Home သတင်း ဒေသတွင်းကုန်စည်စီးဆင်းမှု ပိတ်ဆို့ထားသောကြောင့် နေရပ်မပြန်ရဲသည့် ယာဒိုစစ်ရှောင်များ စားသောက် ရေးခက်ခဲလာနိုင်

ဒေသတွင်းကုန်စည်စီးဆင်းမှု ပိတ်ဆို့ထားသောကြောင့် နေရပ်မပြန်ရဲသည့် ယာဒိုစစ်ရှောင်များ စားသောက် ရေးခက်ခဲလာနိုင်

878
Photo: CJ

ဇူလိုင်လ(၁၇)ရက်၊ ၂၀၂၃ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့မြောက်ပိုင်း၊ လိပ်သိုဒေသတွင် စစ်ကောင်စီမှ ကုန်စည်စီးဆင်းမှုကို တား မြစ်ပိတ်ဆို့ ထားဆဲဖြစ်သောကြောင့် တိုက်ပွဲကြောင့် နေရပ်မပြန်ရဲသေးသည့် ယာဒိုကျေးရွာမှ စစ်ဘေး ရှောင်များ စားသောက်ရေးခက်ခဲလာနိုင်ကြောင်း စစ်ဘေးရှောင်ကူညီနေသူများက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ(၁၁)ရက်နေ့က ယာဒိုကျေးရွာအထက်ရှိ စစ်ကောင်စီတပ်စခန်းအား တော်လှန်ရေး အင်အားစုဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက်တွင် စစ်ကောင်စီမှ လေကြောင်းဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သဖြင့် ယာဒိုကျေးရွာအပါအဝင် ရွာပေါင်းလေးရွာမှာ ဒေသခံ နှစ်ထောင်ကျော် နေရပ်စွန့်ခွာ ထွက်ပြေး နေရခြင်းဖြစ်သည်။

တိုက်ပွဲဖြစ်ပွားပြီးနောက် လက်ရှိအချိန်ထိ ယာဒိုဒေသရှိ စစ်ကောင်စီတပ်စခန်းများမှ လက်နက် ကြီးပစ် ခတ်မှုများ နှင့် တပ်အင်အားတိုးချဲ့ခြင်းများရှိနေသလို လိပ်သိုရှိ စစ်ကောင်စီတပ် ဂိတ်စခန်းမှ ဒေသအတွင်း ကုန်စည် စီးဆင်းမှုပိတ်ဆို့ထားဆဲဖြစ်သောကြောင့် နေရပ်မပြန်ရဲသေးသည့် စစ်ဘေးရှောင်ပြည်သူများ စားသောက်ရေး အခက်အခဲရှိလာနိုင်ကြောင်း စစ်ရှောင်ကူညီသူအမျိုးသားတစ်ဦးက ယခုလိုပြောသည်။

“လိပ်သိုဂိတ်က ပိတ်ထားတာ လေးလလောက်ရှိပြီး။ စစ်တပ်ကလူတွေနဲ့တချို့အဖွဲ့လောက်ပဲသွားလို့ရတယ်။ ပြည်သူကသွားလို့ရပေမယ့် အစစ်အဆေးရှိတယ်။ ကျနော်တို့လို စစ်ရှောင်ကူတွေ ဆန်အိတ် များများသယ် ပြီး သွားဖို့ကျတော့ အဆင်မပြေဘူး။ အခုနေတဲ့သူတွေက တောထဲက ချောင်ကျတဲ့ရွာလေးတွေမှာ ခိုကပ် နေရတယ်။ ပေးစာကမ်းစာနဲ့စားရတာပေါ့။ ရေရှည်ဆိုရင်တော့ မလွယ်ဘူး။ လှူမယ့်အဖွဲ့တွေမရှိသေးဘူး လေ” ဟု ကေအိုင်စီသို့ ပြောသည်။

ကရင်နီ(ကယား)ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ် နယ်နိမိတ်ဖြစ်သောအဆိုပါ ယာဒိုဒေသ စစ်ဘေးရှောင် များကို သက်ဆိုင်ရာတာဝန်ရှိသူအချို့မှ လတ်တလောနေထိုင်ရေးနှင့် တစ်နိုင်တစ်ပိုင် စားနပ်ရိက္ခာ စီစဥ် ပေးထားသော်လည်း ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့်ကလေးသူငယ်များ၊ သက်ကြီးရွယ်အိုများ ပါရှိသော ကြောင့် ဆေးဝါစောင့်ရှောက်မှုလိုအပ်နေကြောင်းလည်း စစ်ဘေးရှောင်ကူညီပေးသူများက ဆိုသည်။

ထို့အတူ အဆိုပါ စစ်ရှောင်ပြည်သူများကို လတ်တလော စားနပ်ရိက္ခာထောက်ပံ့ပေးရာတွင်လည်း စစ်ကောင်စီ၏ ဂိတ်စခန်းများမှ ပိတ်ဆို့တားမြစ်မှုများကြောင့် နှောင့်နှေးကြန့်ကြာမှုများကို ကြုံတွေ့ရ ကြောင်းလည်း နောက်ထပ် ဒေသခံစစ်ဘေးရှောင်ကူညီပေးသူ အမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက “နေရာမလောက်တာရော စစ်ရှောင်တွေထဲမှာ တော်လှန်ရေးအင်အားစုတွေရဲ့မိသားစုတွေ ပါသလားဆိုပြီး စစ်တပ်က လာစစ်တာလည်းရှိလို့ တစ်ရွာတစ်ရွာ ခွဲနေခိုင်းထားရတယ်။ အခုကူပေးတဲ့တာဝန်ရှိသူအချို့ကလည်း ရက်ရှည်ထောက်ပံ့ရမယ်ဆိုရင် အင်အားမရှိဘူးလေ။ ခုတစ်ခေါက်တောင် ဂိတ်ပိတ်ထားလို့ ကူဖို့ ကြာသွားတယ်။” ဟု ကေအိုင်စီသို့ ပြောသည်။

သို့သော် စစ်ကောင်စီ၏ပစ်ခတ်မှုများမရှိတော့ဘဲ နယ်မြေငြိမ်သက်သွားပါက ကယန်း ပြည်သစ် တပ်မတော်မှ အဆိုပါစစ်ဘေးရှောင်များ နေရပ်ပြန်၍လိုအပ်သည့် အစားအသောက် နှင့်အသုံး အဆောင် ပစ္စည်းများ ပြန်ယူနိုင်ရန် လုံခြုံရေးယူပေးမည်ဟု ဆို အဆိုပါ တာဝန်ရှိသူများက ပြောဆိုထား ကြောင်းလည်း ဒေသတွင်း သတင်းအရင်းအမြစ်များမှ ဆိုသည်။

ဇူလိုင်လ(၁၁)ရက်နေ့ကဖြစ်ပွားခဲ့သည့် စစ်ကောင်စီ၏ ယာဒိုတပ်စခန်းအား တိုက်ခိုက်မှုကို ကရင်အမျိုး သားလွတ်မြောက်ရေးတပ်မတော်-KNLA၊ သံတောင်မြောက်ပိုင်းအထူးဒေသ ကာကွယ်ရေးတပ်ဖွဲ့-NTDF တို့ကလုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ်ဖွဲ့-KNDF က ပစ်ကူတိုက်ခိုက် ပေးခဲ့ရာ စစ်ကောင်စီဘက်မှ အထိနာခဲ့ပြီး တော်လှန်ရေးတပ်ဖွဲ့ဘက်မှ (၂)ဦးကျဆုံးကာ (၃)ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း စစ်ရေးသတင်းအရင်းအမြစ်များထံမှ သိရသည်။