Home သတင်း မြဝတီအထွက် စစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းပို့ဆောင်သည့်ယာဉ်များကိုစစ်ဆေးမှု ပိုတင်းကြပ်လာ

မြဝတီအထွက် စစ်ဆေးရေးဂိတ်တွင် ကုန်ပစ္စည်းပို့ဆောင်သည့်ယာဉ်များကိုစစ်ဆေးမှု ပိုတင်းကြပ်လာ

1107
Photo: Crd.

သြဂုတ်လ ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ထိုင်း−မြန်မာနယ်စပ်မှ ကုန်စည်သယ်ယူပို့ဆောင်မှုပြုလုပ်နေသည့် ကုန်ပစ္စည်းတင်ယာဉ်များကို ပြီးခဲ့သည့် ဇူလိုင်လပိုင်းမှစ၍ စစ်ကောင်စီတပ်၏ စစ်ဆေးရေးဂိတ်တွင် တင်းကြပ်စွာ စစ်ဆေးလာကြောင်း အမည်မဖော်လိုသူ ယာဉ်မောင်းများက ပြောသည်။

ယခင်က မြဝတီ၊ ဖားအံ၊ ရန်ကုန်၊  မော်လမြိုင်စသည့် လမ်းကြောင်းသို့ ပစ္စည်းပို့ဆောင်ရာတွင် လိုအပ်မှသာ စစ်ဆေးမှု လုပ်ဆောင်ခဲ့သော်လည်း လက်ရှိတွင် စစ်ကောင်စီတပ်၏ ကုန်သွယ်ရေးဇုန်၊ သင်္ဃန်းညီနောင်စသည့် စစ်ဆေးရေးဂိတ် များတွင် ကားပေါ်ပါလာသည့် ပစ္စည်းများကို ယခင်ကထက် ပိုမိုစစ်ဆေးလာသည်ဟု အမည်မဖော်လိုသူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

၎င်းက “အရင်ကဆိုရင် မြဝတီ-ရန်ကုန်လမ်းကြောင်းဆိုရင် အေးဆေးသွားလို့ရတယ်။ အခုက အကုန်ဖောက်စစ် ဖွင့်စစ်နေတယ်။ ယိုးဒယားကဝင်တဲ့ပစ္စည်းတိုင်းကို မှောင်ခိုပစ္စည်းဆိုပြီး သိမ်းကြုံး ပြီးတော့ကို ရမ်းနေတယ်။ တစ်ခု သူတို့စိတ်မချတာက ကျနော်တို့ကားတွေကနေ သွားလို့ရှိရင် လက်နက်တွေပဲပါမလား၊ PDF တို့၊ ဘာတို့ထောက်ပို့ ပစ္စည်းပဲပါမလား၊ သူတို့ကို တော်လှန်ပုန်ကန်မယ့်အနေအထားမျိုးတွေပဲပါမလားပေါ့နော်။ အဲ့လိုသတ်မှတ်ပြီး စစ်နေတယ်”ဟု ကေအိုင်စီသို့ ပြောသည်။

ထိုသို့ မြဝတီမြို့အထွက် စစ်ဆေးရေးဂိတ်များတွင် စစ်ဆေးမှုတင်းကြပ်လာသောကြောင့် ပစ္စည်းပို့ဆောင်မှုပြုလုပ်နေသည့် ကုန်တင်ယာဉ်ကြီးများအနေဖြင့်လည်း လမ်းခရီးကြန့်ကြာပြီး အဆင်မပြေမှုများရှိလာကြောင်းလည်း အခြားကုန်တင်ယာဉ်မောင်းသူတစ်ဦးကလည်း ယခုလို ပြောသည်။

“ကုန်ကားတွေက ပစ္စည်းတင်ခပေးရတာလည်းစျေးကြီး စစ်ဆေးတာတွေကလည်းပိုပြီးလုပ်တော့ မောင်းရတာအဆင်မပြေဘူး။ မြဝတီကနေရန်ကုန်မောင်းရင် အရင်ကလွယ်လွယ်ကူကူပဲ အေးဆေး သွားလို့ရတယ်။ အခုကစစ်ဆေးရေးဂိတ်မှာ စစ်ပြီးရစ်တာ အကြာရီးစောင့်ရတယ်။ ကုန်သွယ်ရေး ဇုန်မှာစစ်ပြီးရင် ပဲခူးအဝင်မှာလည်း အဲ့လိုပဲအကြာရီးစောင့်နေရတော့ သွားမဲ့ခရီးကကြာသွားရော”ဟု ကေအိုင်စီသို့ပြောသည်။

မြဝတီမြို့အနီးရှိ ကုန်သွယ်ရေးဇုန်ဂိတ်ကို ပြီးခဲ့သည့် မတ်လ ၂၅ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဝင်ရောက် စီးနင်းတိုက်ခိုက်ခြင်းကြောင့် စစ်ကောင်စီတပ်ဘက်မှ ထိခိုက်သေဆုံးမှုများရှိခဲ့သေးသည်။