Home သတင်း တောင်ကျရေလွှမ်းမိုး၍ မယ်ရာမိုဒုက္ခသည်စခန်းတွင် နေအိမ်အများအပြား ထိခိုက်ပျက်စီး

တောင်ကျရေလွှမ်းမိုး၍ မယ်ရာမိုဒုက္ခသည်စခန်းတွင် နေအိမ်အများအပြား ထိခိုက်ပျက်စီး

686
Photo: KWO

ဩဂုတ် ၃ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

မိုးအဆက်မပြတ်ရွာသွန်းသောကြောင့် ထိုင်းနိုင်ငံနယ်စပ် မယ်ဟောင်ဆောင်ခရိုင်ရှိ မယ်ရာမိုဒုက္ခသည်စခန်းတွင် ဩဂုတ်လ(၁)ရက်နေ့ ညနေပိုင်းက တောင်ကျချောင်းရေစီးဆင်း၍ ရေလွှမ်းမိုးမှုဖြစ်ပွားသည့်အတွက် လူနေအိမ်၊ အဆောက်အဦး အများအပြားထိခိုက်ပျက်စီးခဲ့သည်ဟု ဒုက္ခသည်စခန်းတွင်း နေထိုင်သူထံမှ သိရသည်။

အဆိုပါတောင်ကျချောင်းရေလွှမ်းမိုးခြင်းကြောင့် လူနေအိမ်၊ စခန်းရုံး၊ Office of Camp Education Entity-OCEE ရုံး၊ မူကြိုကျောင်းနှင့် စျေးဆိုင်အဆောက်အဦးအချို့ ထိခိုက်ပျက်စီးကာ စခန်းတွင်း နေထိုင်သူအချို့ ရေဘေးသင့်ခဲ့ရကြောင်း ကရင်အမျိုးသမီးအစည်းအရုံး KWO၏ လူမှုကွန်ရက်စာမျက်နှာပေါ်တွင် ဖော်ပြထားသည်။

မယ်ရာမိုစခန်းတွင် နေထိုင်သူ စောကျောပိုက“ ညနေ ၅နာရီလောက်မှာတော့ ရေတော်တော်ကြီးတယ်။ OCEE ရုံးလည်း ပြိုတယ်။ ချောင်းဘေးနားမှာရှိတဲ့နေအိမ်တော်တော်များများပြိုတယ်။ ရေကအရမ်းစီးတော့ ကြိုးတွေနဲ့ ဆွဲပြီး ဟိုဘက်ကလူတွေကို ပြန်ကယ်ရတယ်။ ပစ္စည်းတွေ လိုက်ကောက်ယူရတယ်။ ရေတက်တဲ့နေရာမှာ တချို့ က ပစ္စည်းသယ်မမီလိုက်တော့ ရေထဲပါသွားတာရှိတယ်။ တချို့ဆို ချက်စားဖို့ ဆန်တောင် မရှိတော့ဘူး ။ ရေထဲပါ သွားတယ်။ လူထိခိုက်တာတော့ မရှိဘူး။” ဟု ကေအိုင်စီသို့ ပြောသည်။

ထို့အပြင် ချောင်းကမ်းပါးများပြိုကျသည့်အတွက် ချောင်းဘေးနားရှိ ရပ်ကွက်အမှတ်(၁)က လူနေအိမ်တချို့ ရေထဲမျှောပါသွားသည့်အပြင် စခန်းအတွင်း ရေဖြန့်ဝေသည့် ရေပိုက်များလည်း ထိခိုက်ပျက်စီးသွားခဲ့သည်ဟု သိရသည်။

မယ်ရာမိုဒုက္ခသည်စခန်းတွင် တောင်ကျချောင်းရေကြောင့် မယ်ရာမိုချောင်းနှစ်စဉ်ရေကြီးရေလျှံမှု ဖြစ်ပွားလေ့ရှိပြီး လူနေအိမ်များ ထိခိုက်ပျက်စီးခဲ့ရသည့် ဖြစ်စဉ်ရှိခဲ့၍ ချောင်းဘေးနားရှိ နေထိုင်သူများသည် သတိနှင့် နေထိုင် နေကြရကြောင်း ဒုက္ခသည်စခန်းတွင်း နေထိုင်သူများက ပြောသည်။

ရပ်ကွက်ပေါင်း (၇)ခုရှိသည့် မယ်ရာမိုဒုက္ခသည်စခန်းတွင် လူဦးရေတစ်သောင်းကျော် ခိုလှုံနေထိုင်လျက်ရှိ သည်ဟု နယ်စပ်ကူညီပေးရေးညွန့်ပေါင်းအဖွဲ့(TBC-The Border Consortium) ၏ ဧပြီလ ထုတ်ပြန်ထားသည့် စာရင်းအရသိရသည်။