Home သတင်း ကျောက်တံခါးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့

ကျောက်တံခါးတွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်ခဲ့

873
Photo: Crd.

ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ နံဇရွာအနီး တစ်ဝိုက် သို့ ယမန်နေ့ ဩဂုတ်လ(၁၅)ရက်၊ နေ့လည်ပိုင်းက တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကောင်စီက လေကြောင်းအသုံးပြုတိုက်ခိုက်ခဲ့ကြောင်း ဒေသတွင်း သတင်း အရင်း အမြစ်များမှ သိရသည်။

နံဇကျေးရွာအနီးရှိ တလိုင်းခင်ရွာသို့ ယမန်နေ့လည် ၂ နာရီဝန်းကျင်ခန့်တွင် စစ် ကောင်စီမှ နှစ်ကြိမ်တိတိ လေကြောင်းတိုက်ခိုက်ခဲ့သဖြင့် နေအိမ်အချို့ ပျက်စီး ဆုံးရှုံးခြင်းရှိနိုင်သော်လည်း ဒေသခံထိခိုက်မှုရှိမရှိကိုမူ သေချာမကြားသိရ သေး ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

၎င်းက “တိုက်ပွဲဖြစ်တာမဟုတ်ဘူး၊ ပထမက လေယာဥ်လာဝဲနေပြီးတော့မှကြဲ ချသွားတာ တိုက်ပွဲမဖြစ်ဘဲနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရှိတယ်ဆိုပြီးတော့ များ ကြဲ သလားပေါ့။ နံဇနဲ့တလိုင်းခင်မှာကလည်း ရွာသူရွာသားက မရှိသလောက်ဆိုတော့ အထိအခိုက်ရှိတယ်လို့တော့ မကြားမိဘူး။ အိမ်တွေပျက်စီးတာတော့ ရှိနိုင်တယ်” ဟု ယနေ့ ကေအိုင်စီသို့ ပြောသည်။

ထိုသို့ လေကြောင်းဖြင့်မပစ်ခတ်ခင် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ကျောက်တံခါးမြို့ နယ်ရှိ တချို့သောနေရာများတွင် ဖုန်းလိုင်းများပြတ်တောက်နေမှု ကြောင့် ဆက်သွယ် ရေးအခက်အခဲရှိနေပြီး အချို့နေရာများတွင် မိုင်တဲအော်ပရေတာ တစ်ခုသာ ရရှိကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

ထို့အတူ ကျောက်တံခါးမြို့နယ် သမင်အင်းကုန်းကျေးရွာတွင် ဩဂုတ်လ (၁၁) ရက်နေ့က နှစ်ဖက်ထိတွေ့တိုက်ပွဲဖြစ်ပွားစဥ် စစ်ကောင်စီဘက်မှ အသေ အပျောက်များခဲ့သလို ဩဂုတ်လ(၁၂)ရက်နေ့ နံနက်ပိုင်းတွင် ရွာအတွင်း ကျန်ရှိနေသော တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီက လေကြောင်းပစ်ခတ်မှု လုပ်ဆောင်ခဲ့သည်ဟုလည်း ကျောက်တံခါးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောဆိုထားသည်။

စစ်ကောင်စီ၏စစ်ကြောင်း ထိုးဝင်ရောက်မှု၊ လေကြောင်းပစ်ခတ်မှုနှင့် နှစ်ဖက်စစ်ရေး ပဋိပက္ခများကြောင့် သမင်အင်းကုန်းနှင့် နံဇကျေးရွာအပါအဝင် ကျောက်တံခါး မြို့နယ် အတွင်းရှိ ကျေးရွာအများစုမှ ဒေသခံများသည် နေရပ်စွန့်ခွာထွက်ပြေးနေရပြီး ယခုအချိန်ထိ နေရပ်ပြန်နေထိုင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးတပ်ဖွဲ့များအကြား နှစ်ဖက်ထိတွေ့ တိုက်ပွဲများဖြစ်ပွားမှုကြောင့် ဇူလိုင်လအတွင်းကတည်းက နေရပ်စွန့်ခွာ ထွက်ပြေးနေရသော နံဇကျေးရွာရှိ ဒေသခံများ၏ နေအိမ်ပေါင်း အလုံး(၆၀) ထက်မနည်းကိုလည်း စစ်ကောင်စီတပ်များ၏ မီးရှို့ဖျက်ဆီး ခြင်းခံခဲ့ရသည်ဟု ဒေသတွင်း သတင်းအမြစ်များက ပြောသည်။