Home သတင်း ကေအဲန်ယူ ဥက္ကဋ္ဌဟောင်းနှင့်အဖွဲ့ စစ်ကောင်စီခေါင်းဆောင်အား သွားရောက်တွေ့ဆုံ

ကေအဲန်ယူ ဥက္ကဋ္ဌဟောင်းနှင့်အဖွဲ့ စစ်ကောင်စီခေါင်းဆောင်အား သွားရောက်တွေ့ဆုံ

727
Photo: Crd.

စက်တင်ဘာ ၃ဝ ရက်၊ ၂ဝ၂၃ ခုနှစ်၊ ကေအိုင်စီ

KNU-ကရင်အမျိုးသားအစည်းအရုံး ဥက္ကဋ္ဌဟောင်း ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ကာကွယ်ရေးဌာနမှူး ဟောင်း ပဒိုရောဂျာခင်၊ ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့သည် အာဏာသိမ်းစစ်ခေါင်း ဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား ယနေ့ စက်တင်ဘာလ ၃ဝ ရက်နေ့တွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ဧည့်ခန်းမဆောင်၌ သွားရောက်တွေ့ဆုံခဲ့သည်ဟု စစ်ကောင်စီထိန်းချုပ်သည့် သတင်းဌာနများတွင် ဖော်ပြထားသည်။

ဗိုလ်ချုပ်ကြီး စောမူတူးစေးဖိုး၊ ပဒိုရောဂျာခင်နှင့် ပဒိုစောရွှေမောင်းတို့ ပါဝင်သည့်အဖွဲ့သည် နေပြည်တော်ရှိ စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဦးရဲဝင်းဦး၊ စစ်ခေါင်း ဆောင်အရာရှိများ၊ အမျိုးသားစည်းလုံးညီညွတ်ရေးငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေး ကော်မတီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးရာပြည့်တို့အား သွားရောက်တွေ့ဆုံကြပြီး ငြိမ်းချမ်းရေးဆိုင်ရာ ကိစ္စများ ဆွေးနွေးသွားခဲ့သည်ဟု စစ်ကောင်စီဘက်က ထုတ်ပြန်ထားသည်။

လတ်တလောတွင် ကေအဲန်ယူ ဒူးပလာယာခရိုင်၊ ဝင်းရော်ဒေ ခလယ်တံခွန်တိုင်ရွာဘက်တွင် စစ် ကောင်စီတပ်က ပြီးခဲ့သည့် စက်တင်ဘာလ ၁၂ ရက်မှ ယခုစက်တင်ဘာလ ၃ဝ ရက်အထိ ထိုးစစ် ဝင်ရောက်တပ်စွဲနေထိုင်လျက်ရှိသည့်အတွက် ဒေသခံလူထု ၁ဝ,ဝဝဝ နီးပါး စစ်ဘေးတိမ်းရှောင် နေကြရဆဲဖြစ်သည်။

Photo: Crd.

KNU ဥက္ကဋ္ဌဟောင်း ဦးဆောင်သည့် အဖွဲ့သည် စစ်ခေါင်းဆောင်နှင့် မည်သည့်အကြောင်းအရာများ သွားရောက်တွေ့ဆုံဆွေးနွေးခဲ့သည်ကို နှစ်ဖက်ထုတ်ပြန်မှုမရှိသော်လည်း ယခုလို သွားရောက်တွေ့ ဆုံမှုသည် နိုင်ငံရေး၊ ငြိမ်းချမ်းရေးအနှစ်သာရများရရှိမည်မဟုတ်ဟု ကရင့်နိုင်ငံရေး စောင့်ကြည့် လေ့လာသူများက သုံးသပ်ပြောဆိုသည်။

KNU ဥက္ကဋ္ဌဟောင်း စောမူတူးစေးဖိုးနှင့် ဒူးပလာယာခရိုင် ဥက္ကဋ္ဌ ပဒိုစောရွှေမောင်းတို့ ၂ ဦးအား ပြီးခဲ့ သည့် ဩဂုတ်လ ၂၉ ရက်နေ့တွင် KNU ဝင်းရေးမြို့နယ် ဒေသခံအချို့မှ ငြိမ်းချမ်းရေးစွမ်းဆောင်ရည်ဆု ဂုဏ်ပြုပေးအပ်ခဲ့ပြီး KNU အဖွဲ့အစည်းတွင် ၎င်းတို့တာဝန်မရှိတော့သော်ငြားလည်း ကရင် အမျိုး သားငြိမ်းချမ်းရေးအတွက် ရနိုင်သည့်နည်းလမ်းမှန်သမျှ ကြိုးစားဆောင်ရွက်သွားမည်ဟု ဂုဏ်ပြုပွဲအခမ်းအနားတွင် ပြောကြားခဲ့သည်။