စက်တင်ဘာ ၉ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
ကရင်ပြည်နယ်၊ မြဝတီမြို့၊ သင်္ဃန်းညီနောင်ရွာအဝင် တံတားလုံခြုံရေးကင်းချထားသည့် ကျေးရွာပြည် သူ့စစ်များစုဖွဲ့နေသည့်နေရာအား ယနေ့စက်တင်ဘာလ ၈ ရက်နံနက် ၉ နာရီခန့်အချိန်တွင် တော်လှန် ရေးပူးပေါင်းတပ်များက လာရောက်ပစ်ခတ်သည့်အတွက် ပြည်သူ့စစ် ၃ ဦးသေဆုံးပြီး သံဃာ ၁ ပါး ထိခိုက်ဒဏ်ရာရရှိကြောင်း ဒေသခံမျက်မြင်တွေ့ရှိသူများ ပြောသည်။
ထိုဖြစ်စဥ်အတွင်း တော်လှန်ရေးပူးပေါင်းတပ်များဘက်က ဗွီဂိုအမျိုးအစား ပစ်ကပ်ကားတစ်စီးကျန် ရစ်ခဲ့ပြီး ပြန်လည်ဆုတ်ခွာသွားခဲ့ကြောင်း ဒေသခံများက ပြောဆိုချက်အရ သိရသည်။
“ညီနောင်မှာ သေနတ်နဲ့ ဝင်ပစ်သွားတယ်။ ပသစ(ပြည်သူ့စစ်) သုံးဦးသေသွားတယ်လို့ သိရတယ်။ ရွာလယ်၊ ရဲစခန်းအနားက တံတားမှာ။ လာပစ်တဲ့သူတွေက သင်္ချိုင်းကုန်း ဘက်တက်သွား တယ်ကြားတယ်။ ကားထားခဲ့ပြီးတော့”ဟု ဒေသတစ်ဦးက ကေအိုင်စီသို့ ပြောသည်။
ပြီးခဲ့သည့် စက်တင်ဘာ ၇ ရက်ညကလည်း သင်္ဃန်းညီနောင် ကျေးရွာအထွက် သင်္ဃန်းညီနောင် တပ်မ အဖွဲ့စုံ စစ်ဆေးရေးဂိတ်အား တော်လှန်ရေးပူးပေါင်းတပ်ဘက်မှ ဒရုန်းဗုံးချတိုက်ခိုက်သည့်အတွက် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးသေဆုံးခဲ့သေးကြောင်း သိရှိရသည်။
ပြီးခဲ့သည့် စက်တင်ဘာလ ၃ရက်၊ ည ၆နာရီခွဲကျော်အချိန်တုန်းက ဖြစ်ပွားခဲ့သော ခရိုင်အုပ်ချုပ်ရေးမှူး အပါအဝင် ၆ ဦးသေဆုံးပြီး ၁၀ ထိခိုက်ဒဏ်ရရှိသည့် မြဝတီခရိုင်ရဲရုံးဒရုန်းဗုံးချ တိုက်ခိုက်ခံရမှုဖြစ်စဉ် အပြီး ယမန်နေ့ စက်တက်ဘာ ၈ ရက်မှစတင်ကာ စစ်ကောင်စီတပ်မှ ည ၁၀ နာရီအချိန်ထက် ကျော်လွန် သွားလာသူများအား ပစ်ခတ်ဖမ်းဆီးရန်အမိန့်ထုတ်ပြန်ပြီးလုံခြုံရေးတိုးမြှင့်ထားသည်ဟု မြို့ခံများက ပြောသည်။
ထို့အပြင် ပတ်ကင်း၊ ရပ်ကင်း၊ ဝပ်ကင်း၊ ရှောင်တခင်ရှာဖွေ စစ်ဆေးခြင်းများပြုလုပ်မည်ဟု တရားဝင် ကြေညာထုတ်ပြန်တာမျိုးမရှိဘဲ စစ်တပ်လက်အောက်ခံရပ်ကွက် အုပ်ချုပ်ရေးပိုင်းကိုသာ အသိပေးပြီး ညပိုင်းစစ်ဆေးရေးပြုလုပ်မည့်အပေါ် မြို့ခံများ သတင်းအချက်အလက် မသိရသည့်အတွက် မြို့တွင်း ပစ်ခတ်မှုများရှိလာမည်ကို စိုးရိမ်နေကြရကြောင်း ရပ်ကွက်နေထိုင်သူများက ပြောသည်။
မြဝတီမြို့ခံတစ်ဦးက“မနေ့ကစပြီး ၁၀ နာရီကျော်ရင် စစ်တပ်တပ်မအဖွဲ့တွေ ကင်းလှည့်မယ်။ တွေ့ရင် ပစ် ဖမ်းမယ်ဆိုတဲ့ အမိန့်ထုတ်ထားတယ်ဆိုတာ စစ်တပ်က အုပ်ချုပ်ရေးပိုင်းက လူတွေကိုပြောထား တယ်။ သူတို့နဲ့ နီးစပ်သူတွေကတဆင့် ပြောကြဆိုကြတယ်။ ပြည်သူလူထုကို အသိမပေးဘူး၊ သူတို့ စစ်တပ်အုပ်စုပဲကြိတ်ပြီးဖြန့်တဲ့သတင်းမျိုးဖြစ်နေတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။
လတ်တလော မြဝတီမြို့တွင်းသို့ KNLA ပူးပေါင်းတပ်ဖွဲ့များထပ်မံလာရောက်တိုက်ခိုက်မည်ဟု သတင်း များထွက်ပေါ်နေသည့်အတွက် မြို့တွင်း စစ်တပ်လက်အောက်ခံ ဌာနဆိုင်ရာရုံးဝန်ထမ်းများ၏ မိသားစုများနေရာပြောင်းရွှေ့နေထိုင်မှုများရှိနေကြောင်း သိရှိရသည်။
လက်ရှိတွင် မြဝတီခရိုင်အဆင့်အုပ်ချုပ်သည့် စစ်ဘက်၊ နယ်ဘက်အရာရှိများ သေဆုံးဖြစ်စဥ်ကြောင့် ထိုင်း-မြန်မာနယ်စပ်အုပ်ချုပ်ရေးကိစ္စ၊ စစ်ဆင်ရေးကိစ္စ၊ ကုန်သွယ်ရေးကိစ္စများ လုပ်ငန်းလည်ပတ်မှု အချို့ရပ်ဆိုင်းထားရကြောင်း စစ်ကောင်စီနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်များ ပြောစကားအရ သိရပါသည်။
“ခေါင်းပေါင်း( အရာရှိ) တွေ သေထားတဲ့ကိစ္စဖြစ်နေတော့ သူတို့လုပ်ရတဲ့ကိစ္စတွေ ရပ်ကုန်တယ်။ အခု သင်္ဃန်းညီနောင်တပ်မကနေ ယာယီအုပ်ချုပ်နေတယ်။ မြို့အုပ်ချုပ်ရေးမှူးကလည်း ပြည်နယ်အုပ်ချုပ် ရေးနဲ့ ချိတ်ဆက်ပြီးလုပ်နေရတယ်။ ခရိုင်အဆင့်နယ်ခြားကော်မတီ အဆင့်၊ ရှေ့တန်းရုံးကွပ်ကဲ ရေး ကိစ္စတွေ ဆက်လုပ်လို့မရ ဖြစ်နေတယ်။ လူစားမလာသေးဘူး။ ထပ်ပြီးတိုက်ခိုက်မခံရရေးဘဲသူတို့ စစ်တပ်ကလုပ်နေတယ်၊”ဟု စစ်တပ်အုပ်ချုပ်ရေးပိုင်းနှင့် နီးစပ်သည့် သတင်းအရင်းအမြစ်က ပြောသည်။
လက်ရှိ မြဝတီမြို့အနီးဝန်းကျင်နေရာများတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူပေါင်းတပ်များနှင့် စစ်တပ်၊ BGF ၊ ပြည်သူ့စစ်အဖွဲ့များနှင့် ပြောက်ကျားပစ်ခတ်မှုများရှိနေသော်လည်း မြဝတီ-ကော့ကရိတ်အာရှလမ်းသစ်သွားလာမှုမှာ ယာဥ်ကြောပိတ်ဆို့ကြန့်ကြာမှုအချို့မှလွဲ၍ ဆက်လက် သွားလာခွင့်ရနေကြောင်း ဒေသတွင်းယာဥ်မောင်းများက ပြောသည်။



















