Home ဆောင်းပါး (စကစ)စစ်အုပ်စုက ရွေးကောက်ပွဲကို ဖြစ်တဲ့နည်းနဲ့ကျင်းပနိုင်ဖို့ စိုင်းပြင်းနေတယ်

(စကစ)စစ်အုပ်စုက ရွေးကောက်ပွဲကို ဖြစ်တဲ့နည်းနဲ့ကျင်းပနိုင်ဖို့ စိုင်းပြင်းနေတယ်

639
Photo: Crd.

(စကစ)စစ်အုပ်စုက ရွေးကောက်ပွဲကို ဖြစ်တဲ့နည်းနဲ့ကျင်းပနိုင်ဖို့ စိုင်းပြင်းနေတယ်

မောင်ကျော်စွာ

(၂၀၂၃ခုနှစ်၊ ဩဂုတ်လ ၂၂ရက်)

လောလောဆယ်ကာလမှာ မင်းအောင်လှိုင် ဦးစီးနေတဲ့ (စကစ)စစ်အုပ်စုရဲ့ ထွက်ပေါက်က “ရွေးကောက်ပွဲ” ဖြစ်တယ်။ (၃၁-၇-၂၀၂၃) ရက်နေ့မှာ ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေး (၂/၂၀၂၃)မှာ ရွေးကောက်ပွဲနဲ့ပတ်သက်တဲ့ သူတို့လေသံ/စကားလုံးတွေ ပြောင်းလဲလာတယ်။ ဒီလိုပြောင်းလဲလာအောင် အချိန်ကာလအားဖြင့် ၂နှစ်ဆိုတဲ့ကာလအ တွင်း အဖြစ်အပျက်တွေက ပြောင်းလဲစေလိုက်တာဖြစ်တယ်။ (စကစ)စစ်အုပ်စုရဲ့ ရှေ့လုပ်ငန်းစဉ်(၅)ရပ်ထဲက နောက် ဆုံးလုပ်ငန်းစဉ်ဖြစ်တဲ့ အမှတ်စဉ် ၅ကိုပဲ နှိုင်းယှဉ်ကြည့်ပါ။

ပထမဖော်ပြထားတဲ့ဟာက ကာလုံအစည်းအဝေး (၂/၂၀၂၃) မတိုင်မီက ဖြစ်ပါတယ်။
– “အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက်ပြီးစီးပါက ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈)နှင့်အညီ လွတ်လပ်ပြီးတရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား ပြန်လည်ကျင်းပ၍ အနိုင်ရသည့်ပါတီ အား ဒီမိုကရေစီစံနှုန်းများနှင့်အညီ နိုင်ငံတော်တာဝန်အား လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်”

ကာလုံအစည်းအဝေး (၂/၂၀၂၃)နောက်ပိုင်း ပြင်ဆင်ထားတဲ့ ရှေ့လုပ်ငန်းစဉ် (၅)ရပ်ထဲက နောက်ဆုံး လုပ်ငန်း စဉ်ဖြစ်တဲ့ အမှတ်စဉ် ၅ က အခုလို ဖြစ်တယ်။
– “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများအားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေ ထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေး ဆောင်ရွက်ခြင်း၊ အရေးပေါ်ကာလဆိုင်ရာ ပြဋ္ဌာန်းချက်များနှင့်အညီ ဆောင်ရွက် ခြင်းတို့ ပြီးစီးပါက လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ၍ ပေါ်ထွက်လာ သည့် အစိုးရအား နိုင်ငံတော်တာဝန်လွှဲအပ်နိုင်ရေး ဆက်လက် ဆောင်ရွက်သွားမည်” ဟူ၍ ဖြစ်ပါတယ်။

စကားလုံးတွေ ပြောင်းလဲသွားတာ အထင်အရှားတွေ့ကြရတယ် မဟုတ်ပါလား။ “ဆန္ဒမဲပေးပိုင်ခွင့်ရှိသူများ အားလုံး၏ အခွင့်အရေးများ နစ်နာမှုမရှိစေရေးနှင့် နည်းလမ်းကျန မှန်ကန်မှုရှိသည့် အထွေထွေရွေးကောက်ပွဲတစ်ရပ် ဖြစ်စေရေး ဆောင်ရွက်ခြင်း” ဆိုတဲ့အချက်။ ဒီအချက်က “ရွေးကောက်ပွဲကို ဖြစ်တဲ့နည်းနဲ့ကျင်းပမယ်”လို့ ပြောချင်တာ ပါ။ (စကစ)စစ်အုပ်စုက အာချောင်ခဲ့တဲ့ “တစ်နိုင်ငံလုံး အတိုင်းအတာနှင့် အကြားအလပ်မရှိ ရွေးကောက်ပွဲ ကျင်းပနိုင် ရေး” ဆိုတဲ့စကားကို ဘွာတေးလုပ်တာ၊ ပြန်ပြီး ဘရိတ်အုပ်လိုက်တာပါ။ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ အကြားအလပ် မရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ဖို့ဆိုတာ ကြာလေကြာလေ မဖြစ်နိုင်တော့လေပဲ ဆိုတာ သူတို့ သိနေပါတယ်။

“အနိုင်ရသည့်ပါတီ” ဆိုတဲ့စကားရပ်နဲ့ “ရွေးကောက်ပွဲကျင်းပ၍ ပေါ်ထွက်လာသည့်အစိုးရ” ဆိုတဲ့ စကားရပ် တွေဟာ စကားလုံးအသုံးအနှုန်း ခြားနားသလို အဓိပ္ပာယ်တွေကလည်း ယူချင်သလိုယူလို့ရအောင် တမင်ရွေးရေးထား တာ ပေါ်လွင်နေပါတယ်။ ဒါ့အပြင် “လွှဲပေးမယ်”လို့ မရေးဘူး။ “လွှဲအပ်နိုင်ရေး ဆက်လက်ဆောင်ရွက်သွားမည်” တဲ့။ “ပါတီ” ကို မလွှဲဘူး၊ “အစိုးရ”ကို လွှဲမတဲ့။

ဒီအချက်ကတော့ ဗိုလ်စောမောင်ရဲ့ ကတိစကားကို သင်ခန်းစာယူထားပုံ ပေါ်ပါတယ်။ “ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကို အာဏာလွှဲပြီး တပ်က စစ်တန်းလျားပြန်မယ်” ဆိုတဲ့စကား။

ကြားဖြတ်ပြီး မှတ်ချက်ပေးရရင် ဒီအချက်တွေကနေ ဘာကိုမြင်နိုင်သလဲဆိုတော့ စစ်အုပ်စုက သူတို့ လုယူ သိမ်းပိုက်ထားတဲ့ အာဏာကို သူတို့ကလွဲရင် ဘယ်သူ့မှ လွှဲမပေးတော့ဘူး။ သူတို့ပဲ ထာဝစဉ်ယူထားတော့မယ်။ ၄နှစ် သို့မဟုတ် ၅နှစ်တစ်ကြိမ် ရွေးကောက်ပွဲနဲ့တက်လာတဲ့ “ပါတီ/အစိုးရ” က သူတို့သတ်မှတ်ထားတဲ့ စည်းကမ်းနဲ့အညီ သားသတ်လိုင်စင်ခံသလို ဆောက်လုပ်ရေးကန်ထရိုက်ယူသလို “တာဝန်ယူ”ကြဖို့ဖြစ်တယ်၊ လက်တွေ့မှာ “တကယ့် နိုင်ငံရေးအာဏာ”လည်း လွှဲပေးမှာမဟုတ်တဲ့အတွက် အာဏာဆိုတဲ့စကားလုံးကို သုံးကိုမသုံးဘူး ဆိုတဲ့အချက်ပါပဲ။

ဒီအချက်တွေကနေ တဆင့်တိုးပြီး သိမြင်နိုင်တာကတော့ စစ်အုပ်စုတိုင်းက ပြောနေတဲ့ “စစ်မှန်ပြီး စည်းကမ်း ပြည့်ဝတဲ့ဒီမိုကရေစီ” ဆိုတာရဲ့ အနှစ်သာရပါပဲ။ အဲဒီအနှစ်သာရက တကယ့်နိုင်ငံရေးအာဏာက စစ်အုပ်စုလက်ထဲမှာ ရှိမြဲရှိနေပြီး ဘုရားစူး ရွေးကောက်ပွဲနဲ့တက်လာတဲ့ အစိုးရဆိုတာက စစ်အုပ်စုကခွင့်ပြုတဲ့ ဘောင်ထဲ အတိုင်းအတာထဲ ကနေ စည်းနဲ့ကမ်းနဲ့ တာဝန်ယူရတာပါဆိုတဲ့ အချက်ပဲ ဖြစ်ပါတယ်။

အထက်တစ်နေရာမှာ “ရွေးကောက်ပွဲကို ဖြစ်တဲ့နည်းနဲ့ ကျင်းပလိမ့်မယ်” လို့ ရေးသားဖော်ပြခဲ့ပါတယ်။ ဒါဟာ အကြောင်းအချက်မဲ့ ဖော်ပြခဲ့တာ မဟုတ်ပါဘူး။ (၃၁-၇-၂၀၂၃)ရက်နေ့က ပြုလုပ်ခဲ့တဲ့ ကာလုံအစည်းအဝေး (၂/၂၀၂၃) မှာ မင်းအောင်လှိုင်နဲ့မြင့်ဆွေတို့ ပြောခဲ့တဲ့စကားတွေရဲ့ ရှေ့နောက်အဆက်အစပ်နဲ့ လေသံပစ် နှပ်ကြောင်းပေးထားတာ တွေကို အခြေခံပြီး ကောက်ချက်ချရတာပါ။

ကာလုံအစည်းအဝေးမှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ “အခင်းအကျင်း ၂ခု”ဆိုတာ မင်းအောင်လှိုင်က ပြောခဲ့ တယ်။
– ပထမတစ်ခုက “လတ်တလော လက်နက်ကိုင်တိုက်ခိုက်မှုများ၊ မတည်ငြိမ်မှုများ ဖြစ်ပေါ်လျက်ရှိသည့် ဒေသများကို ချန်လှပ်ပြီး ရွေးကောက်ပွဲကျင်းပခြင်း” ဖြစ်ပြီး၊ ဒုတိယတစ်ခုက “တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဖြစ်မနေ ပြုလုပ် ခြင်း” ဆိုတာပါပဲ။

– ရွေးကောက်ပွဲ အထမြောက်မှုနဲ့ ပတ်သက်ပြီးတော့လည်း “မြန်မာနိုင်ငံ၏ တည်ဆဲလွှတ်တော်ဥပဒေများတွင်လည်း မဲဆန္ဒရှင်ပြည်သူလူထု ဘယ်နှစ်ရာခိုင်နှုန်းကမဲပေးမှ အထမြောက်မည်ဟု သတ်မှတ်ထားခြင်းမျိုး မရှိဘူး”လို့ မင်းအောင်လှိုင်က ပြောပါတယ်။

– လွှတ်တော်ခေါ်ယူရေးနဲ့ ပတ်သက်ပြီးတော့လည်း “ပထမဆုံးကျင်းပမည့် လွှတ်တော်အစည်းအဝေး အထမြောက်ရန် လိုအပ်သည့် ၅၀ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်အတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၂၅ရာ ခိုင်နှုန်းရှိပြီးဖြစ်ပါကြောင်း ကျန် ၂၅ရာခိုင်နှုန်းသော လွှတ်တော်ကိုယ်စားလှယ်ရှိရုံမျှဖြင့် လွှတ်တော်အစည်းအဝေးကို အထမြောက်အောင် ဆောင်ရွက်နိုင်တယ်”လို့ မင်းအောင်လှိုင်က ပြောပါတယ်။

– လွှတ်တော်ခေါ်နိုင်သလို “တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်များ၊ အစိုးရအဖွဲ့ဝင်များ၊ ပြည်ထောင်စုအ ဆင့် သမ္မတ၊ ဒုသမ္မတ စသည်တို့ ရွေးချယ်နိုင်တယ်”လို့ မင်းအောင်လှိုင်က ထည့်ပြောပါတယ်။

– မြင့်ဆွေ ပြောတဲ့အထဲမှာတော့ “ပထမအခင်းအကျင်းအရ လက်ရှိပစ်ခတ်တိုက်ခိုက်မှုများ ဖြစ်ပွားနေသည့် စစ်ကိုင်း တိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး မြောက်ဖက်ခြမ်းနေရာအချို့၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ ပဲခူးတိုင်းဒေသကြီး အရှေ့ဖက်ခြမ်းနှင့် တနင်္သာရီတိုင်းဒေသကြီးအတွင်းရှိ နေရာအနည်းငယ်တို့ကို ချန်လှပ်ပြီး ရွေးကောက်ပွဲပြုလုပ်ရန် ဖြစ်တယ်”လို့ တွေ့ရပါတယ်။

– “မြန်မာနိုင်ငံ၏ ဒီမိုကရေစီရေးကိုရှေးရှုပြီး ရွေးကောက်ပွဲကို မဖြစ်မနေ ကျင်းပရန် ဦးတည်ဆောင်ရွက်လျက်ရှိတယ်” လို့လည်း ပြောပါတယ်။
မင်းအောင်လှိုင်က အဲဒီလိုနည်းလမ်းတွေရှိတယ်လို့ တစ်ဖက်မှာပြောပြီး “အထက်တွင် မိမိပြောခဲ့သကဲ့သို့ ဆောင်ရွက်နိုင်သော်လည်း တပ်မတော်က အတင်းလုပ်ယူသည်ဟူသည့် ပုံရိပ်တစ်ခုကို သတ်မှတ်သွားနိုင်သည့် အနေ အထားရှိပါကြောင်း”ဆိုပြီး သူခိုးက ဂုဏ်ခံသလိုလို မင်္ဂလာယူပြီး ပြောသွားပါသေးတယ်။
“မလုပ်ရဲတာ ဘာမှမရှိ”လို့ ကြွေးကြော်ပြီး လူမဆန်တဲ့ အကြမ်းဖက်မှုတွေကို ၂နှစ်တာကာလအတွင်း မျက် မြင်ကိုယ်တွေ့ ကြုံထားကြရသူ ပြည်သူတွေအနေနဲ့တော့ ဘာမဆိုလုပ်လာနိုင်တယ်ဆိုတာကို ကြိုမြင်ပြီး ကြိုပြင်ထား ကြဖို့ လိုအပ်ပါတယ်။

ဒီအနေအထားအတိုင်းဆိုရင် အခုနောက်ဆုံး ဩဂုတ်လ ၁ရက်နေ့စပြီး “နောက်ထပ် ၆လသက်တမ်း” တိုးထား တဲ့ကာလအတွင်းမှာလည်း ရွေးကောက်ပွဲကျင်းပဖို့ဆိုတာ ဘယ်လိုနည်းနဲ့မှ ဖြစ်လာနိုင်စရာ အကြောင်းမရှိပါဘူး။ ဒါပေ မယ့် (စကစ)စစ်အုပ်စုကတော့ ရွေးကောက်ပွဲကို ဖြစ်တဲ့နည်းနဲ့ကျင်းပဖို့ စိုင်းပြင်းနေပြီဖြစ်တယ်။

ရွေးကောက်ပွဲဟာ (စကစ)စစ်အုပ်စုရဲ့ထွက်ပေါက် ဖြစ်နေတယ်။ အဲဒီထွက်ပေါက်ကို ရောက်နိုင်ဖို့အတွက် (စကစ)စစ်အုပ်စုမှာ ပြည်တွင်းပြည်ပ အခက်အခဲတွေ ပတ်လည်ဝိုင်းလျက်ရှိနေတယ်။ ဒီအနေအထားကို ချက်ကောင်း ယူပြီး အင်အားစုအားလုံးအနေနဲ့ (စကစ)စစ်အုပ်စုကို စစ်ရေး၊ နိုင်ငံရေး တိုက်ခိုက်ထိုးနှက်မှုတွေ တညီတညွတ်တည်း တပြိုင်နက်တည်း ပြုလုပ်နိုင်ကြဖို့ သိပ်ကို လိုအပ်ပါတယ်။

စစ်အုပ်စု – စစ်အာဏာရှင်စနစ် – စစ်အစိုးရနဲ့ ၂၀၀၈ အခြေခံဥပဒေကို အကုန်အစင် မဖျက်သိမ်းနိုင်ဘဲ ဖက်ဒ ရယ်တို့၊ ဒီမိုကရေစီတို့ ပေါ်ပေါက်လာဖို့ ဘယ်လိုမှ မလွယ်ကူနိုင်ပါဘူး။ (စကစ)စစ်အုပ်စုက စစ်ရေး/နိုင်ငံရေး ထိုးနှက် ဖြိုခွဲမှုတွေ၊ သွေးခွဲလှည့်စားမှုတွေလည်း တစ်ရှိန်ထိုး လုပ်လာပါလိမ့်မယ်။ ဒီအတွက်လည်း အင်အားစုအသီးသီးက တော်လှန်ရေးသတိရှိကြဖို့ ပန်ကြားအပ်ပါတယ်။