အောက်တိုဘာ (၈) ရက်နေ့၊ ၂၀၂၆ ခုနှစ်။ ကေအိုင်စီ
ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ မူတြော်(ဖာပွန်)ခရိုင်၊ တပ်မဟာ(၅)နယ်မြေတွင် ပြီးခဲ့သည့်စက်တင်ဘာလအတွင်း စစ်အုပ်စုနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲပေါင်း (၁၀၆) ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်အုပ်စုတပ်ဖွဲ့ဝင် (၄၇) ဦး သေဆုံးခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်ချက်မှ သိရသည်။
သေဆုံးခဲ့သည် စစ်အုပ်စုတပ်ဖွဲ့ဝင်များထဲတွင် တပ်ရင်မှူး (၂) ဦးနှင့် တပ်စုမှူး (၁) ဦီးလည်းပါဝင်၍ ထိခိုက်ဒဏ်ရာရရှိသူ (၂၇) ဦးလည်း ရှိသည်ဟု ကေအဲန်ယူ မူတြော်ခရိုင်က ဆိုသည်။
ထို့အပြင် တိုက်ပွဲများအတွင်း KNLA မဟာမိတ်တပ်ဖွဲ့များမှ စစ်အုပ်စု၏သေနတ် (၁၃) လက်ကို သိမ်းဆည်းနိုင်ခဲ့ပြီး စက်တင်ဘာ (၁၃) ရက်နေ့က စစ်အုပ်စုတပ်ဖွဲ့ဝင် (၁) ဦးမှာလည်း လက်နက်နှင့်တကွ KNLA ထံ ဘက်ပြောင်းခိုလှုံခဲ့ခြင်း ရှိသည်။
တဖက်တွင်လည်း မူတြော်ခရိုင်အတွင်းရှိနေသည့်စစ်အုပ်စုမှာ ကျေးရွာများနှင့် ပြည်သူလူထု လုပ်ကိုင်စားသောက်သည့် နေရာများအပေါ် ဒရုန်းတိုက်ခိုက်မှု (၃၂) ကြိမ်၊ လေကြောင်းတိုက်ခိုက်မှု (၂၃) ကြိမ်နှင့် လက်နက်ကြီးတိုက်ခိုက်မှု (၃၃) ကြိမ် လုပ်ဆောင်ခဲ့ကြောင်း ကေအဲန်ယူထုတ်ပြန်ချက်က ဖော်ပြသည်။
ယင်းကြောင့် အရပ်သားပြည်သူ (၃) ဦးထိခိုက်ဒဏ်ရာရရှိကာ နေအိမ် (၂၉) လုံး၊ ယာတဲ (၄) လုံးနှင့် စပါးကျီ (၂) လုံးလည်း ထိခိုက်ပျက်စီးခဲ့ရသည်ဟု သိရသည်။
ကော်သူးလေနယ်မြေ၊ မူတြော်ခရိုင်အတွင်း စစ်အုပ်စုက နယ်မြေအုပ်ချုပ်ရေးနှင့် ၎င်းတို့လက်လွှတ်ဆုံးရှုံးထားရသည့် ဖာပွန်မြို့နှင့် တပ်စခန်းများကို ပြန်လည်ထိန်းချုပ်နိုင်ရန် မေလကတည်းက အင်အားသုံး ထိုးစစ်ဆင်နေခြင်းဖြစ်သည်။
ထိုးစစ်ကာလ(၄)လထဲတွင် စစ်အုပ်စုဖက်က တပ်ဖွဲ့ဝင် (၁၅၀) ကျော် သေဆုံးခဲ့ကြောင်း ကေအဲန်ယူဘက်က မှတ်တမ်းတင်ထားခြင်းရှိသော်လည်း စစ်အုပ်စုဘက်ကမူ အတိအလင်းထုတ်ပြန်ချက် မရှိသေးပေ။


















