Home သတင်း နယ်စပ်ဘေးကင်းဇုန်နှင့် လူသားချင်းစာနာမှုစင်္ကြံ တည်ဆောက်ရန် ထိုင်းပါတီနှစ်ခု ဝန်ကြီးချုပ်ထံ တောင်းဆို

နယ်စပ်ဘေးကင်းဇုန်နှင့် လူသားချင်းစာနာမှုစင်္ကြံ တည်ဆောက်ရန် ထိုင်းပါတီနှစ်ခု ဝန်ကြီးချုပ်ထံ တောင်းဆို

688
Photo: Move Forward Party

စက်တင်ဘာ ၈ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ထိုင်း-မြန်မာနယ်စပ်တစ်လျှောက် ဘေးကင်းဇုန်နှင့် လူသားချင်းစာနာမှုစင်္ကြံတစ်ခု တည်ဆောက်နိုင်ရန် ထိုင်းနိုင်ငံ၏ ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနှင့် Fair ပါတီတို့က စက်တင်ဘာလ (၇)ရက်၊ ယမန်နေ့က ပြုလုပ်ခဲ့သော သတင်းစာရှင်းလင်းပွဲတွင် ထိုင်းနိုင်ငံ၏ လက်ရှိဝန်ကြီးချုပ်အား တောင်းဆိုလိုက်သည်။

၎င်းထိုင်းနိုင်ငံရေးပါတီနှစ်ခုက နယ်စပ်ရှိ စစ်ဘေးရှောင်ခိုလှုံသူများသို့ လူသားချင်းစာနာမှုအကူအညီများ ထောက်ပံ့ ပေးနိုင်ရေးအတွက် လူသားချင်းစာနာမှု စင်္ကြံတည်ဆောက်ရန်နှင့် ပဋိပက္ခများကင်းရှင်းသည့် ဘေးကင်းရေးဇုန်ကို ထိုင်း-မြန်မာနယ်စပ်နှင့် ၅ကီလိုမီတာအကွာတွင် သတ်မှတ်ထားရှိရန်ဖြစ်ကြောင်း သက်ဆိုင်ရာပါတီများ၏ လူမှုကွန် ရက်စာမျက်နှာမှတဆင့် ထုတ်ပြန်ပြောဆိုမှုအရ သိရသည်။

မြန်မာစစ်တပ်သည် တော်လှန်ရေးတပ်ဖွဲ့ဝင်များအား တိုက်ခိုက်ချေမှုန်းစဥ် ထိုင်းလေကြောင်းပိုင်နက်ကို ကျူးကျော်ခဲ့ ဖူးသော ဖြစ်ရပ်များရှိထားသလို မြန်မာပြည်တွင်းပဋိပက္ခများကြောင့် ထိုင်း-မြန်မာနယ်စပ်ဒေသတွင် နေထိုင်သော ထိုင်းပြည်သူများအပေါ် အကြောက်တရားများဖြစ်စေကာ နိုင်ငံအတွက် သက်ရောက်မှုရှိလာမည့်အရေး စိုးရိမ်နေရ ကြောင်း သတင်းစာရှင်းလင်းပွဲတွင် ၎င်းပါတီနှစ်ခု၏ တာဝန်ရှိသူများက ရှင်းလင်းပြောဆိုသည်။

ယင်းစိုးရိမ်မှုများကို ကာကွယ်ရန်နှင့် လူသားချင်းစာနာမှုစင်္ကြံ တည်ဆောက်နိုင်ရေးအတွက် မြန်မာနိုင်ငံရှိ သဘော ထားကွဲလွဲမှုဖြစ်ပွားနေသော ပါတီများ၊ အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်အပါအဝင် တရုတ်နိုင်ငံတို့ ဖြင့်ပါ တွေ့ဆုံညှိနှိုင်းမှုပြုလုပ်ရန်လည်း Fair ပါတီ၏ အထွေထွေအတွင်းရေးမှူး ကန်နာဝီဆစ်ဘ်ဆန်က တိုက်တွန်း ထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ (၁၀)ရက်နေ့က ကျင်းပခဲ့သည့် ထိုင်းအောက်လွှတ်တော် အစည်းအဝေးတွင် မြန်မာစစ်တပ်က အရပ်သားပြည်သူများအား ဦးတည်တိုက်ခိုက်နေမှုကြောင့် တစ်စထက်တစ်စ တိုးမြှင့်လာသော ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်များအတွက် ထိုင်းအစိုးရအနေဖြင့် အကူအညီပေးရေးနှင့် လူသားချင်းစာနာမှုစင်္ကြံ အပါအဝင် ဘေးကင်းဇုန် တည်ဆောက်ရေး၊ သက်ဆိုင်ရာနိုင်ငံများနှင့် ညှိနှိုင်းဆွေးနွေးရေးတို့ကိုလည်း လွှတ်တော်အစည်းအဝေးတွင် တင်ပြခဲ့ သေးကြောင်း ကန်နာဝီဆစ်ဘ်ဆန်က ကေအိုင်စီနှင့် ဆက်သွယ်မေးမြန်းရာတွင် ပြောဆိုခဲ့သလို ၎င်း၏လူမှုကွန်ရက် စာမျက်နှာ၌လည်း ဖော်ပြထားသည်။

အဆိုပါ ထိုင်းနိုင်ငံရေးပါတီနှစ်ခု၏ တောင်းဆိုချက်များကို အကောင်အထည်ဖော်နိုင်ရေး ဆောင်ရွက်ရာတွင် ရေရှည် စီမံကိန်းများ၊ လက်တွေ့ကျသော အစီအစဥ်များနှင့် ကူညီထောက်ပံ့ပေးမည့် အလှူရှင်များပါ ထည့်သွင်းစဥ်းစားထား သင့်ကြောင်း ပြီးခဲ့သည့် ဩဂုတ်လအတွင်း ကရင်လူ့အခွင့်အရေးအဖွဲ့-KHRG က RFA သတင်းဌာနကို ဖြေကြားထား ချက်အရ သိရသည်။

လက်ရှိ ထိုင်း-မြန်မာနယ်စပ်တွင် မြန်မာနိုင်ငံမှ စစ်ဘေးတိမ်းရှောင်လာသူ ၃သိန်းခန့်ရှိနေကြောင်း ထိုင်းအာဏာပိုင် များက ပြောဆိုထားကြသလို စစ်ကောင်စီ၏ ပြည်တွင်း စားနပ်ရိက္ခာနှင့် ဆေးဝါးသယ်ဆောင်ခွင့် ပိတ်ပင်မှုများကြောင့် နယ်စပ်ဖြတ်ကျော်ရေး အကူအညီများလိုအပ်နေသည်ဟု အရပ်ဖက်နှင့် လူ့အခွင့်အရေးအဖွဲ့များကလည်း နိုင်ငံတကာ သို့ တောင်းဆိုထားသည်။

ရွေးကောက်ပွဲအနိုင်ရ Move Forward ပါတီနှင့် Fair ပါတီတို့သည် ပြီးခဲ့သည့်မေလ၊ ထိုင်းနိုင်ငံ ရွေးကောက်ပွဲအတွင်း ညွန့်ပေါင်းပါတီအဖြစ် ဖွဲ့စည်းဆောင်ရွက်ခဲ့ကြပြီး Move Forward ပါတီခေါင်းဆောင် ပီတလင်ဂျာရွန်ရက်အနေဖြင့် ရွေးကောက်ပွဲတွင် မဲအများဆုံးဖြင့် အနိုင်ရရှိခဲ့သော်လည်း သတင်းမီဒီယာကုမ္ပဏီတစ်ခုတွင် အစုရှယ်ယာများ ပိုင်ဆိုင် ထားသည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဝန်ကြီးချုပ်ဖြစ်ခွင့် လက်လွတ်ခဲ့ရခြင်းဖြစ်သည်။