ဩဂုတ် ၁၆ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ
စစ်ကောင်စီတပ်က လက်ခတ်တောင်စစ်စခန်းပြန်သိမ်းရန် စစ်ရေးအရှိန်မြှင့် တိုက်ခိုက်ရာမှာ လက်နက်ကြီး ပစ်ခတ်နေရာ ၈ နေရာခန့်မှ အဆမတန်ပစ်ခတ်မှု ကြောင့် ကျေးရွာ ၃ ရွာက နေအိမ်များ ထိခိုက်ပျက်စီးကြောင်း ဖလူးကြီးကျေးရွာ သားများက ကေအိုင်စီသို့ ပြောသည်။
“မနေ့ညက ဖလူးရွာထိပ်ရွှေတိဂုံပုံတူ ဘုရားကုန်းပေါ်က စစ်တပ်ပစ်တာတွေ ဖလူး ရွာထဲမှာ အိမ် ၂ အလုံးကြီးကျတယ်။ ပျက်စီးကုန်တယ်၊ မေတ္တာလင်းမြိုင် ရွာထဲကို တော်တော်လေးကျတယ်။ မဲကနယ်ရွာဘက်လည်း အိမ်တွေထိတယ်။ စစ်တပ်က လက်နက်ကြီးတွေက နေရာစုံက ပစ်တော့ နေရာတွေချော်ပြီး လျှောက်ကျပေါက် ကုန်တယ်။ လူတွေ ရှောင်နေရတာဆိုတော့ တခြားရွာက အခြေအနေတွေ တိတိ ကျကျ မသိရသေးဘူး။”ဟု ဖလူးကြီး ကျေးရွာသားတစ်ဦးက ပြောသည်။
ကရင်အမျိုးသားလွတ် မြောက်ရေးတပ်မတော်-KNLA ပူးပေါင်းတပ်များ သိမ်းထားသည့် လက်ခတ်တောင် ဘုရားကုန်းစစ်စခန်းကို ယမန်နေ့ ဩဂုတ်လ ၁၅ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး စစ်တပ်က ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ရာတွင် စွယ်တော်ကုန်း၊ ကြက်ကင်ကုန်း၊ ရွေတိဂုံပုံတူစေတီကုန်း၊ ထိုင်တော်မူကုန်း၊ ကျောက်လုံးကြီး၊ ခလရ ၂၇၅၊ မေတ္တာလင်းမြိုင် BGF စခန်းနှင့် မြေပြင်စစ်ကြောင်း များမှ ၁၀၅ မမ၊ ၁၂၀မမ၊ အတွဲလိုက်ပစ်ဒုံးကား၊ သံချပ်ကာ ကားများဖြင့် လက်ကနက်ကြီး အလုံးရေ ၅၀၀ ကျော် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း KNLA ပူးပေါင်းစစ်ကြောင်း စစ်ရေးနယ်မြေ သတင်းအရင်းအမြစ်က ပြောသည်။
နှစ်ဖက်တိုက်ပွဲ ပြင်းထန်ခဲ့သည့်အတွက် မဲကနယ်၊ တုံးတံတား၊ မေတ္တာလင်းမြိုင်၊ ဖလူးကြီး၊ မယ်ထော်သလေး ဒေသခံများ၊ မြဝတီမြို့ဘက်နှင့် လေးကေကော် မြို့ သစ်စစ်ရှောင်စခန်းနေရာများဘက် ယာယီရှောင်တိမ်းနေထိုင်နေရသည့် မိသားစု လူဦးရေ တစ်ထောင်ခန့်ရှိနေကြောင်း ဒေသအုပ်ချုပ်ရေး တာဝန်ရှိသူများက ပြောသည်။

မေတ္တာလင်းမြိုင် ကျေးရွာမှ အမျိုးသမီးတစ်ဦးက “ဒီနေ့တော့ ငြိမ်နေ တယ်(မွန်းလွဲပိုင်းအထိ)၊ တုံးတံတားဘက်တော့ တိုက်ပွဲ ဖြစ်မယ့် သဘော ရှိနေတယ်။ စစ်ကူစစ်ကြောင်းတွေ မဲကနယ်တုံးတံတားဘက်တက်လာနေတယ်။ မနေ့က လက်နက်ကြီး မိုးရွာသလို ပစ်ချနေတော့ မြဝတီဘက်သွား နေကြရတယ်။ အခုတော့ ကိုယ့်အိမ် ပြန်ကြည့်ဖို့ မရဲသေးဘူး ” ဟု ပြောသည်။
စစ်ကောင်စီတပ်က လက်ခတ်တောင် စစ်စခန်းကို ဇူလိုင်လ ၂၁ ရက်က လက်လွတ် ဆုံးရှုံးခဲ့ပြီးနောက်ပိုင်း ဒေသခြေစိုက် နယ်ခြားစောင့်တပ် -BGF ၊ စစ်ကောင်စီ အမြှောက်တပ်၊ စစ်တပ်စစ်ကြောင်းများဖြင့် ပြန်လည်ထိုးစစ်ဆင် တိုက်ခိုက်ရာမှာ ယမန်နေ့က တိုက်ပွဲအတွင်း KNLA ပူးပေါင်းစစ်ကြောင်းဘက်မှ ရဲဘော်၂ ဦးကျဆုံးပြီး ၄ ဦး လက်နက်ကြီးအစမှန် ဒဏ်ရာရရှိကြောင်း KNLA ပူးပေါင်း တပ်ဖွဲ့ထံမှ သိရှိရ သည်။
ထို့အတူ KNLA ပူးပေါင်းတပ်များ တန်ပြန်တိုက်ခိုက်မှု၊ ဒရုန်းဗုံးသီးကြဲချတိုက်ခိုက် မှုကြောင့် စစ်တပ်နှင့် BGF ပူးပေါင်းတပ်ဘက်မှ အကျအဆုံးများခဲ့ကြောင်း တော်လှန်ရေးတပ်ဖွဲ့ဘက်က ပြောသည်။ သို့သော် တိုက်ပွဲဖြစ်စဉ်အတွင်း နှစ်ဘက် ထိခိုက်ကျဆုံးမှုအခြေအနေနှင့်ပတ်သက်၍ ကေအိုင်စီ-ကရင်သတင်းဌာနအနေဖြင့် သီးခြားအတည်ပြုနိုင်ရန် ကြိုးစားနေဆဲဖြစ်သည်။




















