Home သတင်း မေတ္တာ-ထီးခီးလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြရန် KTLAထုတ်ပြန်

မေတ္တာ-ထီးခီးလမ်းပိုင်းကို ဖြတ်သန်းသွားလာခြင်း လုံးဝမပြုကြရန် KTLAထုတ်ပြန်

1090

ဇူလိုင်လ၁၇ရက်၊၂၀၂၃ခုနှစ်၊ကေအိုင်စီ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ထားဝယ်အရှေ့တောနယ် မေတ္တာ-ထီးခီးလမ်းပိုင်းကို ယမန်နေ့ ဇူလိုင် လ ၁၆ ရက်နေ့မှ စ၍ ဖြတ်သန်းသွားလာခြင်း မပြုကြရန် ဗိုလ်အယ်ကွီး ဦးဆောင်သည့် ကော်သူးလေအာမီ-KTLA ၏ ဆာကဆောတပ်မ မှ သတိပေးထုတ်ပြန်ထားသည်။

၎င်းလမ်းပိုင်းကို သတ်မှတ်ကာလအတွင်း အသုံးပြု ဖြတ်သန်းသွားလာကြစဉ် အကြမ်းဖက် စစ်ကောင်စီနှင့် ပက်သက်မှု တစ်စုံတစ်ရာရှိ သော်လည်းကောင်း၊ ထုတ်ပြန်ချက်များကို လိုက်နာမှုမရှိလျှင်သော်လည်းကောင်း၊ မသင်္ကာဖွယ်ရာများ တွေ့ရှိပါက ရှင်းလင်းပစ်မည်ဖြစ်ပြီး ထိခိုက်မှုတစ်စုံတစ်ရာအပေါ် တာဝန်ယူမည် မဟုတ် ကြောင်း ထုတ်ပြန်ချက်တွင် သတိပေး ဖော်ပြထားသည်။

(KTLA)၏ ဆာကဆောတပ်မ မှ တာဝန်ရှိသူတစ်ဦးက “အဲဒီလမ်းကို ကျနော်တို့ပိတ်ထားတယ်။ မေတ္တာမြို့ကနေ ထီးခီးလမ်းပိုင်းထိကိုပိတ်ထားတယ်။ ဘာဖြစ်လို့ကျနော်တို့ပိတ်ထားလဲဆိုတော့ သူတို့က ဒီစားနပ်ရိက္ခာတွေ သယ်တယ်။ ပြီးတော့ ရန်သူရဲ့ ပစ္စည်းတွေကိုလည်း သယ်တယ်။ ပြီးတော့ရန်သူရဲ့ လက်နက်တွေကိုလည်း သယ်တယ်။ အဲ့ဒါကြောင့် ငါတို့ပိတ်လိုက်တာ။” ဟု ကေအိုင်စီ သို့ ပြောသည်။

အဆိုပါ လမ်းပိုင်းကို ယမန်နေ့က သတိပေးထုတ်ပြန်သည့် ဇူလိုင်လ ၁၆ ရက်နေ့မှစ၍ သတိပေးထုတ်ပြန်ချက် ရုတ်သိမ်းစာ ပြန်လည်ထုတ်ပြန်သည့် ကာလအထိ ပိတ်ထားမည်ဖြစ်ကာ အသွားအလာမပြုကြရန် သတိပေး ထားကြောင်းလည်းတွေ့ရသည်။

ထိုသို့ သတိပေးပြောဆိုထားသလို ပြည်သူများအနေဖြင့် မသင်္ကာဖွယ်ရာ လှုပ်ရှားမှုများကို တွေ့မြင်ပါက နီးစပ်ရာ တော်လှန်ရေး အဖွဲ့အစည်းများထံ သတင်းပေးပို့ ကူညီပူးပေါင်းကြရန်နှင့် ထုတ်ပြန်ချက်များကို လိုက်နာ ခြင်းဖြင့် စစ်အာဏာရှင် တော်လှန်ရေးအတွက် ပူးပေါင်းပါဝင်သွားကြရန်လည်း ထုတ်ပြန်ချက်တွင် မေတ္တာရပ်ခံထားသည်။

ထို့အပြင် ပြီးခဲ့သည့်ဇူလိုင်လ ၁၅ရက်နေ့ကလည်း မေတ္တာ-ထီးခီးလမ်းပိုင်းတွင် ကရင်အမျိုးသားအစည်းအရုံး- KNU၊တပ်မဟာ ၄ လက်အောက်ခံ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်-KNLA တပ်ရင်း (၁၀) ၏ တပ်ခွဲ (၁) နှင့် (၂) ပူးပေါင်းတပ်ဖွဲ့တို့ မှ KTLA ကို လာရောက်ပစ်ခတ်ခဲ့သေးကြောင်းနှင့် KTLAဘက်မှ ပြန်လည် ပစ်ခတ်ခဲ့ခြင်း မရှိကြောင်း သတင်းထုတ်ပြန်ထားသေးပြီး အသေးစိတ်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။

ဗိုလ်အယ်ကွီးဦးဆောင်သည့် KTLAသည် ယခင် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့-KNDO မှ KTLA အဖြစ် အမည်ပြောင်းလဲဖွဲ့စည်းလိုက်ပြီး စစ်ကောင်စီကို နည်းလမ်းပေါင်းစုံဖြင့် လက်နက်ကိုင် ခုခံ တော်လှန်နေသလို နယ်မြေခံ KNU တပ်မဟာ(၄) လက်အောက်ခံ တပ်ဖွဲ့ဝင်များနှင့်လည်း မကြာခဏဆိုသလို ထိတွေ ပစ်ခတ်မှု များနှင့် အပြန်အလှန် ဖမ်းဆီး သတ်ဖြတ်မှုများ ပြုလုပ်လျက်ရှိကြောင်း နှစ်ဖက်အဖွဲ့၏ သတင်းထုတ်ပြန်ချက် များအရ သိရသည်။