Home သတင်း ရွာသစ်ကုန်းကျေးရွာအတွင်း တကျော့ပြန်တိုက်ပွဲဖြစ်ပွား၍ ရွာသားများ ထပ်မံတိမ်းရှောင်ရ

ရွာသစ်ကုန်းကျေးရွာအတွင်း တကျော့ပြန်တိုက်ပွဲဖြစ်ပွား၍ ရွာသားများ ထပ်မံတိမ်းရှောင်ရ

987
ပုံဟောင်း

ဩဂုတ်လ ၁၆ ရက်၊၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၊ ဒူးပလာယာခရိုင်/တပ်မဟာ-၆နယ်မြေ၊ ကော့ကရိတ်မြို့နယ်၊ အာရှကုန်သွယ်ရေးလမ်းဘေးရှိ ရွာသစ်ကုန်းကျေးရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်များအကြား ယနေ့နံနက် ၈နာရီခွဲအချိန်က တိုက်ပွဲဖြစ်ပွား၍ ရွာသားများ ထပ်မံတိမ်းရှောင်နေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၇ ရက်နေ့ကတည်းက ရွာသစ်ကုန်းကျေးရွာတွင် ဝင်ရောက်တပ်စွဲထားသည့် စစ်ကောင်စီတပ်နှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်- KNLA ပူးပေါင်းတပ်များအကြား နှစ်ကြိမ်တိုင်တိုင် တိုက်ပွဲဖြစ်ပွားသည့်အတွက် ရွာသားများလည်း ကျေးရွာအတွင်း မနေရဲကြတော့ဘဲ ဘေးလွတ်ရာသို့ တိမ်းရှောင်နေရကြောင်း ရွာသစ်ကုန်းရွာသားများက ပြောသည်။

အမည်မဖော်လိုသည့် ရွာသားတစ်ဦးက“ရွာမှာစစ်ကောင်စီစစ်သားတွေ လာနေတော့ တော်လှန်ရေး တပ်ဖွဲ့တွေကသွားပစ်တော့ ရွာမှာမနေ‌ရဲတော့ဘူး။ ကလေးကော၊ လူကြီးကော ရွာသားတွေ အားလုံးတိမ်းရှောင်ရတယ်။ တိုက်ပွဲဖြစ်တာတော့ ၇ ရက်နေ့မှာ တစ်ကြိမ်နဲ့ ဒီနေ့ တစ်ကြိမ် ဆိုနှစ်ကြိမ်ရှိပြီး”ဟု ကေအိုင်စီသို့ပြောသည်။

မိုးရာသီကာလအတွင်း တောတောင်ထဲ အသက်လုထွက်ပြေးတိမ်းရှောင်ရသောကြောင့် နေရာထိုင်ခင်းနှင့် စားနပ်ရိက္ခာများ အရေးတကြီး လိုအပ်နေကြောင်း တိမ်းရှောင်သူအမျိုး သမီးတစ်ဦးကလည်း ယခုလိုပြောသည်။

“ထွက်ပြေးလာတဲ့သူထဲမှာ နို့စို့အရွယ်ကလေးငယ်လည်း ပါတယ်။ တစ်ချို့ထွက် ပြေးလာသူထဲမှာ ဘာစားစရာမှမပါဘူး။ မိုးတွင်းဖြစ်‌‌တော့ အခက်အခဲ တော်တော်ဖြစ်တယ်။ မိုးကာတွေလည်းသေးတော့ ညညဆို ဒီလိုပဲ တစ်ယောက်၊ တစ်ယောက်ထိုင်နေရတယ်။ မိုးတောထဲမှာ ပိုးကောင်တွေသက်သက်ပဲ။ နွေရာသီဆို သစ်ပင်အောက်လိုက်အိပ်လို့ရသေးတယ်။ မိုးတွင်းကလုံးဝအဆင်မပြေဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

ယခင်နှစ် ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတုန်းကလည်း ရွာသစ်ကုန်းကျေးရွာအတွင်း စစ်ကောင်စီတပ်ဖွဲ့နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွား၍ ဒေသခံရွာသားများ ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်ခဲ့ရသေးသည်။

အလားတူ ကော့ကရိတ်မြို့နယ်ရှိ နို့လား၊ တနင်မူး၊ ကောင်းမှု၊ ကြောင်လျှာကုန်း၊ ရွာသစ်ကုန်း၊ ကော့နွဲ၊ အံကလော်၊ ရွာသစ်၊ ကမိုင်ကုန်း စသည့်ကျေးရွာများဘက်တွင်လည်း KNLA ပူးပေါင်းတပ်နှင့် စစ် ကောင်စီတပ်တို့အကြား မကြာခဏ ပစ်ခတ်မှုဖြစ်ပွားမှုနှင့် စစ်ကောင်စီတပ်၏ လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်မှုများကြောင့် ၎င်းကျေးရွာရှိ ရွာသူ/ရွာသားအချို့မှာ ကျေးရွာတွင် နေထိုင်မရဲကြဘဲ ဘေးလွတ်ရာသို့ လအတန်ကြာမြင့်လာပြီဖြစ်သော်လည်း ယခုအချိန်ထိ နေရပ်ကို ပြန်လည်နေ ထိုင်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။

အဆိုပါ တိမ်းရှောင်ရသည့် ကျေးရွာသူ/ကျေးရွာသားများသည် မြို့တွင်းနှင့် အခြားကျေးရွာမှ အသိ မိတ်ဆွေ၊‌ ဆွေမျိုးများထံ သွားရောက်ခိုလှုံနေသူရှိသလို တောတောင်ထဲသို့ ထွက်ပြေးတိမ်း ရှောင် သူများလည်းရှိသည်။ ယခုအချိန်တွင် အလုပ်အကိုင်မရှိသည့်အပြင် ကူညီထောက်ပံ့မှုများ လအနည်း ငယ်ကြာမရတော့သဖြင့် အခြေခံစားနပ်ရိက္ခာများ လိုအပ်ချက် ကြီးမားနေကြောင်း ဒေသခံများထံမှ သိရသည်။