Home သတင်း ကျောက်ကြီးဒေသခံများ ကျန်းမာရေး၊ ပညာရေးနှင့် စားဝတ်နေရေးအကူအညီများလိုအပ်နေ

ကျောက်ကြီးဒေသခံများ ကျန်းမာရေး၊ ပညာရေးနှင့် စားဝတ်နေရေးအကူအညီများလိုအပ်နေ

709
Photo: Crd.

သြဂုတ်လ ၁၆ ရက်၊၂၀၂၃ ခုနှစ်။ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၃ နယ်မြေ၊ ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီတပ်၏ လူ့အခွင့် အရေးချိုးဖောက်မှုများနှင့် သဘာဝဘေးအန္တရာယ်ကြောင့် ဒေသခံပြည်သူများအနေဖြင့် ကျန်းမာရေး၊ ပညာရေး နှင့် စားဝတ်နေရေးများအတွက် အကူအညီလိုအပ်နေကြောင်း ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ယနေ့တွင် သတင်းထုတ်ပြန်ထားသည်။

ကျောက်ကြီးမြို့နယ်တွင် စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်ခံရမှုနှင့် အရပ်သားများကို ဖမ်းဆီးပြီး လူသားဒိုင်း အသုံး ပြုခံနေရခြင်းအပြင် လတ်တလော မိုးရွာသွန်းမှုကြောင့် ကျေးရွာအတွင်း လမ်းပန်းဆက်သွယ်ရေးခက်ခဲကာ ကုန်စျေးနှုန်း များလည်း အဆမတန်မြင့်တက်နေသည့်အတွက် ဒေသခံပြည်သူများမှာ အလုပ်လုပ်ကိုင်နိုင်ခြင်းမရှိတော့ဘဲ အခက် အခဲမှုများ ကြုံတွေ့နေရကြောင်း ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ယခုနှစ် မေလမှစ၍ သြဂုတ်လ ၁၅ ရက်နေ့အထိ စစ်ကောင်စီတပ်ဘက်မှ ကျောက်ကြီးမြို့နယ်အတွင်းသို့ လေကြောင်းဖြင့် ၃၃ ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ကျေးရွာထဲသို့ လက်နက်ကြီး အလုံးရေ (၄၀၀)ခန့်ပစ်ခတ်ခဲ့ကြောင်း၊ ထိုပစ်ခတ်မှုကြောင့် ဒေသခံပြည်သူများ၏ နေအိမ် ၂၀ ခန့် ထိခိုက်ပျက်စီးခဲ့သလို ပြည်သူ ၆ ဦးသေဆုံပြီး ၁၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ ထိခိုက် သေဆုံးသူအနက် ကျောင်းသူကျောင်းသား ၄ ဦးသေဆုံးကာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ထားသည်။

ထို့အပြင် စစ်ကောင်စီတပ်က ပြည်သူ ၁၈ ဦးကို ဖမ်းဆီးကာ ၂ ဦးကို ဖမ်းဆီးနှိပ်စက်သတ်ဖြတ်ခဲ့ပြီး ၃ဦးကို အရှင် လတ်လတ်မီးရှို့သတ်ဖြတ်ခြင်းအပြင် နေအိမ် အလုံး ၂၀ ကို မီးရှို့ခဲ့ခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများကို ယူဆောင် သွားခဲ့ သေးကြောင်းလည်း ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ကရင်အရေးပေါ်ကူညီကယ်ဆယ်ရေးကော်မတီ၏ထုတ်ပြန်ချက်အရ စစ်ကောင်စီတပ်၏ လက်နက်ကြီးပစ်ခတ်မှုများနှင့် နေအိမ်မီးရှို့ဖျက်ဆီးခြင်းများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ကျောက်ကြီးမြို့နယ်မှ ကျေးရွာ ၁၀ ရွာတွင် စစ်ဘေးရှောင်လူဦးရေ ရှစ်ထောင်နီးပါးရှိနေခဲ့သည်ဟု ဖော်ပြထားသည်။

ထို့အတူ သဘာဝဘေးအန္တရာယ်ကြောင့် ကျေးရွာ ၈ ရွာမှ အိမ်ခြေစုစုပေါင်း ၆၄၂ အိမ် လူဦးရေစုစုပေါင်း ၂ ထောင်နီး ပါးလည်း ရေကြီးရေလျှံမှုကို ရင်ဆိုင်ကြုံတွေနေရပြီး စာသင်ကျောင်း ၃ ကျောင်းမှ ကျောင်းသူကျောင်းသားဦးရေ ၃၀၀ ခန့်လည်း ကျောင်းတက်ရန် အခက်အခဲရှိနေသည့်အတွက် ကျောင်းပိတ်ထားရကြောင်းလည်း ကရင်အရေးပေါ်ကူညီ ကယ်ဆယ်ရေးကော်မတီ၏ ပြုစုထားသည့် စာရင်းများအရ သိရသည်။