Home သတင်း ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ချင်းဆက်လမ်းမကြီးကို စစ်ကောင်စီတပ် ဖျက်ဆီး

ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ချင်းဆက်လမ်းမကြီးကို စစ်ကောင်စီတပ် ဖျက်ဆီး

879
Photo: CJ

မေလ ၁၄ ရက်၊ ၂၀၂၃ ခုနှစ်။ ကေအိုင်စီ

ကရင်ပြည်နယ်၊ ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကို ဆက်သွယ်ထားသည့် တောင်ကြာ အင်းကျေးရွာရှိ လမ်းမကြီးကို ယနေ့ မေလ ၁၄ရက်နေ့နံနက် ၁၀ နာရီအချိန်တွင် စစ်ကောင်စီတပ်က ဘူဒိုဇာမြေတူးကားဖြင့် ဖျက်ဆီးပစ်လိုက်သည်ဟု ဒေသခံထံမှ သိရသည်။

အဆိုပါလမ်းမကြီးပေါ်ရှိ အဓိကချောင်းကူးတံတားကြီး တစ်စင်းဖြစ်သည့် တောင်ကြာအင်းတံတားကို ပြီးခဲ့သည့် မေလ ၆ ရက်နေ့မှစတင်၍ လူထုများဖြတ်ကူးသွားလာခွင့်ပိတ်လိုက်ပြီးနောက် တစ်ပတ် အကြာတွင် တံတားအနီးရှိ လမ်းမကြီးပေါ်တစ်နေရာတွင် ယခုလို ဘူဒိုဇာမြေတူးကားဖြင့် ဖျက်ဆီးလိုက်ခြင်းဖြစ်ကြောင်း သိရသည်။

စစ်ကောင်စီတပ်သည် အဆိုပါ လမ်းမကို ဘူဒိုဇာဖြင့် လာရောက်ဖျက်ဆီးခြင်း မပြုလုပ်ခင်တစ်ရက် တွင် တောင်ကြာအင်းကျေးရွာပတ်လည်ကို ကင်းပုန်းဝပ်လုံခြုံရေးအပြည့်ယူထားပြီးမှ လမ်းဖျက်ဆီးမှုကို လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ဟု မျက်မြင်ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။

၎င်းက“ သူတို့ လမ်းမကြီးကို ဒီလိုတူးပြီးဖျက်ဆီးပစ်လိုက်တာက ဘာသေဘောလဲတော့မသိဘူး။ အစက တံတားပိတ်တယ်။ အခုက လမ်းမကြီးကို ဖျက်ဆီးလိုက်တယ်ဆိုတော့ အခြေအနေက ဘယ်လိုလာ မလဲမသိတော့ဘူး။ ဒီဟာကို လာမတူးခင်မနေ့ကစပြီး ရွာထဲမှာ ကင်းပုန်းဝင်ဝပ်တယ်။ လာတူးတာက စစ်တပ်ကပဲ။ သူတို့တူးပြီး အဲဒီကင်းပုန်းဝပ်လုံခြုံရေးယူတဲ့သူတို့လူတွေကလည်း မတွေ့တော့ဘူး”ဟု ကေအိုင်စီသို့ ပြောသည်။

တောင်ကြာအင်းတံတား စတင်ပိတ်ပစ်လိုက်သည့်အချိန်မှစတင်၍ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ၏ ခြေလျင်တပ်ရင်း-ခလရ (၉၇)တပ်မှ ညစဉ်လက်နက်ကြီး လှမ်းပစ်ခတ်လျက်ရှိရာ ယနေ့နံနက်တွင် အဆိုပါလမ်းမကို လာရောက်ဖျက်ဆီးပြီးသည့်အချိန်တွင်လည်း ကျေးရွာထဲသို့ လက်နက်ကြီးပ စ်ခတ်မှုများ လုပ်ဆောင်ခဲ့သေးသည်ဟု ဒေသခံများက ပြောသည်။

Photo: CJ

စစ်ကောင်စီတပ်က ယခုလို လမ်းမကြီး ပိတ်ဆို့ဖျက်ဆီးလိုက်သည့်အတွက် ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဒူးပလာယာခရိုင်( တပ်မဟာ ၆ နယ်မြေ)၏ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးမြို့နယ်နှင့် နို့တကောမြို့နယ်ထဲရှိ ဒေသခံများ စားဝတ်နေရေးထိခိုက်ရကာ ဒေသအတွင်းရှိ ကျေးရွာများတွင်လည်း အခြေခံစားသောက်ကုန်ပစ္စည်းများ နည်းပါးလာကြောင်း ဒေသခံများထံမှ သိရသည်။

“ အခု ရွာကဆိုင်တွေမှာ စားသောက်ကုန်ပစ္စည်းတွေ သိပ်မရှိတော့ဘူး။ တောင်ကြာအင်းတံတား စပြီး ပိတ်ကတည်းက ပိုဆိုးလာတာ။ အခုလမ်းမကြီးပါဖျက်လိုက်တော့ တော်တော်ခက်သွားတယ်။ ပြီးတော့ဒီ အချိန်မှာ ဒူးရင်းသီး၊ မင်းကွတ်သီးမှည့်တဲ့အချိန် ဒီလိုလမ်းအပန်း ဆက်သွယ်ရေးခက်ခဲလာတော့ လာဝယ်တဲ့လူနည်းလာရင် အသီးစျေးနှုန်းတွေကျလာမှာ စိုးရိမ်တယ်”ဟု ဥယျာဉ်ခြံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသူ အမျိုးသမီးတစ်ဦးလည်း ပြောသည်။

အလားတူ ယမန်နေ့ မေလ ၁၃ ရက်နေ့တွင်လည်း ကော့ကရိတ်မြို့တောင်ပိုင်းဘက်ခြမ်းရှိ မြို့တွင်း ဝင်လာသည့် ကမိုင်ကုန်းလမ်း၊ မြေနီလမ်းနှင့် ကျိုက်ဒုံလမ်းစသည့် လမ်းကြောင်းအားလုံးကို စစ်ကောင်စီ တပ်က ဘူဒိုဇာမြေတူးစက်ဖြင့် ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံများက ပြောသည်။