Home သတင်း ကော့ကရိတ်မြို့ရှိ (လဝက)ရုံး မီးရှို့ဖျက်ဆီးခံရ

ကော့ကရိတ်မြို့ရှိ (လဝက)ရုံး မီးရှို့ဖျက်ဆီးခံရ

1183

စက်တင်ဘာလ ၂၈ရက်၊၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့တွင်း ရပ်ကွက်(၇)ထဲရှိ ဗိုလ်ချုပ်ပန်းခြံအနီး စစ်ကောင်စီလက်အောက်ခံ လူဝင် မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (လဝက)ရုံးသည် ယမန်နေ့ည (၁၀)နာရီ ဝန်းကျင်တွင် မီးရှို့ဖျက်ဆီးခံလိုက်ရကြောင်း မြို့ခံပြည်သူများက ပြောသည်။

ကော့ကရိတ်မြို့ရှိ လူဝင်မှုကြီးကြပ်ရေးရုံးသည် ဝန်ထမ်းများ ရုံးတက်အလုပ်လုပ်ကိုင်ခြင်းမရှိတော့ သည်မှာ တစ်လကျော်ခန့်ရှိပြီးဖြစ်ကာ ယမန်နေ့ညက မီးရှို့ဖျက်ဆီးခံရမှုတွင် မည်သည့်အဖွဲ့အစည်း လူပုဂ္ဂိုလ်က ပြုလုပ်သွားသည်ကိုမသိရှိရကြောင်း ကော့ကရိတ်မြို့ခံတစ်ဦးက ယခုလိုပြောသည်။

“ကော့ကရိတ်မှတ်ပုံတင်ရုံး လဝကရုံးက မနေ့ညမှာမီးရှို့ခံလိုက်ရတယ်။ ဒီမနက် သွားတာ အကုန်ပြောင်နေပြီး။ ရုံးမှာဝန်ထမ်းတွေမရှိတော့တာကြာပြီး။ ဝန်ထမ်းတွေ အိမ်မှာပဲနေပြီး အလုပ်လုပ်တာ တစ်လ ကျော်နေပြီး” ဟု ၎င်းမြို့ခံက ကေအိုင်စီသို့ပြောသည်။

ကော့ကရိတ် (လဝက)ရုံး မီးရှို့ဖျက်ဆီးခံရမှုနှင့်ပတ်သက်ပြီး စစ်ကောင်ဘက်မှ တစ်စုံတစ်ရာထုတ်ပြန် ခြင်းမရှိ သေးသလို မည်သည့်အဖွဲ့အစည်း သို့မဟုတ် လူပုဂ္ဂိုလ်က ပြုလုပ်သွားသည်ကို ကေအိုင်စီအနေဖြင့် အတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းနေဆဲဖြစ်သည်။

အဆိုပါ (လဝက) ရုံးစိုက်ရာ ကော့ကရိတ်မြို့မြောက်ဘက်ခြမ်းသည် အာရှလမ်းတောင်ဘက်ခြမ်း တွင်ရှိပြီး ကရင် အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း(၁၈) လှုပ်ရှားနယ်မြေဖြစ်သည်ဟု သိရသည်။

ကော့ကရိတ်မြို့အတွင်းရှိ စစ်ကောင်စီလက်အောက်ခံ ဌာနဆိုင်ရာရုံးများအနေဖြင့် (KNLA)ပူးပေါင်းတပ်များက ဝင်ရောက်တိုက်ခိုက်‌လေ့ရှိသလို လက်ရှိကော့ကရိတ် မြို့အနီးပတ်ပတ်လည်လည်တွင်လည်း တော်လှန်ရေး ပူးပေါင်းတပ်မှ နေရာချထားလျက်ရှိကြောင်း ဒေသခံများကပြောသည်။