Home သတင်း နေရာသုံးနေရာတွင် တစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ပုလော PDFထုတ်ပြန်

နေရာသုံးနေရာတွင် တစ်ရက်အတွင်း တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ပုလော PDFထုတ်ပြန်

950
Photo: Crd.

စက်တင်ဘာလ ၃၀ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်အတွင်းရှိ နေရာသုံးနေရာတွင် တစ်ရက်အတွင်း စစ်ကောင်စီ တပ်ဖွဲ့ ဝင်များနှင့် ပုလောပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များအကြား ထိတွေ့တိုက်ပွဲ ၃ ကြိမ်ဖြစ်ပွားခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ မြိတ်ခရိုင် အမှတ်တပ်ရင်း(၁)( Palaw People’s Defense Force)က ယမန်နေ့ ညတွင် သတင်းထုတ်ပြန်ထားသည်။

ပုလောမြို့နယ်အတွင်းရှိ (၆)မိုင်အနီး၊ နန်းပရုတ်ကျေးရွာ၊ ဖားအောက်တောရအနီးနှင့် မျှစ်ချဉ် စုကျေး ရွာများတွင် စာသင်ကျောင်းအနီးနေရာများ၌ တပ်စွဲပြီး ကင်းပုန်းဝပ်ချထားသော စစ်ကောင်စီ တပ်ဖွဲ့ ဝင်များကို စက်တင်ဘာလ(၂၈)ရက်နေ့တွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှ နံနက် အစောပိုင်း အချိန်များတွင် သွားရောက်စစ်ဆင်ရေးဖော်ဆောင်ခဲ့ရာမှ နှစ်ဖက်အပြန်အလှန် ထိတွေ့မှုဖြစ်ပွားခြင်းဖြစ်ကြောင်း Palaw People’s Defense Force မှ ပြန်ကြားရေး တာဝန်ခံတစ်ဦးက ယခုလိုပြောသည်။

“သူတို့ဘက်က စာသင်ကျောင်းထဲမှာတပ်စွဲပြီး ၆၀ မမတွေ ဆက်တိုက်ပစ်ပါတယ်။ တိုက်ပွဲက ၃ နေရာ ၃ကြိမ်ဖြစ်ခဲ့တာပါ။ ပြီးတော့ ကျနော်တို့ဘက်က ရဲဘော် နှစ်ဦး သေနတ်ထိမှန်ခဲ့ပါတယ်။ မစိုးရိမ် ရပါဘူး။၂၈ ရက် က မျှစ်ချဉ်စုမှာ ထိတွေ့မှုဖြစ်ခဲ့တဲ့ စကစ စစ်ကြောင်းက ၂၉ ရက် မွန်းလွဲပိုင်းမှာ ရှပ်ပုံ ကျေးရွာကို ဝင်မွေပြီး ရွာသား ၁ ဦးကို သတ်ပြီး ၂ ဦးကို ဖမ်းသွားတယ်။ အဖမ်းခံရတဲ့ ရွာသားနဲ့လည်း အခုထိ အဆက်သွယ်မရ သေးပါ ဘူး။” ဟု ၎င်းက ကေအိုင်စီ သို့ပြောသည်။

လက်ရှိ အချိန်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် ကျေးရွာအတွင်းရှိ စာသင်ကျောင်းများ အတွင်းတပ်စွဲထားလျက်ရှိနေပြီး တိုက်ပွဲဖြစ်ပွားနေချိန်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များဘက်မှ (၅)ဦး သေဆုံးကာ (၁၀)ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သော်လည်း မြေပြင်အနေအထားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များမှာ ယခုထက်ပို၍ထိခိုက်မှုများ ရှိနိုင်ကြောင်း Palaw PDF ဘက်က ဆိုထားသည်။