ဩဂုတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်အတွင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် ပုံစံအမျိုးမျိုးဖြင့် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်လာသောကြောင့် ဒေသခံများအနေဖြင့် သွားလာရေး အထူးဂရုပြုကြရန် လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-LLPDFက ယမန်နေ့တွင် သတိပေးထုတ်ပြန်ထားသည်။
လောင်းလုံးမြို့နယ်တွင် ယခုဩဂုတ်လအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက နေရာအနှံ့အပြားတွင် ရေခဲချောင်း ရောင်းသမားများ၊ စောင်၊ခေါင်းအုံး၊ ဖျာလိပ်၊သံတိုသံစ၊ ဆံပင်ရောင်းသမားများအပြင် Ambulance (နာရေး လူမှုကူညီရေးကားများ) ၊ ဘုန်းကြီးကျောင်းတံဆိပ်ကပ်ထားသော ကားများဖြင့် မျက်နှာစိမ်းသွားလာ မှုများဖြင့် အင်အားဖြည့်တင်းမှုများ လုပ်ဆောင်လာကြောင်း LLPDF မှပြန်ကြားရေး တာဝန်ခံ တစ်ဦးက ပြောသည်။
၎င်းက “စခတွေ အသွင်အမျိုးမျိုးနဲ့ လာနေတဲ့အတွက် ပြည်သူတွေ သတိထားနိုင်ဖို့အတွက်ပါ။ လက် နက်ကိုင် အဖွဲ့တွေ ကျနော်တို့မြို့နယ်ထဲ ကျနော်တို့မသိဘဲလာခဲ့ရင် စခတွေနဲ့ လူမှားမှာစိုးလို့ လည်းပါတယ်ခင်ဗျား။ အင်အားဖြည့်တင်းနေတာကြောင့်မို့ ပြည်သူတွေ သတိထားနိုင်ဖို့ကို အဓိကဖြစ်ပါတယ်။”ဟု ကေအိုင်စီ သို့ပြောသည်။
ထို့အပြင် လောင်းလုံးမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ အနေဖြင့်လည်း သွားလာရေးအပြင် မြို့နယ်အတွင်း ည ၈ နာရီမှ နံနက် ၄ နာရီအတွင်း ခရီးသွားလာခြင်းများ မပြုကြရန်လည်း ထုတ်ပြန်ချက်တွင် ဆက်လက် သတိပေး ဖော်ပြထားသည်။



















