများမရှိသော်လည်း ကော့ကရိတ်မြို့အခြေစိုက် ခြေလျင်တပ်ရင်း-ခလရ(၉၇)တပ်က လက်နက်ကြီး ပစ်ခတ်မှုများ နေ့စဉ်လိုလို လုပ်ဆောင်သည့်အတွက် ယမန်နေ့ အောက်တိုဘာလ ၃ရက်နေ့တွင် နန်းကတိုးကျေးရွာမှ ၁၅ နှစ်အရွယ်မိန်း ကလေးတစ်ဦး ဒဏ်ရာရရှိခဲ့သေးကြောင်း ဒေသခံများက ပြောသည်။



















