Home သတင်း မွန်နှင့်ကရင်ကို ဆက်သွယ်ထားသည့် ချောင်းနှစ်ခွ၊ ဒါလီတံတား များ ပြုပြင်ရေး စစ်အုပ်စု ကြိုးပမ်းနေ

မွန်နှင့်ကရင်ကို ဆက်သွယ်ထားသည့် ချောင်းနှစ်ခွ၊ ဒါလီတံတား များ ပြုပြင်ရေး စစ်အုပ်စု ကြိုးပမ်းနေ

9
Photo: CJ (ပုံဟောင်း)

အောက်တိုဘာ (၉) ရက်၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ

မွန်ပြည်နယ်နှင့်ကရင်ပြည်နယ်ကို ဆက်သွယ်ထားပြီး ထောက်ပံ့ပို့ဆောင်ရေးအချက်အချာကျသည့် ချောင်းနှစ်ခွနှင့် ဒါလီတံတား တို့ကို ပြန်လည်ပြုပြင်ရန် စစ်အုပ်စုက ယခု အောက်တိုဘာလဆန်းရက်အတွင်း စက်ယန္တရား၊ လူသူအင်အားအများအပြားဖြင့် ကြိုးပမ်းနေကြောင်း ဒေသတွင်းသတင်းအရင်းအမြစ်များက ဆိုသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ် အတွင်းက တော်လှန်ရေးတပ်များနှင့် စစ်အုပ်စုတို့ နှစ်ဖက်တိုက်ပွဲအတွင်း မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်ရှိ ချောင်းနှစ်ခွတံတားနှင့် ကြာအင်းဆိပ်ကြီး-မုဒုံလမ်းပိုင်းရှိ ဒါလီတံတားတို့ သွားလာရေးအသုံးပြုရန် လုံးဝပျက်စီးသွားခြင်းဖြစ်သည်။

လတ်တလောတွင် စစ်အုပ်စုသည် တံတားပြုပြင်ရေး စက်ယန္တရားများအပါအဝင် လက်နက်ကြီးနှင့် လူအင်အားအများအပြား စုစည်းလျက် အဆိုပါတံတားများကို ပြင်ဆင်ရန်ကြိုးပမ်းနေပြီး ကြာအင်းဆိပ်ကြီးနှင့် ဘုရားသုံးဆူ ဘက်သို့တက်ရန် ရည်ရွယ်ချက်ရှိသည်ဟု ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်မဟာ(၆) လက်အောက်ရှိ တပ်ဖွဲ့ဝင်တစ်ဦးက ပြောသည်။

“ချောင်းနှစ်ခွဘက်မှာ ဘေလီသံဘောင်တံတားထိုးဖို့၊ ယန္တရားတပ်တွေရော လမ်းတံတားအဖွဲ့တွေရော လက်နက်ကြီးတွေရော အစုံပါလာတယ်။ ဒါလီ တံတားဘက်မှာတော့ ဖောင်ဇက်ပေါ်ကနေ စစ်ကားတွေတင်ပြီး ကြာအင်းဆိပ်ကြီးဘက်ကို ဝင်ဖို့လုပ်နေတာ” ဟု ၎င်းတပ်ဖွဲ့ဝင်က ပြောသည်။

လက်ရှိ ယာယီတံတားထိုးရန်ပြင်ဆင်နေစဥ်ကာလအတွင်း ထိုနေရာအနီး၌ စစ်အုပ်စုတပ်ဖွဲ့ဝင်များ တပ်စွဲထားသည်။ ထို့အပြင် ခွဲထွက်ကရင်လက်နက်ကိုင်အချို့သည်လည်း ၎င်းတို့နှင့်အတူ တံတားပြင်ဆင်ရာတွင် လုံခြုံရေးယူပေးရန်ရှိကြောင်း နီးစပ်သူအချို့ထံမှသတင်းထွက်ပေါ်နေသော်လည်း ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်သေးပေ။

Photo: CJ (ပုံဟောင်း)

ဒေသခံ မော်တော်ယာဥ်မောင်းတစ်ဦးက “အခုကတော့ မုဒုံဘက်အခြမ်းကို ဇက်နဲ့ကူး၊ သစ်သားတံတားကနေ ကူးပြီး သွားနေကြတယ်။ သတင်းထွက်နေပေမယ့် လက်ရှိတော့ အဲဒီတပ်တွေ(ခွဲထွက် ကရင်လက်နက်ကိုင်တပ်) အထိုင်ချနေတာမရှိသေးပါဘူး” ဟု ကေအိုင်စီကို ပြောသည်။

လက်နက်ကိုင်ပဋိပက္ခအတွင်း ဖောက်ခွဲဖျက်ဆီးခံလိုက်ရသည့် အဆိုပါတံတားနှစ်စင်းသည် စစ်အုပ်စုသာမက ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး တပ်မဟာ(၆) KNLA ပူးပေါင်းတော်လှန်ရေးတပ်ဖွဲ့များအတွက်လည်း ရိက္ခာ၊ လက်နက်ခဲယမ်းနှင့် မြေပြင်စစ်ကူထောက်ပို့ရာ၌ စစ်ရေးအရအရေးပါသော လမ်းကြောင်းဖြစ်သည်။

တံတားဖျက်ဆီးမှုနှင့်ပတ်သက်၍ ထိုစဥ်က နှစ်ဖက်အဖွဲ့အပြန်အလှန် စွပ်စွဲခဲ့ကြ၍ သတင်းအမျိုးမျိုးထွက်ပေါ်ခဲ့သလို တံတားပျက်စီးပြီးနောက် ဒေသတွင်း ကုန်သည်သွားလာရေးပြတ်တောက်ကာ ကုန်ဈေးနှုန်းကြီးမြင့်မှုကို ဒေသခံများ တွေ့ကြုံခဲ့ကြရခြင်း ရှိသည်။

ထို့အတူ အဆိုပါတံတားနှစ်စင်းသည် ကရင်နှင့်မွန် ကုန်စည်စီးဆင်းရာ လမ်းကြောင်းလည်းဖြစ်သောကြောင့် လက်ရှိအခြေအနေတွင် တံတားပြန်လည်ပြုပြင်မည့်အခြေအနေတွင် နှစ်ဖက်တပ်ဖွဲ့များ ထိပ်တိုက်ဆုံ၍ တိုက်ပွဲထပ်မံဖြစ်ပွားလာမည့်အရေးကိုလည်း ဒေသခံများက စိုးရိမ်နေကြသည်။