Home သတင်း ပုလောမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပိတ်ဆို့ရှာဖွေမှုများ ပိုမိုပြုလုပ်လာ

ပုလောမြို့အဝင် စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် ပိတ်ဆို့ရှာဖွေမှုများ ပိုမိုပြုလုပ်လာ

371

ဩဂုတ်လ ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့အဝင်ရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ်များတွင် ခရီးသည်များ တင်ဆောင် လာသောကုန်ပစ္စည်းများကို တင်းတင်းကြပ်ကြပ်ရှာဖွေ စစ်ဆေးမှုများ တိုးမြှင့်လုပ်ဆောင်လျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

ပုလောမြို့အတွင်းဝင်မည့် လမ်းများတွင် စစ်ဆေးရေးဂိတ်ပေါင်း ၇ခုထက် မနည်းရှိနေပြီး ယခုရက်ပိုင်းအတွင်း လုံခြုံရေးများ တိုးမြှင့်ချထားကာ ဒေသခံများသယ်ဆောင်သည့် ကုန်ပစ္စည်းများကို အသေးစိတ်ရှာဖွေ စစ်ဆေး ခြင်းများ ပိုမိုလုပ်‌ဆောင်လာနေကြောင်း ၎င်းလမ်းပိုင်းကို အသုံးပြုနေသည့် ဒေသခံတစ်ဦးက ပြောသည်။

၎င်းဒေသခံက “အရင်ကဆိုရင် ရွာကတက်လာပြီးဆိုရင် လမ်းတွေပိတ်ထားတယ်။ အခုရက်ပိုင်းကျတော့ မြို့ထဲတိုက်ပွဲမရှိတော့ လမ်းဖွင့်ပြီး ဂိတ်တွေမှာ တော်တော်စစ်တယ်။ ကားပေါ်တွေတက် ပစ္စည်းတွေကို အတင်း ရှာတယ်။ ပြီးတော့ သူတို့မေးချင်တာကို မေးတော့တာပဲ။ ဂိတ်တစ်ဂိတ်တိုင်းကို စစ်သားတွေများများ တွေ့ရ တယ်။” ဟု ကေအိုင်စီ သို့ပြောသည်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ပုလောမြို့အဝင်တွင် စစ်ကောင်စီ၏ စစ်ဆေးရေးဂိတ် များလာပြီး အဆိုပါ ဂိတ်များတွင် ပြည်သူများထံမှ ငွေညှစ်တောင်းခံခြင်းများကို ဆက်တိုက် ပြုလုပ်နေသည့်အပြင် ယခု ဩဂုတ်လ ပထမ အပတ်မှ စတင်ကာ ဒေသခံများတင်ဆောင်လာသည့် ကုန်ပစ္စည်းများကိုလည်း သိမ်းဆည်းခြင်းများ လုပ် ဆောင်လာကြောင်း ပုလောမြို့ရှိ အမည်မဖော်လိုသူ ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က ဆန်တွေပါလာရင် ယူလိုက်တယ်။ ဘာမှပြန်ပြောလို့လည်းမရဘူး။ ဆီဗူးတွေရော အကုန် သိမ်းတယ်။ ပြီးတော့ သူတို့တောင်းသလောက်ငွေကိုလည်း ပေးရတယ်။ တခြားလမ်းကသွားရင်လည်း ဝေးတော့ ဒီလမ်းကိုပဲ အသုံးပြုနေရတယ်။”ဟု ထိုဒေသခံက ကေအိုင်စီ သို့ပြောသည်။

အဆိုပါ စစ်ဆေး ရေးဂိတ်များထဲမှ မှော်ကြောင်းရွာစစ်ဆေးရေးဂိတ်၌ ပြီးခဲ့သည့် ဇူလိုင်လ ၂၀ရက်နေ့တွင် စစ်ကောင်စီက ဒေသခံများကို ဖြတ်သန်းသွားခွင့် ပိတ်ထားခဲ့သေးကြောင်း ဒေသခံတစ်ဦး ပြောစကားအရ သိရသည်။

စစ်အုပ်ချုပ်ရေးနယ်မြေ အဖြစ်သတ်မှတ်ထားသည့် ပုလောမြို့နယ်အတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ နှင့် စစ်ကောင်စီကြား ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပေါ်လေ့ရှိပြီး စစ်ကောင်စီတပ်မှ ကျေးရွာများအတွင်း လက်နက်ကြီးများ အထိုင်ချကာ အနီးကျေးရွာများသို့ ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်လေ့ရှိ ကြောင်းလည်း ဒေသခံများ ထံမှသိရသည်။