Home သတင်း နတ်သံကွင်းမြို့အတွင်း ဧည့်စာရင်းနှင့် ဖုန်းများ စစ်ဆေးစဥ် ဖမ်းဆီးခံရသူများရှိလာ

နတ်သံကွင်းမြို့အတွင်း ဧည့်စာရင်းနှင့် ဖုန်းများ စစ်ဆေးစဥ် ဖမ်းဆီးခံရသူများရှိလာ

910
Photo: Crd.

ဩဂုတ်လ ၂၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၃)ထိန်းချုပ်နယ်မြေ၊‌ ညောင်လေးပင်ခရိုင်ရှိ စစ်ကောင်စီတပ်များစိုးမိုးမှုရရှိထားသော နတ်သံကွင်း မြို့အတွင်း ပြီးခဲ့သည့်ရက်ပိုင်းမှစ၍ စစ်ကောင်စီက တစ်အိမ်တက်တစ်အိမ်ဆင်း အိမ်ထောင်စုစာရင်းနှင့် နေထိုင်သူများ၏ ဖုန်းများအား စစ်ဆေးခြင်းပြုလုပ်ခဲ့ရာတွင် ဖမ်းဆီးခံလိုက်ရသော ဒေသခံများရှိလာကြောင်း မြို့ခံများ၏ပြောပြချက်အရ သိရသည်။

ဩဂုတ်လ(၂၁)ရက်နေ့က စစ်ကောင်စီဖမ်းဆီးခံလိုက်ရသော ဒေသခံ(၃)ဦးမှာ နတ်သံကွင်းမြို့ (၆) ရပ်ကွက်တွင်နေထိုင်သော အမျိုးသားတစ်ဦးနှင့် အမျိုးသမီး နှစ်ဦးဖြစ်ပြီး ၎င်းတို့ဖုန်းအား စစ်ကောင်စီကစစ်ဆေးကြည့်ရှုစဥ် နိုင်ငံရေးနှင့်ပတ်သက်သည့်အကြောင်းအရာများ တွေ့ရှိရသဖြင့် ဖမ်းဆီးခံ လိုက်ရခြင်းဖြစ်နိုင်ကြောင်း နတ်သံကွင်းမြို့ခံအမျိုးသားတစ်ဦးက ယခုလိုပြောသည်။

“၆ ရပ်ကွက်ဘက်မှာ အိမ်တွေထဲကို အိမ်ထောင်စုစာရင်းစစ်ရင်းနဲ့ ဖုန်းတွေပါစစ်တာ။ ဖမ်းခံလိုက်ရတဲ့အမျိုးသမီးနှစ်ယောက်ရော၊ ကောင်လေးတစ်ယောက်ရောကို စစ်တပ်က ဖုန်းကိုစစ်ပြီးတော့ ဆွဲခေါ်သွားတာ။ နိုင်ငံရေးနဲ့ပတ်သက်တာတွေ့သွားလို့ ဆိုပြီးတော့” ဟု ၎င်းမြို့ခံက ကေအိုင်စီသို့ ပြောသည်။

နတ်သံကွင်းမြို့တွင် ပြီးခဲ့သည့်ဇွန်လအတွင်း နှစ်ဖက်တိုက်ပွဲများဖြစ်ပွား၍ လေကြောင်းတိုက်ခိုက်မှုခံခဲ့ရပြီးနောက် စစ်ကောင်စီက အဝင်အထွက်နှင့် စစ်ဆေးရေးများ တင်းကြပ်ထားပြီး ၎င်းတို့သံသယရှိသူများအား ဖမ်းဆီး မေးမြန်းခြင်းများ ဆက်တိုက်ပြုလုပ်နေခြင်းကြောင့် အသွားအလာသတိထားနေရသည်ဟုလည်း ဒေသခံများက ဆိုသည်။

ထို့အပြင် ကျောက်ကြီးမြို့နယ်၊ မုန်းမြို့နယ်၊ ကျောက်တံခါးမြို့နယ်တို့အတွင်း စစ်ကောင်စီ၏စစ်ကြောင်းထိုးဝင်ရောက်မှုနှင့် လက်နက်ကြီးပစ်ခတ်မှု၊ လေကြောင်း ပစ်ခတ်မှုများကြောင့် ဒေသခံအချို့မှာ နတ်သံကွင်းမြို့တွင် သွားရောက် တိမ်းရှောင်နေကြသလို ယခုအဖမ်းခံလိုက်ရသော အမျိုးသမီးနှစ်ဦးမှာလည်း သားအမိဖြစ်ကြောင်း အခြားဒေသခံအမျိုးသမီးတစ်ဦးက ဆိုသည်။

၎င်းအမျိုးသမီးက “နတ်သံကွင်းမှာ ဖမ်းခံလိုက်ရတဲ့ အန်တီကြီးသားအမိက အစက စစ်ဖြစ်လို့ ပဲသောင်ရွာမှာ ရှောင်နေတာ နောက်တော့ နတ်သံကွင်းဘက်ကို ဆက်သွားပြီး အိမ်ငှား နေကြတာပါ။ သမီးဖြစ်တဲ့ ကောင်မလေးက ငယ်ငယ်လေးရှိသေးတယ်” ဟု ပြောသည်။

ထို့အတူ နတ်သံကွင်းမြို့တိုက်ပွဲနောက်ပိုင်း တော်လှန်ရေးအင်အားစုများနှင့် ဆက်နွယ်မှုရှိသည်ဟု စစ်ကောင်စီက စွပ်စွဲ၍ ဖမ်းဆီးခံထားရသော ဒေသခံများလည်း ရှိနေသလို ညောင်လေးပင်မြို့နှင့်ကျောက်တံခါးမြို့သို့ဈေးဝယ်လာကြသော ဒေသခံ များကို အကြောင်းအမျိုးမျိုးပြ၍ ဖမ်းဆီးထောင်ချခြင်းမျိုးလည်းရှိနေကြောင်း မြို့နေပြည်သူများက ပြောဆိုထားသည်။

ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်ဘက်တွင်လည်း ပြီးခဲ့သည့်ဩဂုတ်လ(၁၉)ရက်နေ့က စားနပ် ရိက္ခာဝယ်ယူရန် မြို့အတွင်းသွားလာသည့် ငထွေစုပ်ရွာသား (၅) ဦးအား စစ်ကောင်စီက အကြောင်းမဲ့ဖမ်းဆီးခဲ့ပြီး ခြေမြန်တပ်ရင်း ခမရ-၅၅၉ သို့ ပို့ဆောင်ခဲ့ရာ ယမန်နေ့ကအထိပြန်လည် လွတ်မြောက်လာခြင်းမရှိသေးကြောင်း ကေအဲန်ယူ-ဗဟို၏ ဩဂုတ်လ(၂၂)ရက်နေ့ ထုတ်ပြန်ချက်ပါအရ သိရသည်။