Home တွေ့ဆုံမေးမြန်းခန်း သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုအေးမင်းထွန်းနှင့် ဆက်သွယ်မေးမြန်းခြင်း

သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုအေးမင်းထွန်းနှင့် ဆက်သွယ်မေးမြန်းခြင်း

700
Photo: ကိုအေးမင်းထွန်

သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံ ကိုအေးမင်းထွန်းနှင့် ဆက်သွယ်မေးမြန်းခြင်း

“စစ်တပ်က ကျနော်တို့ကို နည်းအမျိုးမျိုးနဲ့ သွေးခွဲနေတာတွေ လုပ်နေပြီ တော်လှန်ရေး အဖွဲ့တွေ အချင်းချင်းကြားမှာရော ကျနော်တို့နဲ့ EAO တွေရဲ့ ကြားမှာရော နည်းအမျိုးမျိုးနဲ့ စိတ်ဝမ်းကွဲအောင် လုပ်နေတာတွေ ရှိနေတယ်။ အဲ့ဒါကို ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေရော EAO တွေရော သတိထားရမှာ ဖြစ်တယ်” ကိုအေးမင်းထွန်း – PDF တာဝန်ခံ/သထုံခရိုင်

စက်တင်ဘာ ၂၈ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

စစ်အာဏာသိမ်းယူမှုကြောင့် မြန်မာနိုင်ငံတဝှမ်းတွင် လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားလာခဲ့ရာ တပ်အင်အား အများအပြား ဖြန့်ကျက်ထားရသည့် စစ်ကောင်စီတပ်ဖွဲ့သည် နယ်မြေအနေအထား မကျွမ်းဝင်မှုကြောင့် မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်မှုများတွင် အားနည်းလာခဲ့ပြီး လေကြောင်းနှင့် လက်နက်ကြီးအင်အားကို အများအပြား အသုံးချနေသည်။

အင်အားလျော့နည်းလာသော စစ်ကောင်စီတပ်သည် ပြည်သူလူထုအား အကြောက်တရားကို အသုံးချ၍ ဖြစ်စေ၊ ခြိမ်းခြောက်၍ ဖြစ်စေ စစ်ကောင်စီလက်အောက်ရှိ ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့များ အတွင်းသို့ ဝင်ရောက်စေသလို လက်နက်တပ်ဆင်ပေးခြင်းဖြင့် တပ်အင်အားကို တိုးချဲ့လျက်ရှိသည်။

ထိုသို့ စစ်ကောင်စီ၏ လုပ်ဆောင်ချက်နှင့် ပတ်သက်၍ ရှေ့ဆက်ဆင်နွှဲရမည့် တော်လှန်ရေး အင်အားစုများနှင့် စစ်ကောင်စီတို့၏ တိုက်ပွဲအတွင်း မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်မှု၊ တနိုင်ငံလုံး စစ်မျက်နှာဖွင့်ထားရသော စစ်ကောင်စီ၏ တပ်အင်အားအခြေအနေနှင့် ပြည်သူ့စစ်များ ပိုတိုးမြှင့် လာမှုအပေါ် သုံးသပ်သိရှိနိုင်ရန် သထုံခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တာဝန်ခံ ကိုအေးမင်းထွန်းနှင့် ဆက်သွယ်မေးမြန်းထားပါသည်။

မေး။ ။ စစ်ကောင်စီက လက်နက်တပ်ဆင်ပေးတဲ့ ဌာနေ (ပြည်သူ့စစ်) တပ်ဖွဲ့ဝင်ဆိုတာကို ဘယ်လို နားလည်ထားပါလဲ။
ဖြေ။ ။ ကျနော်တို့အနေနဲ့ကတော့ ပွင့်ပွင့်လင်းလင်းပဲ ရန်သူနဲ့ လက်တွဲဆောင်ရွက်တဲ့သူ ရန်သူကပေးတဲ့ လက်နက်ကိုကိုင်ပြီး ပျူစောထီးအနေနဲ့ လုပ်တယ်၊ ရန်သူပေးလာတဲ့ လက်နက်ကိုကိုင်ပြီ ဆိုကတည်းက ကျနော်တို့ အတွက်ကတော့ ရန်သူပဲလို့ အပြည့်အဝ သတ်မှတ်ပြီးသား ဖြစ်ပါတယ်။

မေး။ ။ ဒီအခင်းအကျင်းအပေါ် သုံးသပ်ကြည့်ရင် တစ်နိုင်ငံလုံးနီးပါး စစ်မျက်နှာဖွင့်ထားရတဲ့ စစ်ကောင်စီရဲ့ တပ်တွင်းအင်အား အခြေအနေအပေါ် ထင်မြင်ချက်ကိုလည်း ပြောပြပေးပါဦး။
ဖြေ။ ။ သူတို့မှာ အင်အားနည်းလာတာပေါ့၊ အင်အားနည်းလာလို့ပဲ ပျူစောထီးလို့ခေါ်တဲ့ ပြည်သူ့ စစ်တွေကို အသည်းအသန် ဖွဲ့တယ်။ ဖွဲ့တဲ့နေရာမှာလည်း ဘယ်သူတွေ ပါသလဲဆိုတော့ ဘာသာရေး မှိုင်းတိုက်ခံထားရတဲ့ ဘာသာရေးအစွန်းရောက်သူတွေ၊ ထောင်ထဲက လွတ်လာတဲ့ မူးယစ် ဆေးဝါးသုံးစွဲသူတွေ၊ ခိုးဆိုးလုယက်တွေ ခါးပိုက်နှိုက်တွေ အများအားဖြင့် သူတို့က အဲ့လိုလူတွေကိုပဲ ဖွဲ့လာတာ တွေ့ရတယ်။

နောက်ပြီးတော့ ကျေးရွာမှာရှိနေတဲ့ တချို့ ရိုးသားကြောက်တတ်တဲ့သူတွေကို ခြိမ်းခြောက်ပြီး ပျူစောထီးထဲဝင်ဖို့ ပြောဆိုတာတွေလည်း ရှိတယ်။ အဖွဲ့ထဲမဝင်ရင် ထောင်ဘယ်နှစ်နှစ်လောက် ချပစ်မှာတို့ ဘယ်လို လုပ်ပစ်မှာတို့ဆိုပြီး ခြိမ်းခြောက်ပြောဆိုမှုနဲ့ ဝင်ခိုင်းခံရတဲ့သူတွေပေါ့နော်။ စစ်တပ်ထဲမှာဆိုရင်လည်း အဲဒီလိုပဲ ခြိမ်းခြောက်ပြီးတော့မှ ဝင်ခိုင်းလို့ ကျနော်တို့ ဒီဘက်ခြမ်းကိုရောက်လာတဲ့ CDM တွေ ရှိပါတယ်။

မေး။ ။ လက်ရှိမြေပြင်တိုက်ပွဲမှာ စစ်ကောင်စီက အသာစီးရမနေတဲ့အခါ လေကြောင်းနဲ့ လက်နက်ကြီးတွေကို ပိုပြီးအသုံးပြုလာတာ တွေ့ရတယ်။ ရှေ့လျှောက်ရော စစ်တပ်အနေနဲ့က လူအင်အားရရှိပြီးနောက် မြေပြင်ထိုးစစ်ဆင်မှုတွေ ပိုလုပ်လာနိုင်မလား။
ဖြေ။ ။ ထိုးစစ်ကတော့ အခုအချိန်မှာ အများကြီး မရှိဘူး။ ဒါက ကျနော်တို့ သထုံခရိုင်ဘက်ခြမ်းကို ပြော တာပါ။ စစ်ကိုင်းတို့ ဘာတို့ ဘက်တွေမှာတော့ ထိုးစစ်ဆင်နေတာတွေ ရှိပါတယ်။ ဒါပေမယ့်လည်း အရင့် အရင်လောက်တော့ ထိုးစစ်ဆင်နိုင်ခြင်း မရှိဘူး။ အခုနောက်ပိုင်းက လေကြောင်းအသုံးပြုတာတွေ များလာတယ်။ တာဝေးပစ် လက်နက်ကြီးတွေကို အသုံးပြု ပစ်ခတ်တာတွေ များလာတယ်။ ဒါတွေကို ကြည့်ခြင်းအားဖြင့်လည်း သူတို့အင်အား ချိနဲ့လာတာ တွေ့ရသလို အင်အားအထိမခံချင်တော့လို့ အဝေးကနေလေကြောင်းကို အများအားဖြင့် အသုံးပြုလာတာလို့ ကျနော်တို့ကတော့ ယူဆမိပါတယ်။

မေး။ ။ သထုံခရိုင်အတွင်းမှာလည်း စစ်ကောင်စီရဲ့ မြေပြင်စစ်ကြောင်းထိုး ဝင်ရောက်မှုတွေ ၊ စစ် ကြောင်း ထိုးတိုင်းလည်း ထိတွေ့တိုက်ပွဲက တခုမဟုတ်တခုဖြစ်တယ်။ အသေအပျောက်လည်း ရှိတယ်ဆိုတော့ သူတို့ ရဲ့ ရည်ရွယ်ချက်က နယ်မြေစိုးမိုးနိုင်မှု အတွက်ပဲလား၊ အင်အားပြချင်တာလား ဒီအပေါ်မှာ ဘယ်လို မြင်ပါလဲ။
ဖြေ။ ။ သူတို့စစ်ကြောင်းထိုးတာက အထက်အမိန့်ပေါ့၊ အထက်ကအမိန့်ကြောင့် စစ်ကြောင်းထိုးတယ်။ ဒါပေမဲ့ လိုအပ်တဲ့နေရာ အထိတော့ ရောက်မလာဘူး၊ အယောင်ပြတာပေါ့ အင်အားပြတဲ့ ပုံစံမျိုးတွေကိုပဲ တွေ့ရပါတယ်။

မေး။ ။ တော်လှန်ရေးအင်အားစုတွေ အနေနဲ့လည်း အခုနောက်ပိုင်း နယ်မြေအတွင်း တိုက်ပွဲတွေ ဖော်ဆောင်ရာမှာ လက်ရှိထက်ပိုပြီး လက်နက်တွေ တပ်ဆင်နိုင်မယ်ဆိုရင် နယ်မြေထိန်းချုပ်နိုင်မှု အပါအဝင် စစ်ရေးအရ ဘယ်လိုအားသာချက်တွေ ရှိနိုင်မလဲ။
ဖြေ ။ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ လက်ရှိမှာ အစစအရာရာ သာနေပါတယ်။ အင်အား အရရော၊ လက်နက်ဆိုလည်း ပိုပြီးတပ်ဆင်နိုင်လာတယ်။ စစ်ဆင်ရေးမှာလည်း ပိုပြီးတော့ လုပ်ဆောင် နိုင်ခဲ့တာပေါ့။ ကျနော်တို့ဘက်မှာဆို မြို့အထိနယ်မြေစိုးမိုးမှု မရှိသေးပေမယ့်လည်း မြို့နဲ့အနီးဆုံး ကျေးရွာတွေမှာ ကျနော်တို့ နယ်မြေစိုးမိုးမှုတွေ လုပ်ထားပြီးပြီ။ အများကြီး မဟုတ်ဘူး ဆိုရင်တောင်မှ ရန်သူဝင်မလာနိုင်တော့တဲ့ အနေအထားအထိကို ကျနော်တို့ ထိန်းချုပ်ထားနိုင်တဲ့ အခြေအနေ ဖြစ်ပါတယ်။

မေး။ ။ အခုလတ်တလော စစ်ကောင်စီက နယ်မြေထိန်းချုပ်ခွင့် လက်လွတ်ဆုံးရှုံးနေရတဲ့ အခြေအနေနဲ့ တော်လှန်ရေးအင်အားစုတွေရဲ့ အသာစီးရရှိထားမှုအနေအထားကို ပြောပြပေးနိုင်မလား။
ဖြေ။ ။ အာဏာသိမ်းပြီးနောက်ပိုင်း ကျနော်တို့ KNU တပ်မဟာ (၁) ကေအဲန်ယူနယ်မြေတွေမှာ ပူးပေါင်း စစ်ဆင်ရေးတွေ ဆောင်ရွက်တယ်။ အဲဒီထဲမှာ ဘီးလင်းမြို့နယ်ထဲက စစ်ကောင်စီရဲ့ စခန်းတချို့ကို သိမ်း ပိုက်နိုင်ခဲ့တယ်။ ကျနော်တို့ KNU/KNLA အနေနဲ့ ဒေသအတွင်း နယ်မြေထိန်းချုပ်နိုင်မှုကတော့ အရှေ့ကို ပိုပြီး ရောက်လာတာပေါ့နော်။

မေး။ ။ ဖြည့်စွက်ပြောချင်တာရှိရင် ပြောပေးပါဦး။
ဖြေ။ ။ ရှေ့ဆက်မှာ ကျနော်တို့ တော်လှန်ရေးအဖွဲ့အစည်း အင်အားစုတွေအနေနဲ့ ပိုပြီး စုစုစည်းစည်း တိုက်ခိုက်ဖို့၊ စစ်တပ်က ကျနော်တို့ကို နည်းအမျိုးမျိုးနဲ့ သွေးခွဲနေတာတွေ လုပ်နေပြီ တော်လှန်ရေး အဖွဲ့တွေ အချင်းချင်းကြားမှာရော ကျနော်တို့နဲ့ EAO တွေရဲ့ ကြားမှာရော နည်းအမျိုးမျိုးနဲ့ စိတ်ဝမ်း ကွဲအောင် လုပ်နေတာတွေ ရှိနေတယ်။ အဲ့ဒါကို ကျနော်တို့ တော်လှန်ရေးအဖွဲ့တွေရော EAO တွေရော သတိထားရမှာ ဖြစ်တယ်။ အဲ့ဒါကြောင့် ကျနော်တို့အနေနဲ့ တူရာတွေကို ပေါင်းစပ်ပြီး မတူတာတွေကို အရေးယူပြီးတော့ စစ်ကောင်စီ အမြစ်ပြတ်ဖို့အထိ စုစုစည်းစည်းနဲ့ တိုက်ထုတ်ကြဖို့ ကျနော်တိုက်တွန်းချင်ပါတယ်။